
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အနီး နဘားလမ်းဆုံကို ရောက်နေတဲ့ စစ်အာဏာရှင်တပ်ဟာ အင်းတော်မြို့ကို ဒီနေ့ ဧပြီ ၃၀ ရက်မှာ ဆက်ပြီး စစ်ကြောင်းထိုးလာတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
နဘားရောက်နေတဲ့ စစ်ကြောင်းတချို့တဝက်ဟာ အင်းတော်မြို့ကို ဒီနေ့ မနက် ၁၁ နာရီကျော်မှာ စစ် ကြောင်းထိုးလာသလို အင်းတော်မြို့အနီးက ကျန်တောရွာနဲ့ ကမ်းနီရွာ တောတန်းတွေဘက်ကိုလည်း ထောက်ပို့ ဗုံးကြဲလေယာဉ် Y 12 နဲ့ ဗုံးတွေ ကြဲချနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်တပ်ဟာ အင်းတော်မြို့ နဲ့ ၆ မိုင်အကွာက နဘားလမ်းဆုံနဲ့ နဘားရွာကို ဧပြီ ၂၉ ရက် ညနေပိုင်းမှာ ထိန်းချုပ်သွားပြီ ဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းဟာ ထီးချိုင့်မြို့ကနေ ကသာမြို့ကို ရောက်လာပြီး အဲဒီကတဆင့် နဘားကို စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ကြပြီးနောက် တော်လှန်ရေးတပ်တွေ နဘားလမ်းဆုံကနေ တပ်ဆုတ်ပေးလိုက်ရတာ ဖြစ်ပါတယ်။
ထီးချိုင့်ကလာတဲ့ စစ်တပ်ဟာ ဧပြီ ၁၆ ရက်နေ့မှာ ကသာမြို့ ခမရ ၃၀၉ တပ်ထဲကို ဝင်သွားပြီးနောက် အင်အားထပ်ဖြည့်ပြီး ဧပြီလ ၂၁ ရက်ကစလို့ အင်းတော်-ကသာလမ်းအတိုင်း စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။
ဒေသခံတယောက်က “အင်းတော်နဲ့က ၆ မိုင်လောက်ပဲ ဝေးတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်။ ရွာမီးရှို့ခံရတာတွေ အရပ်သားတွေ ဖမ်းဆီးခံရတာတော့ မရှိသေးဘူး။ သူတို့က စည်းရုံးရေးလုပ်ပြီး တက်လာတာ။ ထီးချိုင့်ကနေ တက်လာတဲ့ လမ်းတလျှောက် ရွာတွေကို မီးရှို့တာတွေ မလုပ်ဘူး။ ဒေသခံတွေကိုတောင်မှ ချိုသာပြနေတာ။ မင်းတို့ မကြောက်နဲ့၊ ငါတို့ ဘာမှမလုပ်ဘူးဆိုပြီး ပြောတာတောင်ရှိတယ်"လို့ ပြောပါတယ်။
စစ်တပ်ရဲ့ စစ်ကြောင်းကြောင် ကမ်းနီ၊ နားရခေါင်၊ နဘား၊ ကျန်တော၊ ကူးဆိပ်၊ နားနောင်၊ မော်လူးရွာ တွေက ဒေသခံအများစု တိမ်းရှောင်ကြသလို မရှောင်သူတွေလည်းရှိတယ်လို့ သိရပါတယ်။
အင်းတော်မြို့ကို တော်လှန်ရေးတပ်တွေဟာ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၆ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဧပြီ ၇ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။










