DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်းတောင် စီမံကိန်း လုံးဝဖျက်သိမ်းရေး တောင်းဆို၊ သမ္မတရုံးဝန်ကြီး သွားရောက်မေးမြန်း
DVB
·
November 23, 2012
လက်ပန်းတောင်းတောင် စီမံကိန်း လုံးဝဖျက်သိမ်းရေး တောင်းဆို၊ သမ္မတရုံးဝန်ကြီး သွားရောက်မေးမြန်း
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်တွင်းက လက်ပန်းတောင်းတောာင် ကြေးနီစီမံကိန်းကို လုံးဝဖျက်သိမ်းပစ်လိုက်ဖို့ ဆန္ဒပြသမားတွေက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ အဆင့်တိုးပြီး တောင်းဆိုလိုက်ပါတယ်။

စီမံကိန်းဝန်းကျင်က ရွာသားတွေ၊ ကျောင်းသားတွေ၊ သံဃာတော်တွေ ပူးပေါင်းပါဝင်တဲ့ ဆန္ဒပြသမားတွေဟာ သပိတ်စခန်းလေးခု လှစ်ထားပြီး ဒီနေ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး အထွေထွေသပိတ်ကော်မတီအစည်းအဝေးမှာ တညီတညွတ်တည်း ဒီတောင်းဆိုချက်ကို ဆုံးဖြတ်ခဲ့တာလို့ ပြောခွင့်ရသူ ဗကသ (မုံရွာ) ကျောင်းသား ကိုရဲရင့်ကျော်က ပြောပါတယ်။

[caption id="attachment_33464" align="alignright" width="300" caption="နိုဝင်ဘာလ ၁၉ ရက်နေ့က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်တန့်ရေးအတွက် သပိတ်စခန်းဖွင့်လှစ်ဆန္ဒပြခဲ့စဉ် (ဓာတ်ပုံ- ပွင့်လင်းမုံရွာ)"][/caption]

ကိုရဲရင့်ကျော်က “ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးကို ကျနော်တို့ တောင်းဆိုပါတယ်။ နိုင်ငံတော်အဆင့်ကို တောင်းဆိုပါတယ်။ အဲဒီဖျက်သိမ်းရေးကို လာပြီးညှိနှိုင်းမယ့် ပုဂ္ဂိုလ်ကလည်း ပြည်ထောင်စုအဆင့်နဲ့ ဒီကိစ္စကို လုံးဝဆုံးဖြတ်ပေးနိုင်သူပဲ လာပြီးတော့ ညှိနှိုင်းမှုကို လက်ခံပါတယ်။ သပိတ်မှောက်တဲ့သူတွေအနေနဲ့ ၃၀ ရက်နေ့ကို နောက်ဆုံးထားပြီးတော့ ကျနော်တို့ကို အကြောင်းပြန်ပေးဖို့ စာတင်ပါတယ်။ ၃၀ ရက်နေ့မှ အကြောင်းမပြန်ဘူးဆိုရင် နိုင်ငံတော်အစိုးရရဲ့ တာဝန်သာဖြစ်သည်ဆိုပြီး စာတင်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီစီမံကိန်းကိစ္စကို တိုင်းဒေသကြီးအဆင့်နဲ့ မဆုံးဖြတ်နိုင်လို့ သမ္မတကို ဖြေရှင်းပေးဖို့ တောင်းဆိုမှာ ပါလို့ ပြောပါတယ်။

သပိတ်ကော်မတီဝင်တဦးဖြစ်တဲ့ ဒေါ်နုက ဒီစီမံကိန်းကိစ္စကို တိုင်းဒေသကြီးအဆင့်နဲ့ မဆုံးဖြတ်နိုင်လို့ သမ္မတကို ဖြေရှင်းပေးဖို့ တောင်းဆိုမှာပါလို့ ပြောပါတယ်။

“ဘာကြောင့် ဒီလိုဆုံးဖြတ်တာတုန်းဆိုတော့ ဒီတိုင်းဒေသကြီး ၀န်ကြီးချုပ်ကလည်း ဒီကိစ္စကို သူ စီမံခန့်ခွဲလို့ မဖြစ်ဘူး။ ဒီဘက်က တရုတ်ကုမ္ပဏီမှာရှိနေတဲ့ သူတွေကလည်း သူတို့ စီမံခန့်ခွဲပိုင်ခွင့် မရှိဘူးဆိုပြီးဆိုတော့ ဒီလက်ပန်းတောင်းမပျက်စီးဖို့၊ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်ကို မပျက်စီးဖို့ မရရတဲ့နည်းနဲ့ နည်းလမ်းကိုရှာတော့ ဒီနည်းကို သုံးတာပါ” လို့ ပြောပါတယ်။

သပိတ်စခန်းတခုမှာ ရောက်ရှိဆန္ဒထုတ်ဖော်နေတဲ့ ပခုက္ကူမြို့က ဦးပဉ္စင်းတပါးက လယ်တီဆရာတော်ဘုရားရဲ့ သိမ်ပါတဲ့အတွက် ဘာသာရေးအရ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒထုတ်ဖော်တာပါလို့ မိန့်ပါတယ်။

“ဦးဇင်းတိုက ဒီအရေးက ဘာသာရေးအတွက်ကို ဦးတည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့က မြတ်စွာဘုရားရဲ့သားတော်တွေ၊ ဘာသာရေးတခုတည်းအတွက် ဦးတည်တယ်ဆိုပေမယ့် ဒီအရေးဟာ အထွေထွေအရေးဖြစ်နေတဲ့အတွက် ဦးဇင်းတို့က အောင်မြင်ဖို့အတွက် ဆုံးခန်းတိုင်အောင် စည်းဘောင်အတွင်းထဲကနေပြီးတော့ တရားဓမ္မ နည်းလမ်းကျကျနဲ့ တိုက်ပွဲဝင်သွားမယ်လို့ ဦးဇင်းတို့ ဆုံးဖြတ်ထားတာ” လို့ မိန့်ကြားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဟာ နိုင်ငံတော်စီမံကိန်းဖြစ်ပြီး တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ အစုရှယ်ယာထည့်ဝင် လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒီကြေးနီစီမံကိန်းတွေကြောင့် မြေဧက ၈၀၀၀ နီးပါး သိမ်းဆည်းခံရပါတယ်။

ကနဦးပိုင်း ထုတ်လုပ်မှုတွေအရ တောင်တလုံး ပျောက်ကွယ်ခဲ့သလို ထပ်မံပျောက်မယ့်အခြေအနေ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ ရှေးဟောင်း လယ်တီဆရာတော်ဘုရားရဲ့ ကျောင်းဆောင် စီမံကိန်းနယ်မှာ ပါတာတွေအပြင် ဒေသခံတွေရဲ့ အလုပ်အကိုင်၊ နေရေး စတာတွေကို ထောက်ပြပြီး လွန်ခဲ့တဲ့ လအတန်ကြာကတည်းက စီမံကိန်းကို ရပ်တန့်ဖို့ ဆန္ဒပြပွဲတွေ လုပ်နေတာပါ။

ကုမ္ပဏီတွေဘက်ကတော့ ရပ်နားမှာ မဟုတ်ဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။ ဒီနောက် သိပတ်စခန်းတွေဖွင့်လှစ် ဆန္ဒပြနေရာမှာ သံဃာအပါး ၃၀၀ ခန့်နဲ့ လူ ၁၀၀၀ ၀န်းကျင်လောက် သပိတ်စခန်းလေးခုမှာ ခွဲပြီး ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဆက်လက်ပြီး ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာလည်း လက်ပန်းတောင်းတောင် စီမံကိန်းကို စုံစမ်းရေးကော်မရှင်ဖွဲ့စည်းပြီး ပြန်လည်သုံးသပ်ဖို့ အရေးကြီးအဆိုတင်တဲ့အပေါ် ကန့်ကွက်သူမရှိ အတည်ပြုလိုက်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

“အဲဒီမှာ လုပ်ကိုင်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိမရှိ။ ပြည်သူလူထုအန္တရာယ် ရှိမရှိ လွတ်လပ်တဲ့ အဖွဲ့ဖွဲ့ပြီးတဲ့အခါကျတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ပြီး လေ့လာသုံးသပ်ပြီးတဲ့အခါကျတော့ ဘယ်လိုအကာကွယ်တွေ ဆက်လုပ်နိုင်မလဲ စသဖြင့်ပေါ့လေ” လို့ ပြောပါတယ်။

ဒီအရေးကြီးအဆိုတင်မှုအပေါ် ကာကွယ်ရေးဝန်ကြီးက လက်ပန်တောင်းတောင် စီမံကိန်းကို လူ့အခွင့်အရေးကော်မရှင် လာသွားပြီးတဲ့အကြောင်း၊ အမျိုးသားလွှတ်တော်က သတ္တုနဲ့ သက်ဆိုင်တဲ့ ကော်မတီတရပ်လည်း လာရောက်စစ်ဆေးအကြံပေးပြီးကြောင်း၊ စီမံကိန်းဝန်းကျင်က ကျေးရွာလူထု ဖွံဖြိုးရေးလုပ်ငန်းတွေ လုပ်ထားကြောင်း။ ဒီစီမံကိန်းကို လုပ်နေတဲ့ တရုတ်ကုမ္ပဏီကလည်း နိုင်ငံတကာစံချိန်စံညွှန်းသုံးခုလောက်ထိ ရထားတာတွေကို ရှင်းပြပါတယ်။

ဒါပေမယ့် ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေတာကို ထောက်ပြပြီး အများပြည်သူဆန္ဒအရ ဒီကော်မရှင်ကို ဖွဲ့စည်းဖို့ လွှတ်တော်ဥက္ကဋ္ဌက ၀င်ပြောပြီး အများသဘောတူ အတည်ပြုခဲ့တာလို့ ဆိုပါတယ်။

ညနေ ၅ နာရီမထိုးခင်မှာတော့ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဟာ သပိတ်စခန်းဖွင့်လှစ်ထားရှိရာ လက်ပန်းတောင်းတောင် သပိတ်စခန်းကိုရောက်ရှိလာပြီး သပိတ်စခန်းက တာဝန်ရှိသူတွေကို တွေ့ဆုံပြီး လိုလားချက်တွေ မေးမြန်းနေတယ်လို့ အဲဒီနေရာမှာ ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမျိုးသန့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013