DVB Logo
Home
မြန်မာသတင်း
အများပိုင်ကုမ္ပဏီများ လုပ်ငန်းစုံ လုပ်ခွင့်ရ
DVB
·
November 23, 2012
Donate to DVB

အာဆီယံနိုင်ငံများနည်းတူ မြန်မာနိုင်ငံက အများပိုင်ကုမ္ပဏီတွေကို  အစိုးရက လုပ်ငန်းစုံ ဆောင်ရွက် ခွင့် ပြုလိုက်ပါတယ်။

အများပိုင်ကုမ္ပဏီတွေအနေနဲ့ လုပ်ကိုင်ဆောင်ရွက်လိုတဲ့ လုပ်ငန်းအားလုံးကို အရင် ကလို လုပ်ငန်းအမျိုးအစား  ကန့်သတ်ချက်မထားတော့ဘဲ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

အရင်က အများပိုင်ကုမ္ပဏီတွေ မှတ်ပုံတင်ရာမှာ ရောင်းဝယ်ရေး၊ ၀န်ဆောင်မှု၊ စက်မှုလက်မှုထုတ်ကုန်၊ ဆောက်လုပ်ရေး၊ ကျောက်မျက်၊ ဟိုတယ်ခရီးသွား၊ ဘဏ်လုပ်ငန်းစသဖြင့် ခွင့်ပြုထားတဲ့ လုပ်ငန်း ၈ မျိုးမှာ ဘယ်လုပ်ငန်း လုပ်ကိုင်လိုတယ် ဆိုတာကို ခွဲခြားတင်ပြပြီးမှ လုပ်ကိုင်ခွင့်ရခဲ့ကြတာပါ။

အခုကတော့ လုပ်လိုတဲ့ လုပ်ငန်းအားလုံးကို လုပ်ကိုင်ခွင့်ပြုမှာ ဖြစ်တဲ့အကြောင်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နန်းရီက ပြောပါတယ်။

“ကုမ္ပဏီတခုဖွင့်တာနဲ့ အရောင်းအ၀ယ်လည်းလုပ်လို့ရတယ်၊ ၀န်ဆောင်မှု၊ အမျိုးစုံ ၈ မျိုးရှိတာလေ၊ အမျိုးအစား ၈ မျိုးလုံးလုပ်လို့ရသွားတာပေါ့။ အရင်က ရောင်းဝယ်ရေးဆို ရောင်းဝယ်ရေးတခုပဲ။ စက်မှုထုတ်လုပ်ရေးဆို စက်မှုထုတ်လုပ်ရေးပဲ လုပ်လို့ရတယ်။ အခုက လုင်ငန်း ၈ မျိုးလုံး သူဘာလုပ်ချင်လဲဆိုတာကို ကျမတို့ အသင်းဖွဲ့စည်းရေး အသင်းမှတ်တမ်းတင်ပြတဲ့အခါမှာ လုပ်ငန်းရည်ရွယ်ချက်ရေးရတယ်၊ အဲမှာ ဖော်ပြပေးရမယ်။ ဒါဖော်ပြလိုက်ပြီးရင် ဒီအတိုင်း အဆင့်ဆင့် အစည်းအဝေးတွေ တင်ပြပေးရတယ်လေ။ အဲလိုပါ။”

လုပ်ငန်းစုံလုပ်ကိုင်ခွင့်ကို ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်ကတည်းက ခွင့်ပြုပေးနေပြီ ဖြစ်ပါတယ်။

အများပိုင်ကုမ္ပဏီတခုဖြစ်တဲ့ မြန်မာနိုင်ငံ လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်းရဲ့ ဒါရိုက်တာ ဒေါက်တာစိုးထွန်းကတော့ အများပိုင် ကုမ္ပဏီတွေကို လုပ်ငန်းစုံ လုပ်ကိုင်ခွင့်ပေးလိုက်တဲ့အတွက် လုပ်ငန်းတခု မကောင်းရင် နောက်လုပ်ငန်းတခု ပြောင်းလုပ်နိုင်မှာ ဖြစ်တဲ့အတွက် ကြိုဆိုလိုက်ပါတယ်။

ဒါပေမယ့် အများပိုင်ကုမ္ပဏီတွေကို ပြည်သူတွေ စိတ်ဝင်စားမှု ရှိ မရှိ ဆိုတာကိုတော့ သူက ခုလို မေးခွန်းထုတ်လိုက်ပါတယ်။

“ကျနော်တို့ဆီက အများပိုင်ကုမ္ပဏီနဲ့ နိုင်ငံခြားက အများပိုင်ကုမ္ပဏီတွေက သဘောသဘာဝတော့ ကွဲနေတာ တွေ့တယ်။ နိုင်ငံခြားမှာ အများပိုင်အရင်ထောင်တာ မဟုတ်ဘူး။ ပုဂ္ဂလိကပိုင် အရင် ထောင်တာများတယ်။ ဥပမာအားဖြင့် Facebook ပိုင်ရှင်က သူ့ဘာသာထောင်တယ်။ Facebook အောင်မြင်တဲ့အချိန်ကျတော့ စတော့ခ်ရှယ်ယာတွေကို private ကနေ public ပြောင်းပြီး ရောင်းတာ။ အရင်ဆုံး ပုဂ္ဂလိကအောင်မြင်မှ အများပိုင်ဆိုင်တာ ထောင်တာ၊ အဲကျတော့ လူထုစိတ်ဝင်စားမှုများတာ။ ကျနော်တို့ဆီကျ အများပိုင်ကုမ္ပဏီ ထောင်ဆိုတော့ ထောင်လိုက်တယ်၊ ကျနော်တို့ ကိုယ်တိုင်ရောပေါ့။ ထောင်ပြီးမှ ရောင်းမယ်၊ အလုပ်လုပ်မယ်ဆိုတော့လည်း ပြောရရင် အများပိုင်အကုန်လုံးက တကယ်ရော လူတွေ စိတ်ဝင်စားပြီး ၀ယ်လား၊ မ၀ယ်လားဆိုတဲ့ ပြဿနာ ရှိလာမယ်ထင်တယ်။”

ပြည်တွင်းမှာ လက်ရှိ မှတ်ပုံတင်ထားတဲ့ အများပိုင်ကုမ္ပဏီပေါင်း ၄၂ ခု ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013