DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် အင်တာနက်လိုင်းပြန်ဖွင့်ပေးရန် မစ္စရန်ဟီးလီတောင်းဆို 
DVB
·
June 25, 2019
ရခိုင်ပြည်နယ်တွင် အင်တာနက်လိုင်းပြန်ဖွင့်ပေးရန် မစ္စရန်ဟီးလီတောင်းဆို 
Donate to DVB

တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ၉ မြို့နယ်မှာ ဖုန်းကနေသုံးတဲ့ အင်တာနက်လိုင်းတွေကို မြန်မာအစိုးရက ဖြတ်တောက်လိုက်တာဟာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေ စောင့်ကြည့်ရာမှာ စိုးရိမ်စရာကောင်းတဲ့ ရိုက်ခတ်မှုတွေ ရှိနိုင်တယ်လို့  မစ္စယန်ဟီးလီက ပြောပါတယ်။

ဇွန်လ ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက “ပဋိပက္ခဖြစ်နေတဲ့ဒေသထဲမှာ မီဒီယာတွေ သတင်းယူခွင့်မရတာနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေကို ကန့်သတ်ပိတ်ပင်ထားတာဟာ ဒေသတခုလုံးကို အမှောင်ဖုံးသွားစေတယ်”လို့ ပြောပါတယ်။

အဲဒီဒေသတွင်းမှာနေသူတွေနဲ့ အပြင်ဘက်ကလူတွေအကြား ဆယ်သွယ်တဲ့ နည်းလမ်းတွေ ဖြတ်တောက်ခံထားရတဲ့အတွက်အဲဒီမှာ ရှိနေတဲ့ နိုင်ငံသားတွေ အားလုံးအတွက် စိုးရိမ်မိတယ်လို့ လည်း မစ္စယန်ဟီးလီက ပြောပါတယ်။ 

လက်ရှိ တပ်မတော်ဟာ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေး လုပ်ဆောင်နေပြီး  အရပ်သားတွေအပေါ် ကျူးလွန်တဲ့ အလွန်ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖုန်းကွယ်ဖို့လုပ်ဆောင်နေတယ်၊ လွန်ခဲ့တဲ့  ၂ နှစ်လောက်ကလည်း ဒီလုံခြုံရေးတပ်ဖွဲ့တွေကပဲ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တာ မမေ့သင့်ဘူးလို့ မစ္စယန်ဟီလီက စွပ်စွဲပြောကြားလိုက်ပါတယ်။

အစိုးရအနေနဲ့ ဖုန်းအင်တာနက်တွေဖြတ်တောက်ထားတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားဖို့နဲ့ မီဒီယာတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေအပေါ် ကန့်သတ်ချက်တွေကို ပြန်ရုပ်သိမ်းဖို့  ယန်ဟီးလီက တောင်းဆိုလိုက်ပါတယ်။

အစိုးရရဲ့ညွှန်ကြားချက်အရ ရခိုင်ပြည်နယ်မြောက်ပိုင်း ၈ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့မှာ ဇွန် ၂၁ ရက်နေ့ ညပိုင်းကစပြီး ဖုန်းအော်ပရေတာတွေအားလုံးက အင်တာနက်ကို ဖြတ်တောက်လိုက်တာပါ။

ဒါဟာ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်သလို အင်တာနက်သုံးစွဲသူတိုင်းအတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ မြန်မာပြည်တွင်း အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော်ကလည်း မနေ့က ထုတ်ပြန်ပါတယ်။

ပြည်သူတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းအချက်အလက်ရပိုင်ခွင့်ကို ကာကွယ်ဖို့ ရွေးကောက်ခံ အစိုးရဆိုရင် ပိုပြီး တာဝန်ရှိတယ်လို့ သူတို့က ဆိုပါတယ်။

အခုအင်တာနက် ဖြတ်တောက်ခံရတဲ့ဒေသတွေမှာ သန်းခေါင်စာရင်းအရ လူပေါင်း ၁၀ သိန်းကျော်နေထိုင်ကြပြီး ပဋိပက္ခဖြစ်နေတဲ့ဒေသဖြစ်တာကြောင့် ပြည်သူတွေရဲ့ လုံခြုံရေးကို အစိုးရက ကာကွယ်ပေးနိုင်တာ လျော့ကျနိုင်သလို အရေးပေါ်ပြောင်းရွေ့ဖို့လိုလာရင် တာဝန်ရှိသူတွေက ပြည်သူတွေကို သတင်းဖြန့်ဝေဖို့ခက်မယ်လို့ ဆိုပါတယ်။

အင်တာနက်ဖြတ်တောက်တာကို ချက်ချင်းရပ်တန့်ဖို့၊ အစိုးရက အင်တာနက် ဖြတ်တောက်ခိုင်းနိုင်တဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မအပါအဝင် တခြားပုဒ်မတွေကို လူ့အခွင့်အရေး စံနှုန်းနဲ့အညီ သုံးသပ် ပြင်ဆင်ဖို့၊ နောက်လည်း ဒီလိုမဖြတ်တောက်ဖို့အတွက် လူ့အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့တွေ၊ အိုင်စီတီနဲ့ပတ်သက်ပြီး လှုပ်ရှားနေတဲ့ အဲဒီအဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဒီလို အစိုးရက အင်တာနက် သုံးစွဲခွင့် ဖြတ်တောက်လိုက်တာဟာ လူမျိုးရေး မုန်းတီးတာတွေကို လျော့ကျစေဖို့ ရည်ရွယ်တာလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ 

ဓာတ်ပုံ-UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013