DVB Logo
Home
Lead Story
ကျန်းမာရေးအလေ့အထကောင်းများ ပြုမူစေလို (အယ်ဒီတာအာဘော်)
DVB
·
June 25, 2019
ကျန်းမာရေးအလေ့အထကောင်းများ ပြုမူစေလို (အယ်ဒီတာအာဘော်)
Donate to DVB

မိုးရာသီရောက်လျှင် ဖျားကြ နာကြ၊ အအေးမိ၊ ချောင်းဆိုး၊ တုပ်ကွေးပိုးဝင်၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ကြနှင့် မြန်မာပြည်သူတွေ ကျန်းမာရေးပြဿနာ နှစ်စဉ် ကြုံတွေ့ရလေ့ ရှိသည်။

ဥတုရာသီအပူကနေ မိုးကျပြီး အအေးသို့ အကူးအပြောင်းတွင် နှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး လူအသေအပျောက်လည်း နှစ်စဉ်ရှိသည်ကို တွေ့ရသည်။

ယခုနှစ်တွင်လည်း မိုးဖြိုင်ဖြိုင်ကျတာနှင့် H1N1 ရာသီတုပ်ကွေးရောဂါ ကြုံတွေ့လာကြရပြီး ဖြစ်ပွားကာစ ကာလမှာပင် လူ ၇ ဦး သေဆုံးခဲ့သည်။

ရာသီတုပ်ကွေးဖြင့် လူ ၇ ဦးသေဆုံး ဆိုသည့်သတင်းနှင့်အတူ တုပ်ကွေးရောဂါ ကာကွယ်ဆေးများ ရုတ်တရက် ဈေးတက်ခြင်း၊ ကာကွယ်ဆေး ဈေးကွက်တွင် ပြတ်သွားခြင်း စသည့် သတင်းများလည်း တဆက်တည်း ထွက်လာသည်။

ဆေးပညာရှင်များက တုပ်ကွေးပိုးများသည် နှစ်စဉ် အသွင်သဏ္ဌာန် ပြောင်းပြောင်းနေတတ်သည့်သဘော ရှိသဖြင့် ကာကွယ်ဆေး ထိုးထားတိုင်းလည်း အပြည့်အဝ ကာကွယ်ပေးနိုင်သည်ဟု ပြောမရဟု ဆိုကြသည်။

သို့သော် ကိုယ်ခံအားကျဆင်းနေသည့် သက်ကြီးရွယ်အိုများ အနေနှင့်တော့ ကာကွယ်ဆေး ထိုးထားသည်က ကြိုတင်ကာကွယ်ရာ ရောက်သဖြင့် ကာကွယ်ဆေးထိုးရန် အကြံပြုသည်။

ငယ်ရွယ်သူ ကျောင်းသားကျောင်းသူများ အနေဖြင့်လည်း ဆပ်ပြာဖြင့် လက်ဆေးရန်၊ ခက်ခဲပါက ပိုးသတ်လက်ဆေးရည် Hand Gel ဖြင့် လက်ဆေးရန်၊ နှာခေါင်းစည်း၊ ကျန်းမာရေး မျက်နှာဖုံး တပ်ရန်၊ ကလေးများ နေမကောင်းဖြစ်ပါက ဆရာ ဆရာမနှင့် အုပ်ထိန်းသူ မိဘများကို အသိပေးရန် ကျန်းမာရေးပညာရှင်များက အကြံပြုထားသည်။

တာဝန်ရှိသည့် ကျန်းမာရေးဝန်ကြီးဌာနက ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသေဆုံးမှု အခြေအနေကို မြို့နယ်အလိုက်၊ အသက်အုပ်စုအလိုက်၊ ကျောင်းသား၊ အလုပ်သမား စသည်ဖြင့် အလုပ်အကိုင် အမျိုးအစားအလိုက် ခွဲခြမ်းစိတ်ဖြာ သုံးသပ်လေ့လာရန် လုပ်ဆောင်နေသည်။

ရာသီတုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဝန်ကြီးဌာနက လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဟုလည်း ကြားသိရသည်။

တုပ်ကွေးဆန်သော ရောဂါလက္ခဏာ ဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို ၂၀၁၇ ခုနှစ်မှစ၍ ဆေးရုံကြီး ၈ ရုံတွင် တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ အင်းစိန် ပြည်သူ့ဆေးရုံကြီး၊ လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆေးရုံကြီး စုစုပေါင်း ၁၅ ခုတွင် ထပ်မံတိုးချဲ့ ဆောင်ရွက်သွားမည်ဟုလည်း သတင်းများတွင် ဖတ်ရသည်။

ရာသီတုပ်ကွေးရောဂါကို အကောင်းဆုံး ကာကွယ်နည်းများဖြစ်သည့် လက်ကို ဆပ်ပြာဖြင့် ဆေးခြင်း၊ ချောင်းဆိုးနှာချေလျှင် လက်ဖြင့်အုပ်ပြီး ဆိုးခြင်း၊ ချေခြင်း စသည့် အလေ့အထကောင်းများကို ကလေးသူငယ်များမှ အစပြုပြီး ပြုလုပ်ကြရန် ပညာပေးသင့်သည်။

အများပြည်သူအကြား လှုပ်ရှားသွားလာရင်း လမ်းတွေပေါ်မှာ၊ ဘတ်စ်ကားပေါ်မှာ၊ ရထားပေါ်မှာ၊ ဈေးတွေ ရုံးတွေထဲမှာ၊ ကျောင်းစာသင်ခန်းတွေထဲမှာ အကာအကွယ်မရှိ ချောင်းဆိုးခြင်း၊ နှာချေခြင်း စသည့်အပြုအမူများကို ကိုယ်ပိုင်အသိစိတ်ဖြင့် ရှောင်ကြဉ်သင့်ကြပေသည်။

ကိုယ်ပိုင်အသိစိတ်မရှိဘဲ အကာအကွယ်မဲ့ ချောင်းဆိုးသူများ၊ နှာချေသူများကို ရှောင်လွှဲမရနိုင်လျှင် မိမိကိုယ်တိုင်ပင် နှာခေါင်းစည်း စည်းထားသင့်ပေသည်။

လူတကိုယ်ရေစာ အခြေခံ အလေ့အကျင့်ကောင်းများဖြစ်သည့် လက်ကို ဆပ်ပြာဖြင့် ဆေးခြင်း၊ ချောင်းဆိုး၊ နှာချေလျှင် အုပ်၍ဆိုးခြင်း၊ ချေခြင်း အမှုကိစ္စများသည် ကာကွယ်ဆေး ထိုးထားခြင်းထက် သာလွန်ကောင်းမွန်သည်ဟု ဆိုလိုရင်းဖြစ်သည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013