DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂလိက လေကြောင်းလိုင်းသစ် ၂ ခု ပြေးဆွဲရန် ပြင်ဆင်
DVB
·
November 23, 2012
Donate to DVB

မြန်မာနိုင်ငံတွင်းမှာ  ပုဂလိကလေကြောင်းလိုင်းသစ် ၂ ခု တိုးချဲ့ပြေးဆွဲဖို့ ပြင်ဆင်ကြိုးပမ်း နေပေမယ့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ခွင့်ပြုချက် ကျမကျ အတည်ပြု ပြောဆိုခြင်း မရှိသေးပါဘူး။

ရွှေမြန်မာနဲ့ အက်ဖ်အမ်အိုင် လေကြောင်းလိုင်းသစ်၂ ခု ပြည်တွင်းလေကြောင်း ခရီးစဉ်တွေ ပြေးဆွဲဖို့ ခွင့်ပြုချက်ရထားကြပြီဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။

ဒီသတင်းနဲ့ ပတ်သက်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒု-ညွှန်ချုပ် ဦးဝင်းဆွေထွန်းက  “မချပေးသေးဘူး။ အရင်တုန်းက အက်ဖ်အမ်အိုင်အနေနဲ့က မြန်မာ့အဲဝေးကနေ လေယာဉ်ပျံငှားပြီး သီးခြား အက်ဖ်အမ်အိုင် charter ရယ်လို့ လုပ်တယ်။ ဟိုဘက်ကလည်း လေယာဉ်ပျံပေးဖို့ အခက်အခဲဖြစ်လာတဲ့အချိန်၊ သူတို့ကလည်း လေကြောင်းလိုင်း ထောင်ချင်တယ်ဆိုတာအရ၊ လေယာဉ်ပျံဝယ်မယ်၊ လေကြောင်းလိုင်းထောင်မယ်၊ Domestic Charter Services ကို လုပ်မယ်လို့ အဆိုပြုတာပေါ့။ သူတို့ဘက်က ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ ဘာတို့ဘက်ကို လေကြောင်းလိုင်းထောင်ဖို့ ကုမ္ပဏီတည်ထောင်ခွင့် အဆိုပြုလွှာတင်ရမယ်။ အဲဒါ တင်ဖို့အတွက် ပြုစုနေတယ် ကျနော်တို့ဆီ တက်မလာသေးဘူး။ ရွှေမြန်မာခွင့်ပြုလိုက်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့က သူက ဘာသာလဲဆိုတော့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို တင်တဲ့ အဆိုပြုလွှာ၊ ယာယီသက်တမ်းနဲ့ ကုမ္ပဏီထူထောင်ခွင့်ပြုထားတယ်။ ပြီးတော့ သူ့ရဲ့ business plan နဲ့ပတ်သက်လို့ အဆိုပြုလွှာနဲ့ ကျနော်တို့ဆီ သဘောထားမှတ်ချက်တောင်းထားတာ ရှိတယ်။ အခု ကျနော်တို့ဆီမှာ processing လုပ်နေတယ်။”

လေကြောင်းပို့ဆောင်ရေးဌာနအနေနဲ့ ပုဂ္ဂလိကလေကြောင်းလိုင်း တည်ထောင်လိုသူတွေအပေါ် သဘောထားမှတ်ချက်ပေးရာမှာ သတ်မှတ်ထားတဲ့အချက်တွေနဲ့  ရက်ပေါင်း ၉၀ ကျော် အချိန်ယူ စိစစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ဆီမှာ စည်းကမ်းချက်တွေ ရှိတယ်။ Air Operator Certificate ဆိုတာ အဲဒါ ထုတ်ပေးနိုင်ဖို့ဆိုရင် ဘယ်လိုဖွဲ့စည်းထားတယ်တို့၊ စာရွက်စာတမ်းအထောက်အထားတွေ၊ ကျင့်သုံးလိုက်နာမယ့်၊ ပြုစုထားတဲ့ document တွေ တင်ပြရတယ်။ အဲအခါ ကျနော်တို့က ဖွဲ့စည်းမှုကစပြီး လေယာဉ်ပျံဝယ်တာ။ နောက် လေယာဉ်ပျံကို မှတ်ပုံတင်မယ်၊ ငှားတာလား၊ ၀ယ်တာလား၊ နောက် လေယာဉ်ပျံဟာ ဘေးအန္တရာယ်ကင်းရှင်းမှုရှိသလား၊ လုပ်ထားတဲ့အဖွဲ့အစည်းအရ လူအင်အားကအစ လုံလောက်လား။ ဒါတွေလုပ်ပြီး နောက် အာမခံကိစ္စတွေ ဘာတွေရော ဒါတွေအကုန်လုပ်ပြီး ကျနော်တို့ ရက်ပေါင်း ၉၀ လောက် အချိန်ယူတယ်။”

လတ်တလော ပြည်တွင်းမှာ   ပုဂ္ဂလိကလေကြောင်းလိုင်း ၅ ခုကိုပဲ အစိုးရက ပြေးဆွဲခွင့်ပြုထားပြီး  လေကြောင်းလိုင်းတွေကတော့ အဲမန္တလေး၊ ရန်ကုန်အဲဝေးစ်၊ အဲပုဂံ၊ အဲကမ္ဘောဇ၊ အေးရှားဝင်းတို့ ဖြစ်ပါတယ်။

အမ်အေအိုင် မြန်မာ့လေကြောင်းနဲ့ အဲပုဂံတို့က ပြည်တွင်းပြည်ပခရီးစဉ်တွေကို လက်ရှိပြေးဆွဲနေပြီး ကျန်တဲ့ ပုဂ္ဂလိက လေကြောင်းလိုင်း အများစုကတော့ ပြည်တွင်းခရီးစဉ်တွေကိုပဲ ပြေးဆွဲနေကြတာ ဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးသက်လွင်တိုးကတော့ ပြည်တွင်းလေကြောင်းလိုင်းတွေအနေနဲ့ ခရီးသည်တွေအတွက်  ကြိုတင်ပြင်ဆင် လုပ်ဆောင်စရာတွေ ရှိနေသေးတယ်လို့ သုံးသပ် ပြောကြားပါတယ်။

“လေကြောင်းလိုင်းတခု အကြောင်းကြောင်းကြောင့် delay ဖြစ်တယ်ဆို ခရီးသည်တွေကို ဘယ်လို customer service ပေးရမယ်။ ဘယ်လို ဖြေရှင်းရမယ်၊ ဘယ်လိုအစားထိုးပေးရမယ် ဒါမျိုးတွေ အတိအကျမလုပ်နိုင်ကြဘူး။ မလုပ်နိုင်တော့ ဧည့်သည်တွေက အရမ်း block ဖြစ်ပြီးတော့ ပြဿနာတွေတက်ကြတာပေါ့။ လေကြောင်းလိုင်းတွေ တိုးချဲ့တာနဲ့အညီ လိုအပ်တဲ့ ground staff တွေ ၊လေ့ကျင့်သင်ကြားပေးတာတွေ၊ အရန်ထားတာတွေ၊ လိုအပ်ရင် နိုင်ငံခြားက ခေါ်ယူခန့်တာတွေ စဉ်းစားသင့်တယ်။ ပို့ဆောင်ရေးအစီအစဉ်တွေ လုပ်တဲ့အခါမှာပေါ့။ နောက်တခုက လေကြေင်းလိုင်းတွေက အပြိုင်အဆိုင် သူများတွေက ဈေးအပြိုင်ချရောင်းတယ်၊ သူတို့က ဈေးအပြိုင်မြှင့်ရောင်းတာပေါ့။

ဘယ်လို မြှင့်ရောင်းလဲဆိုတာ အကြောင်းအမျိုးမျိုးပြပြီး ဈေးတွေပြောင်းလဲ ပြောကြတယ်။ နောက် charter တွေပေါ့၊ မလောက်မှန်းသိတော့ မြန်မာ့လေကြောင်းပိုင် လေယာဉ်တွေကို အင်အားကြီးကုမ္ပဏီတချို့က charter ဆွဲ ပြေးကြတယ်။ အဲလိုပြေးတော့ လေကြောင်းလိုင်းတွေက cancel တွေဖြစ်တယ်၊ charter ဆိုတာ လူပြည့်မှဆွဲတာလေ။ ဒီ sector လူမပြည့်လို့ တခြား sector ပြောင်းဆွဲရပါတယ်ဆိုတာမျိုး ၁၀ မိနစ်မှ ပေးတဲ့အခါ ကျနော်တို့က ဧည့်သည်တွေနဲ့ ပြဿနာတက်ရတာပေါ့။ အကြောင်းပြချက်လည်း ပြောမရဘူး၊ အဲအတွက်လည်း နစ်နာကြေးတွေပေးတာ မရှိတော့ လက်တန်း စီမံခန့်ခွဲတာတွေလုပ်နေတာ တချို့တွေ့နေရတယ်။ ဒါတွေက လက်ရှိအခြေအနေပါ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013