
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက မုံရွာ-မန္တလေး ကားလမ်းပေါ်မှာ စစ်တပ်လက်အောက်ခံတွေ စီးနင်းလာတဲ့ ယာဥ်တန်းကို ဇွန် ၇ ရက် ည ၈ နာရီခွဲဝန်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ဗိုလ် ၂ ယောက် အပါအဝင် ၆ ယောက် သေဆုံးကာ လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
BRAVE HEART ARMY (BHA) ရဲ့ ပြန်ကြားရေးတာဝန်ခံက “Alphard တစီးနဲ့ Honda Fit တစီးက ချောင်းဦးဘက်ကနေ မုံရွာ နမခဘက်ကို လက်နက်ခဲယမ်းတွေပို့ပြီး ပြန်လာကြတယ် ဆိုတာ ကြိုတင်သတင်းရလို့ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ တောပုပျူရွာနားကနေ စောင့်ပြီး တိုက်ခိုက်ခဲ့ကြတာပါ” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို BRAVE HEART ARMY (BHA)၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ (PSF)၊ MONYWA SPECIAL(ဒိတ်ဒိတ်ကြဲ)၊ MONYWA DYNAMITE (STF) နဲ့ GOLDEN TARGET FORCE (GTF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
BRAVE HEART ARMY (BHA) ရဲ့ တာဝန်ရှိသူက “ကျနော်တို့ဘက်က အချိန်မဆွဲဘဲ လက်ဦးမှုရယူပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ သူတို့ဘက်က ပြန်ပြီး ခုခံချိန်မရလိုက်တဲ့အတွက် ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ သူတို့ရဲ့ကားပေါ်မှာကတော့ စစ်ဗိုလ် ၂ ယောက်နဲ့ အခြားအဆင့် ၄ ယောက် သေနေပြီး ၂ ယောက် ဒဏ်ရာရနေတာ တွေ့ခဲ့တယ်။ ကျနော်တို့လည်း အဲဒီကားတွေပေါ်ကနေ လက်နက်တွေသိမ်းပြီး ပြန်ဆုတ်လာခဲ့ကြတာပါ။ သိမ်းဆည်းနိုင်ခဲ့တာတွေကတော့ MA1 Mark1 သေနတ်တလက်၊ MA1 Mark 2 သေနတ်တလက်၊ MA3 Mark1 သေနတ်တလက်နဲ့ G3 သေနတ်တလက်တို့ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ စစ်တပ်လက်အောက်ခံတွေကို တောပု ပျူစောထီးကျေးရွာ ပျူစောထီးတွေက မုံရွာ နမခ ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
အခု ဇွန် ၁ ရက်ကနေ စတင်ကာ အင်အား ၅၀၀ ဝန်းကျင်ပါဝင်တဲ့ စစ်တပ်စစ်ကြောင်းဟာ ဇွန် ၈ ရက်အထိ ချောင်းဦးမြို့ပေါ်မှာ အထိုင်ချပြီး ချောင်းဦးမြို့နယ်ထဲက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်နေပါတယ်။
ဇွန် ၅ ရက်ကလည်း စစ်တပ်ရဲ့ ဂျိုင်ရိုကော်ပတာ ၄ စီး ရှမ်းထူးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄၅ နှစ်အရွယ် ကိုဝင်းကျော် သေဆုံးခဲ့ကာ ဇွန် ၈ ရက်အထိလည်း ချောင်းဦးမြို့နယ်ထဲကို စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။










