DVB Logo
Home
မြန်မာသတင်း
လာမည့်နှစ်ကူးတွင် ဂျီအက်စ်အမ်ဖုန်းဆင်းကတ် ကျပ် ၁ သိန်းခွဲအောက် ဈေးဖြင့် ရောင်းမည်
DVB
·
November 22, 2012
လာမည့်နှစ်ကူးတွင် ဂျီအက်စ်အမ်ဖုန်းဆင်းကတ် ကျပ် ၁ သိန်းခွဲအောက် ဈေးဖြင့် ရောင်းမည်
Donate to DVB

လာမယ့်နှစ်ကူးတဲ့အချိန်မှာ ဂျီအက်စ်အမ် ဖုန်းဆင်းကတ်တခုကို   ကျပ် ၁ သိန်းခွဲထက် လျော့နည်းတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးသွားဖို့ အစီအစဉ်ရှိတယ်လို့ မြန်မာ့ဆက်သွယ်ရေး က  ပြောပါတယ်။

လာမယ့် ဒီဇင်ဘာလမှာ ဂျီအက်စ်အမ် သရီးဂျီ ဆင်းကတ်တွေကို ငွေကျပ် ၁ သိန်းခွဲနဲ့ ရောင်းချပေးမယ်လို့ သတင်းထွက်ပေါ်လာတဲ့အပေါ် ဆက်သွယ်မေးမြန်းခဲ့ရာမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဖုန်းဆက်သွယ်ရေးဌာန၊ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“လာမယ့် နှစ်ကုန်ပိုင်းမှာ ပြည်သူတွေကို လိုက်လျောတဲ့အနေနဲ့ ဈေးလျှော့ပေးမယ်ဆိုပြီး ရည်မှန်းထားတယ်၊ ဈေးလျှော့ပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ၁ သိန်းခွဲဆိုတာ မဟုတ်ပါဘူး။ ဒီထက်လည်း လျော့ရင် လျော့နိုင်ပါတယ်။”

တယ်လီဖုန်းလိုင်းတသန်း ထပ်တိုးချဲ့ထားတာကြောင့် အခုလို ဈေးနှုန်းထပ်လျှော့ပြီး ရောင်းချနိုင်တာလို့ ဆိုပါတယ်။

လတ်တလောမှာတော့ ဂျီအက်စ်အမ်သရီးဂျီဖုန်း ဆင်းကတ်တွေကို ကျပ်ငွေ ၂ သိန်းနှုန်းနဲ့ ၀န်ထမ်းတွေ၊ ကျေးရွာတွေကို မြန်မာ့ဆက်သွယ်ရေးက အကြွေးနဲ့ ရောင်းပေးနေတာပါ။

ဒါ့အပြင် လာမယ့်နှစ်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ယှဉ်ပြိုင်လုပ်ကိုင်ဆောင်ရွက်မယ့် ပြည်ပ တယ်လီဖုန်း အော်ပရေတာကုမ္ပဏီတွေကို ဖိတ်ခေါ်လုပ်ကိုင်စေမှာ ဖြစ်တယ်။

အဲ့ဒီကုမ္ပဏီတွေဝင်လာပြီး ဈေးနှုန်းအပြိုင် ရောင်းချလာတဲ့အတွက် သိပ်မကြာခင်အချိန်အတွင်း ပြည်သူတွေမျှော်လင့်နေကြတဲ့ ၅၀၀၀ တန်အထိ ဖုန်းဈေးတွေ ဆင်းသွားလိမ့်မယ်လို့ ယုံကြည်ကြောင်း ဦးဌေးဝင်းက ပြောပါတယ်။

ပြည်သူတွေ ဆက်သွယ်ရေး လွယ်ကူမြန်ဆန်စေဖို့ ဆက်သွယ်ရေးက ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ဦးဌေးဝင်းက ပြောပါတယ်။

“ကျနော်တို့ဘက်က ပြည်သူတွေ ဆက်သွယ်ရေးကောင်းမွန်ဖို့အတွက်ကို အမြဲကြိုးစားနေပါတယ်။ ဘယ်လိုနည်းလမ်းနဲ့ ဖြစ်နိုင်မလဲ။ ပြည်ပချေးငွေတွေနဲ့ ဖြစ်နိုင်မလား၊ အော်ပရေတာတွေအပြိုင်ဝင်လာပြီး ဈေးနှုန်းလျှော့ချတာ၊ ကျနော်တို့ ရှိသမျှ နည်းလမ်းအကုန်ထုတ်လျက် ဆောင်ရွက်လျက်ရှိတယ်ဆိုတာ ပြောချင်ပါတယ်။”

သတင်းစာဆရာ ဆရာ သီဟစောကတော့ ဆက်သွယ်ရေးဥပဒေနဲ့ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေတို့အပေါ် မူတည်ပြီး ဖုန်းဈေးတွေ ကျဆင်းလာဖို့ ရှိတယ်လို့ သုံးသပ်ပြောပါတယ်။

“ဆက်သွယ်ရေးအမြဲပြောတာက သူတို့အခုလက်ရှိ network capacity က ၆ သန်းလောက်ထိပဲ လုပ်နိုင်သေးတယ်။ အများကြီးပေးဖို့   အဆင်မပြေသေးဘူး၊ ဈေးလည်းအင်မတန်ကြီးတယ်ပေါ့။ ဒါပေမယ့် ဆက်သွယ်ရေးဥပဒေအသစ်က ထွက်လာပြီးတော့ ရင်းနှီးမြှုပ်နှံမှု ဥပဒေထဲမှာ ပြည်တွင်းပြည်ပကုမ္ပဏီတွေ ဖက်စပ်လုပ်မယ်ဆိုရင် ကြိုက်တဲ့အချိုးအစားနဲ့လုပ်လို့ရတယ်ပြောတယ်။ ဒါပေမယ့် ကဏ္ဍအလိုက် ဘယ်ကဏ္ဍမှာ ဘယ်လောက်ခွင့်ပြုတယ်ဆိုတာ နည်းဥပဒေထွက်မလာသေးဘူး။ ဒါတွေ ထွက်လာမယ်ဆိုရင် ပြည်တွင်းရော ပြည်ပကုမ္ပဏီတွေရော၊ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်မှာက တချို့လုပ်ငန်းတွေမှာ ပြည်ပကုမ္ပဏီတွေကို ၁၀၀ ရာခိုင်နှုန်း ကော်မရှင်က ခွင့်ပြုမယ်ပေါ့။ အဲကုမ္ပဏီတွေမှာ နိုင်ငံခြားကုမ္ပဏီတွေပါမလား၊ ပုဂ္ဂလိကပဲလုပ်မလား၊ ဒါတွေ အတည်တကျဖြစ်ရင်တော့ မြန်မယ်လို့ ထင်တယ်။ မဟုတ်ရင် အစိုးရက ကိုင်တွယ်ရင် အစိုးရက သူ့ဘတ်ဂျက်ရှိသလောက် သူလုပ်မယ်။ မလေးရှားဆိုရင် ၁၀၀ ရာခိုင်နှုန်းလောက် ဖုန်းကိုင်နေပြီလေ။ ဒီလို ဈေးကွက်ကိုကြည့်ပြီးတော့ ပုဂ္ဂလိက ကုမ္ပဏီတွေက လုပ်မယ်ဆိုရင်တော့ မြန်သွားမှာပဲ။ ဒါပေမယ့် ဒါတွေက ဆက်သွယ်ရေးဥပဒေနဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေတွေမှာ မူတည်တယ်လို့ ထင်တယ်။”

မိုဘိုင်းဖုန်း ဈေးနှုန်းတွေ တဖြည်းဖြည်းကျဆင်းလာတာကြောင့် ဖုန်းသုံးစွဲသူအရေအတွက် တဟုန်ထိုး တိုးတက်လာခဲ့ရာမှာ အရင်နှစ်က သုံးစွဲသူဦးရေ ၅ သိန်းကျော်ရှိရာက အခုနှစ်အတွင်း ဂျီအက်စ်အမ်ဖုန်းအလုံးရေ ၂ သန်းခွဲကျော်ထိ တိုးတက်သုံးစွဲလာနိုင်တယ်လို့ မြန်မာ့ဆက်သွယ်ရေးရဲ့ တရားဝင် စာရင်းဇယားတွေ အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013