DVB Logo
Home
မြန်မာသတင်း
အမှုများကြန့်ကြာသည့်ကိစ္စ ပြတ်ပြတ်သားသားကိုင်တွယ်ရန် ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
DVB
·
June 27, 2019
အမှုများကြန့်ကြာသည့်ကိစ္စ ပြတ်ပြတ်သားသားကိုင်တွယ်ရန် ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
Donate to DVB

ပဲခူးတိုင်းအတွင်းမှာ သက်သေတွေ မလာရောက်တာကြောင့် တရားရုံးတွေမှာ အမှုတွေ ကြန့်ကြာမှုဖြစ်နေတဲ့အတွက် ဥပဒေနဲ့အညီ ပြတ်ပြတ်သားသားလုပ်ဖို့ ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။

ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်တဲ့ တရားစီရင်ရေးဆိုင်ရာမဟာဗျူ ဟာစီမံကိန်း ၂၀၁၈-၂၀၂၂ အရ နိုင်ငံတ၀ှမ်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင်အထည်ဖော်မှု ရှင်းလင်းပွဲနဲ့ ကြန့်ကြာမှုခင်းများ လျော့နည်းကျဆင်းရေး ဆွေးနွေးပွဲအခမ်းအနားမှာ ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်က ခုလို တိုက်တွန်းခဲ့တာပါ။

ပဲခူးတိုင်းမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ စာရင်းအချုပ်အရ လက်ကျန်အမှု ၉၃၆၈ မှုရှိပြီး အခု ၂၀၁၉ ခုနှစ် မေလအထိဆို ၁၂၂၉၃ မှုအထိ တိုးလာတယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်ပိုင်းကစပြီး အမှုတွေ သက်မှတ်အချိန်အတွင်း ပြီးပြတ်စေဖို့အတွက် တရားရုံးတွေမှာ အမှုတွေ ကိုစစ်ဆေးတဲ့အခါ အရင်သမားရိုးကျအတိုင်း မသွားဘဲ မူခင်းစီမံခန့်ခွဲမှုအစီအစဉ် (Case Management Program) စနစ်နဲ့ စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် သက်သေတွေကို ဆင့်ခေါ်ပေမယ့် ရောက်မလာတာတွေ၊ ၀န်ထန်းသက်သေတွေကလည်း ၀န်ထမ်းအပြောင်းအရွှေ့တွေ၊ သင်တန်းတက်တာတွေနဲ့ မလာရောက်တာတွေ ရှိနေတဲ့အတွက် အမှုတွေက ခုလိုကြာမြင့်နေရတာလို့  ပါတယ်။

ဒါကြောင့် တရားရုံးတွေမှာ အမှုတွေ ကြန့်ကြာမှုမဖြစ်ရအောင် တရားရုံးဆင့်ခေါ်စာ အတည်ဖြစ်လျက်နဲ့ မလာတဲ့ သက်သေတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပြတ်ပြတ်သားသားဆောင်ရွက်ဖို့လိုကြောင်း ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းပါတယ်။

တရားရုံးစစ်တမ်းတွေအရ တရားလိုပြသက်သေမလာလို့ ရုံးချိန်း ရွှေ့ ဆိုင်းချိန်းဆိုရတာတွေ များစွာရှိတယ်လို့ ပဲခူးတိုင်းတရားလွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ရွှေက ပြောပါတယ်။

“ရာဇ၀တ်မှုတွေ နဲ့ ပတ်သက်လို့ ပဲခူးခရိုင်အတွင်းမှာ ၆၂ ရာခိုင်နှုန်း၊ ပဲခူးမြို့နယ်တရားရုံးမှာ ၃၂.၃၁ ရာခိုင်နှုန်းရှိကာ တရားမမှုတွေ နဲ့ ပတ်သက်ပြီး ပဲခူးခရိုင်အတွင်းမှာ ၄၇ ရာခိုင်နှုန်းနဲ့ ပဲခူးမြို့နယ်မှာ ၃၉.၃၆ ရာခိုင်နှုန်းရှိပါတယ်။ တချို့ အမှုတွေမှာ စွပ်စွဲခံရသူကို ဆင့်ခေါ်တာကိုပဲ ၃ လလောက်ကြာတာရှိသလို သက်သေတွေရဲ့ လိပ်စာအတိအကျ မပါတာကြောင့်လည်း သက်သေဆင့်ခေါ်ရာမှာ ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတာ။”

အခုလို အမှုတွေကြန့်ကြာနေရတာက တရားရုံးတွေမှာ သမ္မန်စာလုလင်နည်းနေတာတွေ နဲ့  ပြန်ခေါ်သက်သေအဖြစ် ပြန်ခေါ်တဲ့နေရာမှာ သက်သေတွေ မရှိတော့တာကြောင့် ခုလို ကြန့်ကြာနေရတာလို့ ပဲခူးတိုင်း ဥပဒေချုပ် ဦးအုန်းမြင့်က ပြောပါတယ်။

ပဲခူးမြို့ နယ်အတွင်းမှာ သက်သေအတည်ဖြစ်ပြီး မလာလို့ ဖမ်းဝရမ်းထုတ်ထားတဲ့အမှုပေါင်း ၁၄ မှုရှိပြီး တရားရုံးတွေမှာ သမ္မန်စာ လုလင်ကလည်း အရေအတွက်နည်းနေတဲ့အတွက် သမာန်စာပို့တဲ့နေရာမှာ အချိန်မီမရောက်တာတွေလည်းရှိတယ်လို့ သိရပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အမှုများကြန့်ကြာသည့်ကိစ္စ ပြတ်ပြတ်သားသားကိုင်တွယ်ရန် ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း