DVB Logo
Home
Lead Story
၂၀၂၆ စာပေနိုဘယ်လ်ဆု ကနေဒါစာရေးဆရာမ အန်းကာဆန် ရရှိ
DVB
·
October 9, 2026
Photo: Reuters
Photo: Reuters
Donate to DVB

၂၀၂၆ ခုနှစ်အတွက် စာပေနိုဘယ်လ်ဆုကို ကနေဒါ ကဗျာဆရာမ၊ စာရေးဆရာမ အန်းကာဆန်ကို ရွေးချယ်ချီးမြှင့်လိုက်တယ်လို့ ဆုပေးအပ်တဲ့ ဆွီဒင်အကယ်ဒမီ နိုဘယ်လ်ဆုကော်မတီက အောက်တိုဘာ ၈ ရက်မှာ ကြေညာပါတယ်။

ရှေးဟောင်းဂန္ထဝင်စာပေ အစဉ်အလာနဲ့ မြူးကြွပေါ့ပါးစွာ ပေါင်းစပ်ထားတဲ့ ခေတ်ပြိုင်စာပေ ပုံစံသစ်တွေကို ဖန်တီးပေးခဲ့တဲ့ သူ့ရဲ့ ရဲရင့်ဆန်းသစ်တဲ့ စာပေလက်ရာတွေအတွက် ဆုပေးအပ်တာလို့ နိုဘယ်လ်ဆုကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆရာမ အန်းကာဆန်ကို ၁၉၅၀ ပြည့်နှစ်မှာ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ မွေးဖွားခဲ့ပြီး ၁၉၈၁ ခုနှစ်မှာ ‘Odi et Amo Ergo Sum’ လို့ အမည်ရတဲ့  ရှေးဟောင်းဂန္ထဝင်ဘာသာရပ်ဆိုင်ရာ ပါရဂူဘွဲ့ကျမ်းကို ထုတ်ဝေခဲ့ကာ သူ့ရဲ့ စာပေသက်တမ်းတလျှောက် ကဗျာရေးသားတာ၊ ဘာသာပြန်တာနဲ့ တက္ကသိုလ်တွေမှာ သင်ကြားပြသတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

သူ့ရဲ့ စာပေဖန်တီးမှုတွေဟာ ဝေါဟာရဗေဒပညာရှင်ရဲ့ စကားလုံးတွေအပေါ် ရူးသွပ်စွဲလမ်းမှုနဲ့ ကဗျာဆရာတို့ရဲ့ အဓိပ္ပာယ်သစ်ကို တောင့်တမှုတို့ ဆုံစည်းရာ ဗဟိုချက်အပေါ် အခြေပြုထားပါတယ်။

ရှေးဟောင်းဂရိဘာသာမှ သူ့ရဲ့ ဘာသာပြန်ဆိုချက်တွေကို ကိုယ်ပိုင်သီးသန့် စာပေလက်ရာတွေ အဖြစ် ရှုမြင်နိုင်ပါတယ်။

သူ့ရဲ့ စာပေလက်ရာတွေထဲမှာ ဆက်ဖိုး (Sappho) ရဲ့ ကဗျာအစအနတွေကို ပြန်ဆိုထားတဲ့ ‘If Not, Winter’ (၂၀၀၂) နဲ့ အတူ ဆော့ဖိုကလီးစ်ရဲ့ ‘Electra’ (၂၀၀၁)၊ ‘Antigone’ (၂၀၁၅) နဲ့ ယူရီးပီးဒီးစ်ရဲ့  ‘Bakkhai’ (၂၀၁၅) စတာတွေ ပါဝင်ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း ကာဆန်ဟာ ထင်ရှားတဲ့ စာပေလက်ရာစီးရီးတခုကို ထုတ်ဝေခဲ့တာမှာ ‘Glass, Irony, and God’ (၁၉၉၅) စာအုပ်ပါ ‘The Glass Essay’ ကဗျာလည်း ပါဝင်ပြီး ဒီကဗျာလက်ရာဟာ စာပေအမျိုးအစား နယ်နိမိတ်တွေ ဝေဝါးပျောက်ကွယ်သွားတဲ့ ကဗျာရှည်တွေရဲ့  စွမ်းရည်ထက်မြက်မှုကို သက်သေပြနေတယ်လို့ ဆိုပါတယ်။

ကာဆန်ရဲ့ အကြီးကျယ်ဆုံးသော လက်ရာအဖြစ် မကြာခဏ တင်စားခံရတဲ့ ‘Autobiography of Red: A Novel in Verse’ (၁၉၉၈) အမည်ရ စာအုပ်ဟာ ရှေးဟောင်းဂန္ထဝင်စာပေ အစဉ်အလာကို ခေတ်နဲ့အညီ သက်ဝင်ရှင်သန်အောင် ပြုလုပ်နိုင်တဲ့ သူ့ရဲ့ ထူးချွန်ထက်မြက်တဲ့ စွမ်းရည်ကို သက်သေပြနေတယ်လို့ နိုဘယ်လ်ကော်မတီ ဥက္ကဋ္ဌ အန်းဒါးစ် အိုလ်ဆန်က ချီးကျူးထားပါတယ်။

၂၀၀၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ‘The Beauty of the Husband: A Fictional Essay in 29 Tangos’ စာအုပ်ကတော့ သစ္စာမရှိတဲ့ ခင်ပွန်းဖြစ်သူနဲ့ စေတနာပျက်ပြယ်ဖွယ်ရာ နာကျင်ဖွယ် စကားတွေ ရန်ဖြစ်ပွဲအကြောင်းကို ရေးဖွဲ့ထားပါတယ်။

အန်းကာဆန်ဟာ အိုက်စလန်နိုင်ငံ ရေးခ်ျယာဗစ်ရှိ သူ့ရဲ့နေအိမ် မီးဖိုချောင်ကို တံမြက်စည်းလှဲနေစဉ် ဖုန်းဝင်လာပြီး  နိုဘယ်လ်စာပေဆု ရရှိခဲ့ကြောင်း သိရှိခဲ့ရတဲ့အခါ နည်းနည်းတော့ ရူးချင်သလို ဖြစ်သွားတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

သတင်းထုတ်ပြန်ပြီး ပြုလုပ်ခဲ့တဲ့ နိုဘယ်လ်ဆု အဖွဲ့အစည်းနဲ့ စကားဝိုင်းမှာ ကာဆန်ဟာ စာရေးဆရာ ဖြစ်ချင်သူတွေအတွက် သူ့ရဲ့ အကြံပြုချက်တွေ မျှဝေခဲ့ပြီး ဆုကြေးငွေတွေကို စွန့်လှူဒါန်းဖို့  စတင်စီမံနေပြီလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက ဆရာမအန်း စာပေနိုဘယ်လ်ဆု ရရှိတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ ပြောပါတယ်။

“ဉာဏ်ပညာ၊ စိတ်ကူးစိတ်သန်းနဲ့ လုံးဝသီးသန့်ဆန်တဲ့ ကိုယ်ပိုင်ဟန်နဲ့ ကနေဒါကဗျာဆရာမ အန်းကာဆန်ဟာ ဂန္ထဝင်စာပေတွေကို အသစ်တဖန် ပြန်လည်ပုံဖော်ခဲ့တယ်။ သူဟာ ရှေးဟောင်းပုံပြင်တွေကို စာဖတ်သူပရိသတ်အသစ်ထံသို့ ဆောင်ကြဉ်းပေးခဲ့ပြီး စာပေအပေါ် ကျွန်ုပ်တို့ရဲ့ ရှုမြင်တွေးခေါ်ပုံကို ပြောင်းလဲပေးခဲ့တယ်။”

ဒီဆုကို ဆွီဒင်အကယ်ဒမီက နှစ်စဉ်ပေးအပ်တာဖြစ်ပြီး ဆုကြေးငွေမှာ ဆွီဒင်ခရိုနာ ၁၂ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း) ရရှိမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013