DVB Logo
Home
မြန်မာသတင်း
မိုးထိမိုးမိ ဆန္ဒပြခေါင်းဆောင်များကို ရဲကရိုက်နှက်ဖမ်းဆီး
DVB
·
November 23, 2012
မိုးထိမိုးမိ ဆန္ဒပြခေါင်းဆောင်များကို ရဲကရိုက်နှက်ဖမ်းဆီး
Donate to DVB

နေပြည်တော်ကို လမ်းလျှောက်ချီတက်နေတဲ့ ရမည်းသင်းခရိုင် မိုးထိမိုးမိရွှေလုပ်သား တွေထဲက ၄ ဦးကို ဒီမနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်အင်အားသုံးပြီး ၀င်ရောက်ဖမ်းဆီးသွားတယ်လို့ ဆန္ဒပြသမားတဦးက ပြောပါတယ်။

ဖမ်းခံရသူ ၄ ဦးက ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေဇော်ထက်၊ ကိုစောနောင်တို့ ဖြစ်တယ်လို့ ပြောပါတယ်။

ဆန္ဒပြ မိုးထိမိုးမိရွှေလုပ်သား ၇၀ ခန့်ဟာ ကနဦးပိုင်းက ရန်ကုန်မြို့က ကုမ္ပဏီရှေ့မှာ ဆန္ဒပြခဲ့ပေမယ့် မထူးတာကြောင့် နေပြည်တော်ကိုချီတက်လာကြတာပါ။

မြို့လှမြို့မှာ ၃ ရက်ကြာ အနားယူခဲ့ပြီး ဒီမနက် မြို့လှမြို့ကနေအထွက် ရေနီစက်ကူစက်ရုံနားမှာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်နဲ့အတူ တုတ်တွေကိုင်ဆောင်တဲ့ အရပ်ဝတ်လူ ၂၀ ခန့်က ၀င်ရောက်ရိုက်နှက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“ဘာကြောင့်ဖမ်းတယ်ဆိုတာကို ကျနော်တို့ ငြိမ်းချမ်းစွာလမ်းလျှောက်နေတဲ့ မိုးထိမိုးမိရွှေလုပ်သားတွေကို အကျိုးအကြောင်း တစုံတရာပြောဆိုခြင်းမရှိဘဲနဲ့ သူတို့က အင်အားသုံးပြီး ၀ိုင်းရိုက်နှက်ပြီးတော့ ၄ ဦးကို အဓိက ပစ်မှတ်ထားပြီးတော့ ဖမ်းဆီးသွားခြင်းမျိုး ဖြစ်ပါတယ်။”

ချီတက်ဆန္ဒပြရာမှာပါဝင်တဲ့ ဒေါ်သန္တာအောင်က “မနက်က အရပ်ဝတ်တွေနဲ့ ၂၀ ပါတယ်။ ရှေ့မှာ ဒိုင်းတွေနဲ့ ဗိုလ်ကြီးတွေလည်းပါတယ်၊ ဗိုလ်မှူးတွေလည်း ပါတယ်။ သူတို့တတွေက ၀ိုင်းပြီးတော့မှဖမ်းတာ ဖြစ်တယ်။ ၄ ယောက်ကို ကျမတို့ရှေ့မှာပဲ ရိုက်နှက်ပြီးတော့မှ ဖမ်းသွားတယ်။ လက်ထိတ်တွေနဲ့လည်း တအားရိုက်တယ်။ နံပါတ်တုတ်တွေနဲ့လည်း တအားရိုက်တယ်။ ဒရွတ်ဆွဲပြီးတော့ ဖမ်းသွားတယ်။ ၅ ယောက်၊ ၆ ယောက်လောက် ၀ိုင်းရိုက်တာ” လို့ ပြောပြပါတယ်။

ရဲကရိုက်နှက်ဖမ်းဆီးတဲ့အတွက် သူတို့ဟာ နောက်ကိုပြန်လှည့်မှာမဟုတ်ဘဲ သမ္မတရှိရာ နေပြည်တော်ထိ ရောက်အောင်သွားပြီး ဆင်းရဲသားတွေနဲ့ မိုးထိမိုးမိဒေသမှာ နစ်နာနေသူတွေကိစ္စကို ကူညီဖြေရှင်းပေးဖို့ အသနားခံမှာပါလို့ သူက ပြောပါတယ်။

ကနဦးက ၅ ဦးကို ဖမ်းဆီးပြီး ၁ ဦးကိုတော့ ဖမ်းမယ့်စာရင်းမှာမပါလို့ ဆိုပြီး ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးမှုကြောင့် ချီတက်လမ်းလျှောက်နေသူတွေဟာ ဆက်လက်မချီတက်သေးဘဲ အဲဒီနေရာမှာ ရပ်နားတိုင်ပင်ဆွေးနွေးကြပြီး မွန်းမတည့်ခင်အချိန်မှာတော့ ဆက်လက်ချီတက်ခဲ့ကြပါတယ်။ မွန်းတည့်ပိုင်းမှာ ဆန္ဒပြချီတက်သူတွေဟာ ရေနီမြို့က ဘုန်းတော်ကြီးကျောင်းတကျောင်းမှာ မနက်စာ စားဖို့ ရောက်ရှိခိုက် နားနေပါတယ်။

သူတို့နားနေတဲ့ ဘုန်းကြီးကျောင်းကနေ သူတို့ချီတက်မယ့်နေရာ နေပြည်တော်ထိ မိုင် ၂၀ လောက် လျှောက်ဖို့လိုသေးပြီး သူတို့နားနေတဲ့နေရာနဲ့ ကိုက် ၁၀၀ လောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ စောင့်ကြည့်အကဲခတ်နေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံသူ ၄ ဦးကို ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာ တိတိကျကျမသိနိုင်သေးပေမယ့် မြို့လှဘက်ကို ခေါ်ဆောင်သွားတယ်လို့ သိရပြီး ရဲတပ်ဖွဲ့ကို အခြေအနေမေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013