DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-ပြည်လမ်းပေါ်တွင် ပျောက်ဆုံးဘုရားပစ္စည်းများနှင့်အတူ အမျိုးသားတဦးကို ဖမ်းမိ
DVB
·
June 27, 2019
ရန်ကုန်-ပြည်လမ်းပေါ်တွင် ပျောက်ဆုံးဘုရားပစ္စည်းများနှင့်အတူ အမျိုးသားတဦးကို ဖမ်းမိ
Donate to DVB

ပဲခူးတိုင်း၊ သာယာဝတီခရိုင်​၊ ဂုံမင်းမြောင်ကျေးရွာအနီး ရန်​ကုန်​-ပြည်​ကားလမ်း​ပေါ်မှာ ဇွန်လ ၂၆ ရက်က အမျိုးသားတဦး အရူးပုံစံနဲ့ လက်နက်ကိုင်ပြီး လျှောက်သွားနေတာကို ရဲက မသင်္ကာလို့ ခေါ်ယူစစ်ဆေးရာ ဘုရားပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ သာယာဝတီမြို့မရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

“တရားခံကို စုံစမ်းတဲ့အချိန်မှာ သာယာဝတီမြို့နယ် ရန်ကုန်-ပြည်ကားလမ်းမပေါ် ဂုံမင်းမြှောင်ကျေးရွာအနီးမှာ လူတယောက်ကို လက်နက်ကိုင်ပြီး အထုပ်တွေနဲ့ လျှောက်သွားနေတာကို တွေ့လို့ စစ်ဆေးကြည့်လိုက်တော့ ကျောက်ပန်းတောင်းမြို့ သိရိမင်္ဂလာရပ်ကွက်နေ အသက် ၃၅ နှစ်ရှိတဲ့ အောင်အောင်(ခ)သန်းထိုက်ကို လက်ပံမြို့က ပျောက်ဆုံးနေတဲ့ ဘုရားပစ္စည်းတွေနဲ့ အတူတွေ့ရတာပါ။”

ချမ်းသာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း တည်ထားတဲ့ လာဘမုနိ ကမ္ဘာ့ချမ်းသာရစေတီတော်နဲ့ ချမ်းသာကုန်းဘုန်းကြီးကျောင်းစေတီတော်၊ ကွမ်းခြံကုန်းအုပ်စုက စေတီတော်၊ ကျေးနီကျေးရွာရှိ ကိုးနဝင်းကပ်ကျော် စေတီတော်တွေက ဘုရားစိန်ဖူးတော်တလုံး၊ အရန်စေတီတော်တွေက စိန်ဖူးတော်၂၄ လုံး၊ တံခွန်တိုင်မှ စိန်ဖူးတော် ၅ လုံးကို ဇွန် ၂၅ ရက်က တနေ့တည်း ခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။

“လူတယောက်​ အရူးပုံစံနဲ့ လက်​နဲ့လည်​ပင်း​တွေမှာ ပုတီး​တွေပတ်​ထားပြီး အင်္ကျီအဝါ၊ ​ဘောင်းဘီတိုအစုတ်၊ အသားညိုညို ဆံပင်​ရှည်​ရှည်​နဲ့ မ​နေ့က​နေ့လယ် ၃ နာရီ​ဝန်းကျင်​မှာ ဘုန်းကြီး​ကျောင်းထဲဝင်​လာပြီး သန့်​ရှင်း​ရေးလုပ်​​တယ်။ ဦးဇင်းကလည်း သန့်​ရှင်း​ရေးလုပ်​​နေ​တော့ ဘာမှမ​ပြော​ဘူး။ လေးနာရီခွဲ​လောက်​ကျတော့ အဲဒီ အရူးပုံစံလူကို မ​တွေ့ရ​တော့ဘူး။ အဲဒီအချိန်​မှာ​ စိန်​ဖူး​တော်​​ပျောက်​တာ မသိ​သေးဘူး။ ည​နေ ၅ နာရီကျော်​မှာ ဘုရားမီးထွန်း​တော့မှ စိန်​ဖူး​တော်​ ​ပျောက်​မှန်းသိရတာပါ” လို့ ဆရာတော် ဦးပညာစာရရဲ့မိန့်ကြားချက်ကို တကာဖြစ်​သူ ဦးမှတ်​ကြီးက​ ပြန်လည်ပြောပြခဲ့တာပါ။

ကွမ်းခြံကုန်းအုပ်​စု​၊ ကျေးနီရွာ ဘုရား​ဂေါပကအဖွဲ့က ​ ခိုးယူသွားသူကို စုံစမ်း​ဖော်ထုတ်ပေးဖို့ လက်​ပံတန်းမြို့မရဲစခန်းမှာ တရားလိုပြုလုပ်​တိုင်​တန်းရာ (ပ)၃၇၇/၂၀၁၉ ရာဇသတ်​ကြီး ပုဒ်​မ၂၉၅/၃၇၉ နဲ့ အမှုဖွင့်ခဲ့တာပါ။

တရားခံလို့ ယူဆရသူမှာ သာယာဝတီ မြို့နယ်​ဘက်​ကို ထွက်​​ပြေးတိမ်း​ရှောင်​သွားတယ်​လို့ သတင်းအရ လက်​ပံတန်းမြို့မရဲစခန်းနဲ့ သာယာဝတီမြို့မရဲစခန်းတို့ ပူး​ပေါင်းစုံစမ်းရာ မ​နေ့ ည ၇ နာရီအချိန်က အမျိုးသားတဦးကို စိန်​ဖူး​တော်​ ဆိုဒ်​စုံ ၇၆ လုံး ဟင်္သာနှုတ်​သီးစွဲ​ ရွှေ​ရောင်​သတ္တု​ဘောလုံး ၇ လုံး၊ ဉာဏ်​​တော်​ ၅ လက်မရှိ​ ရွှေ​ရောင်​​ကျောက်​ဆင်းတု​တော်​ တဆူ၊ ဉာဏ်​​တော်​ ၄ လက်မခွဲခန့်​ရှိ မဟာမြတ်​မုနိ ပုံ​တော်​ ဖန်​ဘုရားတဆူ၊ မဟာမြတ်​မုနိပုံ​တော်​ ချိုင့်​ခွက်​ပါ ဖန်​ဘုရားတဆူ၊ ဉာဏ်​​တော်​သုံးလက်မခန့်​ရှိ ကျိုက်​ထီရိုးပုံစံ ဖိုက်​ဘာ​ရွှေ​ရောင်​ဆင်းတု​တော်​တစ်​ဆူ၊ ​ငွေ​ရောင်​​ သောက်​​တော်​​ရေဖလား သုံးခွက်​၊ ​ငွေဖလား အကြီးတလုံး၊ ဘုရားပန်းအိုး နှစ်​လုံး၊ စိုက်​မျိုးစုံ ခွတွေ၊ ဓား၊ ​အော်​တိုမစ်​တစ်​ လျှပ်​စစ်​ကြိုး​ခွေတွေနဲ့ ဘုရားနဲ့ပတ်​သက်​တဲ့ပစ္စည်းတွေ ဖမ်းစီးရမိပြီး လက်ပံတန်းမြို့မစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013