DVB Logo
Home
မြန်မာသတင်း
ကြေးနီစီမံကိန်းရပ်တန့်ရေး ဆန္ဒပြသူများ မုံရွာမြို့ကို ချီတက်
DVB
·
November 22, 2012
Donate to DVB

မုံရွာခရိုင် လက်ပန်းတောင်းတောင် စီမံကိန်းလုံးဝရပ်ဆိုင်းရေးအတွက် သပိတ်စခန်းဖွင့်တာ ၅ ရက်မြောက်နေ့မှာ ဆန္ဒပြသမားတွေက မုံရွာမြို့ပေါ်ကို ဒီနေ့ စတင်ချီတက်ကြတယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

နယ်မြေခံ ရွာသားတွေက တရုတ်ကုမ္ပဏီ ၀မ်ပေါင်းအနီးနဲ့ လက်ပန်းတောင်းတောင် အတက် တောင်ကြားတွေမှာ သပိတ်စခန်း ၃ ခုကို ဖွင့်လှစ်ဆန္ဒပြနေကြတာ ဒီနေ့ဆို ၅ ရက်မြောက်ပါပြီ။

သပိတ်စခန်းဖွင့်ပြီး ၄ ရက်ကြာထိ သက်ဆိုင်က လာရောက်ညှိနှိုင်းမှု တစုံတရာမရှိလို့ ဒီကနေ့မှာတော့ ဒေသခံရွာတွေက ကိုယ်စားလှယ်တွေက  အထွေထွေသပိတ်ကော်မတီဖွဲ့စည်းပြီး ချီတက်ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ၀က်မှေးရွာသူ မသွဲ့သွဲ့ဝင်းက ပြောဆိုပါတယ်။

သူတို့ဟာ နှစ်ဖွဲ့ခွဲပြီး မုံရွာမြို့နဲ့ လက်ပန်းတောင်းတောင်ပေါ်က လယ်တီဆရာတော်ဘုရား သီးတင်သုံးရာ နေရာတွေဆီ နှစ်ဖွဲ့ခွဲ ချီတက်ကြရာမှာ တဖွဲ့ တားမြစ်ခံရတယ်လို့ ၀က်မှေးရွာသူ မသွဲ့သွဲ့ဝင်းက ပြောပါတယ်။

“မုံရွာချီတက်တဲ့အဖွဲ့က ချီတက်တယ်၊ လယ်တီဆရာတော်ကြီး သီတင်းသုံးတဲ့ နေရာကို ချီတက်သူကလည်း ချီတက်သွားပြီ။ လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးတဲ့ဆီသွားတဲ့အဖွဲ့ကတော့ အတားခံလိုက်ရတယ်။ ၀မ်ပေါင်ကုမ္ပဏီ တောင်တန်း အလယ်ဂိတ်တည့်တည့်မှာ အာဏာပိုင်တွေက တားတာ။ ပထမ တားတဲ့ဆီက ကျော်ခဲ့တယ်၊ ဒုတိယနေရာမှာတော့ သံဃာတော်တွေက အတားခံလိုက်ရပြီး အဲနေရမှာပဲ သပိတ်စခန်းအဖြစ် ချမှတ်လိုက်တာ။”

သံဃာတွေအပါအ၀င် ချီတက်ဆန္ဒပြသမားတွေကို ရဲက တကြိမ်တားမြစ်စဉ်က ညှိလို့ရပေမယ့် နောက်တကြိမ်မှာတော့ ရှေ့ဆက်သွားခွင့်မပေးတာကြောင့် တားမြစ်ခံရတဲ့နေရာမှာ သပိတ်စခန်းသစ်တခု ဖွင့်လိုက်တယ်လို့ ဆိုပါတယ်။  မုံရွာဘက် ချီတက်သူတွေ အခြေအနေကိုတော့ မသိရသေးပါဘူး။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ပူးတွဲလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ မန္တလေး၊ မုံရွာနဲ့ ပခုက္ကူက သံဃာတွေပါ ပူးပေါင်းပါဝင်ပြီး သံဃာအင်အား ၃၀၀ လောက်နဲ့ ကျောင်းသားတွေအပါအ၀င် လူအင်အား ၇၀၀ လောက် ဆန္ဒပြနေကြတယ်လို့ ဆိုပါတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို လူသိရှင်ကြားကန့်ကွက်တဲ့အပေါ် အစိုးရက ဆက်မလုပ်ဘဲထားဖို့ ဆိုင်းငံ့ခဲ့ပြီးတဲ့နောက် ဒီကြေးနီစီမံကိန်းရပ်တန့်ဖို့ ဆန္ဒပြပွဲတွေ တဖြည်းဖြည်း အရှိန်ရလာတာ ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်သမားတွေကလည်း ရေထုနဲ့ မြေထုပျက်စီးနိုင်တာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ရှေးဟောင်းအမွေအနှစ်အဖြစ် လက်ခံရာနေရာတွေ ပါနေတာကို ထောက်ပြပြီး စီမံကိန်းကို ပြန်သုံးသပ်ဖို့ အကြံပြုထားကြတာပါ။ ဒါပေမယ့် ကုမ္ပဏီ တာဝန်ရှိသူတွေဘက်ကတော့ ဒီစီမံကိန်းကို ဆက်လုပ်မယ်လို့ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013