DVB Logo
Home
မြန်မာသတင်း
လယ်သမားများအပေါ် အမြတ်မထုတ်ကြရန် အတိုင်ပင်ခံပုဂ္ဂိုလ်သတိပေး
DVB
·
June 29, 2019
လယ်သမားများအပေါ် အမြတ်မထုတ်ကြရန် အတိုင်ပင်ခံပုဂ္ဂိုလ်သတိပေး
Donate to DVB

စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအနေနဲ့ လယ်သမားတွေကို ထိခိုက်စေမယ့် အမြတ်ထုတ်တာမျိုး မလုပ်ဖို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၈ ရက်နေ့ ဓနုဖြူမြို့နယ်မှာ ပြုလုပ်တဲ့ တောင်သူလယ်သမားတွေနဲ့တွေ့ဆုံပွဲမှာ သတိပေးလိုက်ပါတယ်။

တွေ့ဆုံပွဲမှာ လယ်သမားကိုယ်စားလှယ်တဦးက ရာသီဥတု ပိုးမွှားနဲ့ သဘာဝဘေးကြောင့် သီးနှံတွေ ပျက်စီးချိန်တွေမှာ စပါးဈေးကျဆင်းတာတွေနဲ့ ပတ်သက်တဲ့ တင်ပြမှုအပေါ် ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့တာပါ။

ကိုယ့်အချင်းချင်းထိခိုက်မယ့် ပုံစံမျိုးနဲ့ အမြတ်မထုတ်ကြဖို့နဲ့ အားလုံးအတွက် အကျိုးရှိမယ့် အမြတ်ထုတ်မှုတွေကိုသာ လုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

“လုပ်ငန်းရှင်ကြီးတွေအနေနဲ့ ဒီလိုကိစ္စမျိုးတွေကို လိုက်ပြီးတော့အမြတ်ထုတ်ဖို့ မစဉ်းစားပါနဲ့။ ကျမတို့က အခြားလူအခြား ကိုယ့်အချင်းချင်း ထိခိုက်မယ့်ပုံစံနဲ့အမြတ်မထုတ်ပါနဲ့၊ အားလုံးအတွက် အကျိုးရှိစေမယ့် အမြတ်ထုတ်တဲ့ပုံစံနဲ့ပဲ ကြိုးစားကြပါလို့ ကျမအနေနဲ့တိုက်တွန်းချင်ပါတယ်။ အဲ့လိုလုပ်လို့ရပါတယ်၊ အားလုံးအတွက်အကျိုးရှိစေဖို့အတွက် အမြတ်ထုတ်လို့ရပါတယ်၊ ငါရဖို့အတွက် သူရှုံးမှဖြစ်မယ်ဆိုတဲ့ အဲ့ဒီစိတ်ဓာတ်မျိုးနဲ့ မလုပ်စေချင်ပါဘူး။ ဒါလည်း ကျမတို့ စီးပွားရေးလုပ်ငန်းရှင်ကြီးများ သဘောပေါက်မယ်လို့ထင်ပါတယ်။ ကျမတို့နိုင်ငံဖွံ့ဖြိုးတိုးတက်မှ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ သူဌေးဖြစ်မှာဖြစ်ပါတယ်။ အဲ့ဒီတော့ ကိုယ်သူဌေးဖြစ်ချင်လို့ရှိရင် တနိုင်ငံလုံးတိုးတက်အောင်လို့ ဖွံ့ဖြိုးအောင်လို့ ကိုယ့်ဘက်ကနေပြီးတော့ တတ်နိုင်သမျှကူညီဖို့လိုတယ်။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်မပိုင်ဆိုင်တဲ့ သိမ်းဆည်းမြေတွေကို ဖက်တွယ်မနေကြဘဲ မြန်မြန်ဆန်ဆန် ပြန်ပေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

“တချို့ပြန်ပေးရမယ့် ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက ပြန်ပေးတဲ့ နေရာမှာ နှောင့်နှေးနေတယ်ဆိုတာ ကြားရပါတယ်။ နှောင့်နှေးနေတဲ့ ပုဂ္ဂိုလ်များ မနှောင့်နှေးဖို့ တိုက်တွန်းပါရစေ။ ကိုယ်မပိုင်ဆိုင်တဲ့ကိစ္စကို ဘာဖြစ်လို့ ကပ်ပြီး ဖက်တွယ် နေကြရမှာလဲ၊ မြန်မြန်ဆန်ဆန် ပြန်ပေးလိုက်တော့ အားလုံးအတွက်လည်း ကောင်းပါ တယ်။ ကျွန်မတို့နိုင်ငံအတွက်လည်း ကောင်းပါတယ်။ ကျွန်မတို့နိုင်ငံဟာ အခု ထက်ထိ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်တာကြောင့် လယ်ယာမြေကိစ္စဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်မပိုင်ဆိုင်တာ ကိုယ်ပြန်ပေးရမယ့် မြေတွေကို မြန်မြန် ဆန်ဆန် ပြန်ပေးခြင်းဟာ ကိုယ့်အတွက်လည်း သိက္ခာရှိတယ်၊ ကိုယ့်ရဲ့နိုင်ငံ အတွက်လည်း အကျိုးရှိတယ်ဆိုတာကို နှလုံးသွင်းပြီးတော့ မြန်မြန်ဆန်ဆန်ဖြစ်အောင် သက်ဆိုင်သူများက ပူးပေါင်းဆောင်ရွက်ပေးစေချင်ပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုနဲ့ ဓနုဖြူမြို့နယ်  တောင်သူလယ်သမားတွေ တွေ့ဆုံပွဲမှာ ဆန်စပါးလုပ်ငန်းရှင်တွေ၊ တောင်သူလယ်သမားတွေ ထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။

သော်ဇင်မျိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013