
ရုရှားနိုင်ငံတောင်ပိုင်း၊ ခရာစ်နိုဒါဒေသန္တရရဲတပ်ဖွဲ့ဟာ စက်သုံးဆီ မှောင်ခိုဂိုဏ်းတခုကို ဖြိုခွင်းနိုင်ခဲ့ပြီး ဓာတ်ဆီ လီတာ ၁,၀၀၀ ကို တရားမဝင် ပြန်လည်ရောင်းချဖို့ ကြံစည်နေတဲ့ သံသယရှိသူ မှောင်ခိုသမား ၂ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောပြချက်အရ သံသယရှိသူတွေဟာ အဲဒီစက်သုံးဆီတွေကို ရော့စတော့ဗ်အွန်ဒွန် မြို့မှာ ဝယ်ယူခဲ့ပြီး အိမ်နီးနားချင်း ခရာစ်နိုဒါ ဒေသမှာ ပြန်လည်ရောင်းချဖို့ ရည်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ ၂ ယောက် စလုံးဟာ တရားမဝင် စက်သုံးဆီရောင်းချမှုနဲ့ ထောင်ဒဏ် ၆ နှစ်အထိ ကျခံ ရနိုင်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေဟာ ရုရှားနိုင်ငံရဲ့ ရေနံချက် စက်ရုံတွေကို ထိမှန်ခဲ့တာကြောင့် မြို့တော်မော်စကို အပါအဝင် ရုရှားတနိုင်ငံလုံးမှာ စက်သုံးဆီတွေ အကြီးအကျယ် ပြတ်လပ်နေတာပါ။
တချို့ဆီဆိုင်တွေဟာ လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းထားပြီး တချို့ဆိုင်တွေကလည်း အကန့်အသတ်နဲ့ပဲ ရောင်းချပေးနေတာကြောင့် မော်တော်ယာဉ်မောင်းသူတွေဟာ သူတို့ကားတွေကို ဆီဖြည့်နိုင်ဖို့ မျှော်လင့်ချက်အနည်းငယ်နဲ့ နာရီပေါင်းများစွာ အချိန်ကုန်ခံ တန်းစီစောင့်ဆိုင်းနေကြ ရပါတယ်။
ဇူလိုင် ၃ ရက်က တယ်လီဂရမ် စာမျက်နှာပေါ်မှာ ခရာစ်နိုဒါ တာဝန်ရှိသူတွေ တင်ထားတဲ့ အထဲမှာ တော့ ဒရုန်းပျက်ကျမှုကြောင့် ပုဂ္ဂလိကနေအိမ် အများအပြားနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတခု ပျက်စီး ခဲ့ပေမဲ့ လူအသေအပျောက် ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ဆိုပါတယ်။
ကြာသပတေးနေ့က ရုရှားနိုင်ငံဟာ အရှေ့ဘက်နယ်စပ်အထိ ပျံ့နှံ့နေတဲ့ လောင်စာဆီ အကျပ်အတည်းကို သက်သာစေဖို့အတွက် တခြားအစီအမံတွေအပြင် ဒီနှစ်ကုန်အထိ ရေနံချက် စက်ရုံတွေကို ဆာလဖာဓာတ် ပိုများတဲ့ ဓာတ်ဆီနဲ့ ဒီဇယ်တွေကို ၆ လကြာ ထုတ်လုပ်ခွင့် ပြုလိုက်တယ်လို့ အစိုးရအမိန့်မှာ ဖော်ပြထားပါတယ်။
Source:Reuters










