DVB Logo
Home
မြန်မာသတင်း
ခရောင်းလမ်းမှလင်းလက်ကြယ်(သို့) ထိုင်းရောက် အထောက်အထားမဲ့ ကရင်ကျောင်းသားလေး
DVB
·
June 28, 2019
ခရောင်းလမ်းမှလင်းလက်ကြယ်(သို့) ထိုင်းရောက် အထောက်အထားမဲ့ ကရင်ကျောင်းသားလေး
Donate to DVB

ထိုင်းနိုင်ငံမှ အထောက်အထားမဲ့ ကရင်ဆယ်ကျော်သက် ကျောင်းသားလေးသာ နွန်ဆက်ခ် ဟာ မနက် ၅ နာရီဆို ရင် အိပ်ယာက ထနေရပါပြီ။

အဲဒီနောက် သူဟာ ဘတ်စ်ကားမီဖို့အတွက် ကျဉ်းမြောင်းတဲ့ လျှိုမြောင်ချောင်းတခုကို ဖြတ်ရပြီး ၃၀ ကီလိုမီတာအကွာလောက် တောင်တက်တောင်ဆင်း ခရီးလမ်းကို ဘတ်စ်ကားနဲ့ ခရီးနှင်ရပေမယ့် ဘယ်တုန်းကမှ ကျောင်းနောက်မကျခဲ့ပါဘူး။

၁၆ နှစ်အရွယ် ကျောင်းသားလေး သာနွန်ဆက်မှာ မိသားစုနာမည် မရှိပါဘူး။

သူဟာ ညီမဖြစ်သူ၊ မိဘ ၂ ပါးနဲ့အတူ လျှပ်စစ်မီး၊ ရေပိုက်မရှိတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းသွားလာသူတွေ နေထိုင်ရာ တောတွင်းတောင်ကုန်းဒေသတခုရဲ့ အမိုးအကာဖွင့် တဲအိမ်ကလေးမှာ နေထိုင်နေတာပါ။

ဆွိုင်ယော့ခ်ခရိုင်ထဲက နွိုင်ဝီထရာကျောင်းမှာ စာသင်ကြားနေတဲ့ သာနွန်ဆက်ရဲ့ အိပ်မက်ကတော့ တနေ့မှာ စစ်သားတယောက်ဖြစ်လာဖို့လို့ ဆိုပါတယ်။

ဆိုးဝါးတဲ့ တွင်းတွေ၊ အပေါက်တွေနဲ့ လမ်းကြမ်းကြမ်းနဲ့ သာနွန်ဆက်ရဲ့ အိမ်ဆီ အပြန်လမ်းနဲ့ ခက်ခဲတဲ့ အခြေအနေတွေကြား ရုန်းကန်ရမှု ပုံရိပ်တွေကိုတော့ ကျောင်းက သူ့ရဲ့ ဆရာမတဦးဖြစ်တဲ့ နတ်သ်မွန်ချွန်ဂျန်က အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာပါ။

ကျောင်းက ဆရာ၊ ဆရာမတွေဟာ ကျောင်းသားလေးရဲ့ အိမ်ဆီ ခရီးကြမ်းနှင်၊ တောတောင်တွေဖြတ်ပြီး ရောက်သွားခဲ့ချိန်မှာတော့ ဘာစကားမှ မဆိုနိုင်အောင် အံ့ အားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

သာနွန်ဆက်ဟာ ခုလိုသူဖြတ်သန်းရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ဘယ်တုန်းကမှ ပြသခဲ့တာမျိုး၊ သူ့မျက်နှာပေါ်မှာလည်း စိတ်ပျက်အားငယ်တဲ့ အရိပ်အယောင်မျိုး မတွေ့ရဘဲ ကျောင်းကို နေ့စဉ် အချိန်မှန်ရောက်ပြီး ပြုံးပြုံးသာ နေလေ့ရှိတယ်လို့ ဆိုပါတယ်။

ဆရာမ နတ်သ်မွန်ချွန်ဂျန်က “သာနွန်ဆက်ဟာ ဘတ်စ်ကားမီဖို့ အိမ်ကအလာမှာ လျှိုမြောင်ချောင်းတခုကို ဖြတ်ရတယ်။ ပြီးတော့မှ ကျောင်းကိုရောက်ဖို့ ဘတ်စ်ကား ၂ နာရီနီးပါး စီးရတယ်။ အိမ်က အလာလမ်းကတော့ မြင်ကြတဲ့အတိုင်းပဲ အပေါက်တွေ ကျင်းတွေနဲ့ တောင်တက်လမ်းတွေလိုပဲ” လို့ ပြောပြပါတယ်။

သာနွန်ဆက်ရဲ့အကြောင်း ဓာတ်ပုံတွေနဲ့အတူ အွန်လိုင်းပေါ်ကို တင်လိုက်တာက တခြားကျောင်းသားတွေကို သူ့လိုပဲ ကြိုးစားချင်စိတ်ဖြစ်လာစေဖို့ ဖြစ်ပြီး ဒီအပေါ် တခြားရည်ရွယ်ချက်မရှိဘူးလို့လည်း ဆိုပါတယ်။

ကျောင်းနဲ့ ဒေသတွင်း လူမှုအဖွဲ့အစည်းတွေအနေနဲ့ သာနွန်ဆက်ဖြတ်သန်းလာရတဲ့ လျှိုမြောင်ချောင်းကလေးကို ဖြတ်ဖို့ တံတားတစင်း ထိုးပေးလိုနေကြပြီး ဒါဟာ သူ့အတွက်ရော အဲဒီဒေသ၀န်းကျင်မှာ နေထိုင်သူတွေအတွက်ပါ ပိုလွယ်ကူလာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ကျောင်းအနေနဲ့ ရန်ပုံငွေရရှိရေးအတွက် လာမယ့် စနေနေ့မှာ ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဘန်ကောက်ပို့စ်သတင်းနဲ့ တွေ့ဆုံချိန်မှာတော့ သာနွန်ဆက်က သူဟာ မိသားစုနဲ့ နေထိုင်ပြီး နေ့စဉ် မနက် ၅ နာရီဆို အိပ်ရာက ထရပြီး ခက်ခက်ခဲခဲနဲ့ ၁ ကီလိုလောက် ခရီးကြမ်းကို ဖြတ်ပြီးမှ သူ့အဒေါ်ရဲ့ အိမ်ကို ရောက်ကြောင်း၊ အဲဒီကနေတဆင့် ကျောင်းကားကို စောင့်ရကြောင်း ပြောခဲ့ပါတယ်။

လျှပ်စစ်မီးမရှိ၊ ရေပိုက်ခေါင်းမရှိတဲ့ သူ့ရဲ့ အိမ်ကလေးမှာ စာဖတ်ဖို့ကိုတော့ သူက ဖယောင်းတိုင်မီးကို အသုံးပြုခဲ့ရတာပါ။

ခက်ခဲကြမ်းတမ်းတဲ့ သူ့ရဲ့ဘ၀ကို နားလည်တဲ့ သာနွန်ဆက်က ဘယ်အရာကမှ သူ့ကို မရိုက်ခတ်နိုင်ဘဲ သူ့ရဲ့ အိပ်မက်က စစ်သားတယောက်ဖြစ်လာဖို့ပဲလို့ ပြောပါတယ်။

သူ့ထက် ပြည့်စုံတဲ့ သူငယ်ချင်းတွေကိုလည်း အတန်းလစ်ပြီး အဓိပ္ပာယ်မရှိတာတွေ မလုပ်ဖို့လည်း ပြောလေ့ရှိပါတယ်။

လူငယ်တယောက်ရဲ့ မယိုင်လဲတဲ့စိတ်နဲ့ ဒီအခြေအနေဟာ အများပြည်သူကို စိတ်ထိခိုက်စေခဲ့ပြီး ကျောင်းသားလေး သာနွန်ဆက်နဲ့ မိသားစုကို ထောက်ပံ့ကူညီလှူ ဒါန်းချင်သူတွေလည်း ရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာတော့ သာနွန်ဆက်ကို ဆရာ၊ ဆရာမတွေက ဆွိုင် ယော့ခ်ကို ခေါ်သွားခဲ့ကြပြီး ခရွမ်ထိုင်းဘဏ်မှာ ငွေစာရင်းအကောင့်တခု ဖွင့်ပေးခဲ့ကြပါတယ်။

သူ့ရဲ့ ဆရာမ နတ်သ်မွန်ချွန်ဂျန်ကတော့ သာနွန်ဆက်နဲ့ မိသားစုအပေါ် ကရုဏာ ထားရှိသူတွေကို ကျေးဇူးတင်နေပြီး သူတို့မောင်နှမ ၂ ယောက်ကို ခရိုင်ရုံးဆီခေါ်ဆောင်သွားပြီး ထိုင်းနိုင်ငံသားလျှောက်ဖို့အတွက် သက်ဆိုင်ရာရဲ့ အကြံဉာဏ်တွေ ရယူသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013