DVB Logo
Home
မေးမြန်းခန်း
တရားရေးမဏ္ဍိုင်က တိမ်းစောင်းနေဆဲပဲ- ဦးအောင်သိန်း
DVB
·
November 22, 2012
တရားရေးမဏ္ဍိုင်က တိမ်းစောင်းနေဆဲပဲ- ဦးအောင်သိန်း
1 / 2
Donate to DVB

စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးသမားတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ကြရင်း အစိုးရရဲ့ ရှေ့နေလိုင်စင်ရုပ်သိမ်းတာခံကြရတဲ့ ရှေ့နေကြီး ဦးအောင်သိန်းနဲ့ ရှေ့နေကြီး ဦးခင်မောင်ရှိန်တို့ ၂ ဦးကို တရားလွှတ်တော်ချုပ်က ရှေ့နေလိုင်စင် ပြန်ချပေးလိုက်ပါတယ်။

[caption id="attachment_33383" align="alignright" width="300" caption="ဦးခင်မောင်ရှိန် နဲ့ ဦးအောင်သိန်း "][/caption]

တရားလွှတ်တော်ချုပ်ထံကနေ နိုဝင်ဘာ ၁၄ ရက်နေ့ ရက်စွဲနဲ့ ရှေ့နေပြန်လိုက်ခွင့်ပြုတဲ့စာကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ လက်ခံရရှိတယ်လို့ ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

မင်းကိုနိုင်၊ ကိုကိုကြီးအပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရ တို့ရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ချိန်မှာ တရားရုံးကို မထီမဲ့မြင် လုပ်တယ်လို့ စွပ်စွဲချက်နဲ့ သူတို့ ၂ ဦးကို  ၂၀၀၈ ခုနှစ် ကုန်ပိုင်းမှာ ထောင်ဒဏ် ၄ လစီချမှတ်ပြီး ရှေ့နေလိုင်စင်တွေ ရုပ်သိမ်းခဲ့တာတာပါ။

မြန်မာနိုင်ငံမှာ တရားလွှတ်တော်ရှေ့နေ ၂၅ ဦးနဲ့ အထက်တန်းရှေ့နေ ၇ ဦး ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားရတဲ့အနက် အစိုးရသစ်လက်ထက်မှာ တရားလွှတ်တော်ရှေ့နေ ၁၄ ဦး လိုင်စင်ပြန်ရပြီး အထက်တန်းရှေ့နေထဲကတော့ လိုင်စင်ပြန်မရကြသေးဘူးလို့ ဦးအောင်သိန်းက ပြောပါတယ်။

သူတို့လွတ်မြောက်မှုအပါအ၀င် တရားစီရင်ရေးကဏ္ဍနဲ့ ပတ်သက်လို့ ရှေ့နေကြီး ဦးအောင်သိန်းကို မေးမြန်းထားပါတယ်။

အရင်အစိုးရလက်ထက်က သိမ်းခဲ့တဲ့ ရှေ့နေလိုင်စင်ကို အခု အစိုးရလက်ထက်မှာ ပြန်ရခဲ့တာနဲ့ ပတ်သက်ပြီး ရှေ့နေတဦးအနေနဲ့ ပြောပြပေးပါ။

“ပြီးခဲ့တဲ့ နှစ်၊ အချိန်တွေကို အမှောင်ခေတ်လို့ ပြောရင် ပိုနီးစပ်မယ်ထင်ပါတယ်။ အခုခေတ် အလင်းရောင်ပွင့်လင်းခါစမှာ အစိုးရသစ်လည်းဖြစ်တော့ လိုင်စင်ပြန်ထုတ်ပေးတယ်လို့ ခံယူပါတယ်။ လိုင်စင်ရုပ်သိမ်းခြင်းကိုက ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ တရားမျှတမှု မှန်ကန်မှုဆိုတာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ စုံစမ်းစစ်ဆေးခြင်းမပြုဘဲ ကျနော်တို့ကို တရားစွဲဆိုပြီး ပြစ်ဒဏ်ပေးလိုက်တာ။ ကျနော်တို့တင်မကပါဘူး။ ကျနော်တို့ အရှေ့ အရှေ့က နောင်တော်တွေလည်း စုံစမ်းစစ်ဆေးခြင်းမခံရဘဲ လိုင်စင်သိမ်းပစ်တာပဲ။ အကြောင်းအရာတခုတည်းနဲ့ ပြစ်ဒဏ် ၂ ခါပေးတယ်ဆိုတာမျိုး သက်ရောက်တာပေါ့။ ပြစ်ဒဏ် ထောင်လည်း ချပြီးပြီ၊ ပြီးတော့ သူ့အသက်မွေးဝမ်းကျောင်း လိုင်စင်ကိုပါ ထပ်ပိတ်တယ်ဆိုတော့ မသေမချင်းသတ်တဲ့ သဘောမသက်ရောက်ဘူးလား။ ဒါတွေက ပြီးခဲ့တဲ့ အမှောင်ခေတ်မှာ တောက်လျှောက် စစ်အာဏာရှင် အစိုးရက လုပ်ခဲ့တာပဲ။ ဒီဘက်ကျတော့ ပွင့်လင်းမြင်သာတဲ့ လမ်းကြောင်းတွေ ပေါ်လာတယ်။ ဒီမိုကရေစီလမ်းကြောင်းကို စပြီး ချဉ်းနင်းဝင်ရောက်ဖို့ ကြိုးစားလာတဲ့အခါ ပြီးခဲ့တဲ့ အမှောင်ခေတ်က မတရားဖိနှိပ်မှု၊ မတရားပြုကျင့်ခံရတဲ့အမှုတွေကိုတောင် ပြန်ဖော်ဖို့ လုပ်နေတယ်ဆိုရင် ကျနော်တို့ ရှေ့နေလိုင်စင်ကို ယနေ့ အစိုးရသစ်က ပြန်ထုတ်ပေးတာဟာ သူတို့ရဲ့ အသွင်ကူးပြောင်းမှုကာလအစ ဆိုတာကို ပြတယ်လို့ မြင်ပါတယ်။”

ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်း ရှေ့နေလိုင်စင်အပိတ်ခံရတော့ ဒီနှစ်ပိုင်းအတွင်း ကိုယ့်ရဲ့ဘ၀မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိခဲ့လဲ။

“ထောင်ကျတယ်၊ လိုင်စင် ပိတ်သိမ်းခံရတဲ့ ကာလက ၃ နှစ် ပတ်ဝန်းကျင်လောက် ရှိသွားတာပေါ့လေ။ ထောင်ကျတဲ့ကာလက အမှုလိုက်ပါဆောင်ရွက်တာ ကင်းဝေးသွားပေမယ့် ထောင်ကပြန်လွတ်လာပြီးကာလ လိုင်စင်အသိမ်းခံထားရပေမယ့်လည်း အမှုအခင်းကတော့ ဆက်လုပ်နေရတာပဲ။ နှစ် ၃၀ ကျော် ရှေ့နေဘ၀ကို ဖြတ်သန်းလာတော့ ရှေ့နေလုပ်သက်အရ လာရောက်ဆက်သွယ်ပြီး အလုပ်အပ်တဲ့လူတွေ ရှိတယ်။ ကျနော် လိုင်စင်မရှိတော့တာ သိတယ်၊ သို့သော် ယုံကြည်မှုအပေါ်မှာ အမှုဆက်အပ်တာပေါ့။ ကျနော်က advisor အဖြစ်နဲ့ ဆောင်ရွက်တယ်၊ ကျနော့်တပည့်နဲ့ မိတ်ဆွေ ရှေ့နေတွေက တရားခွင်ပေါ် တက်ပြီး ဆောင်ရွက်တယ်။ ကျနော်က နောက်ကနေ စီစဉ်ပေးတယ်ပေါ့။ ဥပဒေပညာနဲ့ အသက်မွေးဝမ်းကျောင်း ဆက် ရှင်သန်နေတာပေါ့။”

ဆရာဝန်တွေ ဆမ လက်မှတ်အသိမ်းခံရတဲ့ကိစ္စရော ဘာကြားပါလဲ။

“ဒါတော့ မသိဘူး၊ ဒါက ကျန်းမာရေးဦးစီးဌာနနဲ့ ဆိုင်တာပေါ့။ ဆရာဝန်တွေလည်း နိုင်ငံရေးအရ ဖြစ်တဲ့အတွက် သူတို့ကိုလည်း ပြန်ထုတ်ပေးသင့်တာပေါ့။ ထောင်ကျတာနဲ့ အသက်မွေးဝမ်းကျောင်းလိုင်စင် သိမ်းတယ်ဆိုရင် စစ်ဗိုလ်ချုပ်ကြီးတွေလည်း ထောင်တွေကျတာပဲ၊ ဦးနေ၀င်းလက်ထက်ကဆိုရင် တောခိုသွားပြီး နှစ်ပေါင်းများစွာနေပြီး ပြန်အလင်းဝင်လာတဲ့အခါ ဗိုလ်သက်ထွန်းတို့ဆိုရင် ကျနော်သိသလောက် ဗိုလ်ကြီးဘ၀နဲ့ တောခိုပြီး ရာထူးပြန်ရတာပဲ။ နှစ်ပေါင်း သက်တမ်းနည်းတာမဟုတ်ဘူး တောခိုသွားတာ၊ ဒါပေမယ့် အဲအချိန်ကနေ ဦးနေ၀င်းလက်ထက်ကနေ ဒီဘက်သက်တမ်းကာလ သေဆုံးသွားတဲ့အထိ ပင်စင်တွေ ပြန်ရတာပဲ။ အဲလိုမျိုးတွေ ပြန်ပေးလို့ရတယ်ဆိုရင် ရှေ့နေတွေ၊ ဆရာဝန်တွေ ဘာလို့ ပေးလို့မရရမှာလဲ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေပဲ။ ကျောင်းသားတွေဆိုရင်လည်း နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်း ထောင်တွေချတယ်၊ ပြန်ရောက်လာတဲ့အခါ သူတို့သင်လိုတဲ့ ပညာရပ်ကို ဆက်လက် ပညာသင်ကြားပိုင်ခွင့်ပေးရမှာပေါ့။ ဒါတွေ တားဆီးပိတ်ပင်တာဟာ ရှင်းရှင်းပြောရင် လူ့အခွင့်အရေးကို ဆက် ချိုးဖောက်နေသလို ဖြစ်နေတယ်ဆိုတာ ငြင်းမရဘူးဆိုတာကို ပြောပြချင်တယ်။”

အစိုးရသစ်ပြောင်းပြီ ကမ္ဘာကလည်း ချီးကျူးနေတယ်ဆိုပေမယ့် တရားရေးမဏ္ဍိုင်ကို ကွက်ပြီး ကြည့်မယ်ဆိုရင် အန်ကယ့်အနေနဲ့ ဘယ်လိုမြင်ရလဲ၊ အရမ်းတိုးတက်လာပြီလား။

“တရားရေးမဏ္ဍိုင်ကတော့ ယခင်အတိုင်း ဒုံရင်း ဒုံရင်းပါပဲ။ ဘာလို့လဲဆိုတော့ အပေါ် အောက် တရားသူကြီးတွေရဲ့ ပြင်ဆင်မှုတွေ၊ ပြုပြင်ပြောင်းလဲမှုတွေကို လက်ခံသယောင်ယောင်နဲ့ လက်မခံဘဲ နဂိုအမူအကျင့်အတိုင်းလုပ်နေတဲ့ တရားသူကြီးတွေ ရှိနေဆဲပဲ။ ဒါတွေကို အပေါ် အောက် အစုန် အဆင်းနဲ့ ပြင်ဆင်သင့်တယ်လို့ မြင်ပါတယ်။ ဘာကြောင့်ဆိုတော့ ဒီ အသိတွေကို မပြင်ဘူးဆိုရင် ဒီအတိုင်းသွားနေဦးမှာပဲ၊ ဘယ်လောက်ပဲ ပြုပြင်ပြောင်းလဲမှုတွေ ပြုနေပါစေ ဒီလူတွေရဲ့ အမူအကျင့်တွေက ငါးပိအိုးမှာ အနံ့စွဲနေသလို စွဲနေဆဲဆိုရင်တော့ မဟုတ်သေးဘူး။ ပြုပြင်ပြောင်းလဲမှုတွေ ပြုပြင်ဖို့ လိုအပ်ပါသေးတယ်။ ယခင် ပုံစံအတိုင်း သွားနေဆဲလို့ ပြောရင် မမှားဘူး။ တရားစီရင်ရေးဟာ အခြေအနေအရ ပြောရင်တော့ တိမ်းစောင်းနေဆဲပေါ့၊ အမှန်ကို မတ်မတ်ဖြစ်အောင် တော်တော်လေး ကြိုးစားရဦးမယ်လို့ မြင်မိပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013