DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေး မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကို ထောက်ခံအားပေးဟု အာဆီယံ ကြေညာ
DVB
·
June 24, 2019
ရခိုင်အရေး မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကို ထောက်ခံအားပေးဟု အာဆီယံ ကြေညာ
Donate to DVB

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ဆက်လက် ထောက်ခံအားပေးသွားမယ်လို့  အာဆီယံက ကြေညာလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇွန်လ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့ကျင်းပတဲ့  (၃၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး မနေ့က ထုတ်ပြန်တဲ့ အာဆီယံဥက္ကဋ္ဌရဲ့ ကြေညာချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

အဆိုပါ ကြေညာချက်ထဲမှာ အာဆီယံ ဆန်းစစ်လေ့လာရေး အဖွဲ့ရဲ့ အစီရင်ခံစာပါ အဓိက အကြံပြုချက် (၃)ရပ်ဖြစ်တဲ့ ပြန်လည်လက်ခံရေးစခန်းနဲ့ ကြားစခန်းတို့ရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ နေရပ်ပြန်လာသူတွေအတွက် မြန်မာအစိုးရရဲ့ ပြင်ဆင်ဆောင်ရွက် ထားရှိမှုဆိုင်ရာ သတင်းအချက်အလက်တွေ ဖြန့်ဝေမှု ပိုမိုအားကောင်းစေရေးနဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေးရာမှာ ကူညီပံ့ပိုးရေး စသည်တို့ကို အာဆီယံအတွင်းရေးမှူးချုပ် အနေနဲ့ အကောင်အထည်ဖော် သွားစေဖို့ သဘောတူညီတယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ကိစ္စတွေကို မြန်မာအစိုးရကဖွဲ့စည်းဆောင်ရွက်နေတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ ဘက်မလိုက်ဘဲ လွတ်လပ်စွာ ဆောင်ရွက်ပြီး တာဝန်ယူတာဝန်ခံမှုရှိအောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒ့ါအပြင် ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်း အားလုံးရဲ့ ဘေးကင်းလုံခြုံရေးအတွက် လုံခြုံရေးအစီအမံတွေကို အတတ်နိုင်ဆုံး ထိထိရောက်ရောက် ဆောင်ရွက်ဖို့ မြန်မာအစိုးရဲ့ ကတိကဝတ်ပြုတာကို ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အဖွဲ့အစည်းတွေအကြား သဟဇာတဖြစ်ရေးနဲ့  ပြန်လည် သင့်မြတ်ရေးတို့အတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ဆက်လက် ထောက်ခံ အားပေးကြောင်းလည်း ဖော်ပြထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင်အရေးကိစ္စ အာဆီယံရဲ့ အပြုသဘော ဆောင်ရွက်တဲ့အပေါ် ကျေးဇူးတင်တဲ့အကြောင်းနဲ့ ကူညီပံ့ပိုးမှုတွေကို ကြိုဆိုတယ်လို့ ပြောသွားပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အာဆီယံဆန်းစစ်လေ့လာရေးအဖွဲ့ အနေနဲ့ ရခိုင် ပြည်နယ် အရေးကိစ္စဖြေရှင်းရေးအပေါ် လက်တွေ့ကျပြီး အပြုသဘောဖြင့် ချဉ်းကပ်ဆောင်ရွက်တဲ့ အတွက် အာဆီယံအတွင်းရေးမှူးချုပ်နဲ့ AHA Centre တို့အား ကျေးဇူးတင်ရှိကြောင်း၊ လိုအပ်ချက်တွေ  ပဏာမဆန်းစစ်လေ့လာရေး အဖွဲ့ရဲ့ အစီရင်ခံစာဟာ အပြုသဘောဆောင် ကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုတွေကို ကြိုဆိုကြောင်းနဲ့ ဒီပြဿနာ ချောမွေ့ လျင်မြန်စွာ ဖြေရှင်းရေးကို မိမိတို့လောက် လိုလားတဲ့နိုင်ငံ ရှိမှာမဟုတ်ကြောင်းလည်း ပြောသွားပါတယ်။

အာဆီယံနိုင်ငံ ခေါင်းဆောင်ကလည်း ရခိုင်ပြည်နယ်အရေးကိစ္စဟာ သိမ်မွေ့ရှုပ်ထွေး ကြောင်း၊ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက် ပြင်ဆင်ဆောင်ရွက် ရမယ့်  လုပ်ငန်းပမာဏ များစွာကြီးမားလို့ အာဆီယံက တိုးမြှင့်ကူညီပံ့ပိုးရန် လိုအပ်ကြောင်း၊ ပြန်လည် ဝင်ရောက်လာသူတွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရန် လိုအပ်ကြောင်းနဲ့ ပဏာမဆန်းစစ်လေ့လာရေးအဖွဲ့ရဲ့ အကြံပြုချက်တွေ အကောင်အထည်ဖော်ရာ မှာ အချိန်ဇယားသတ်မှတ်ရေးကို ထည့်သွင်းစဉ်းစားရန် အရေးကြီးကြောင်း တိုက်တွန်းပြောသွား ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ဇွန်လ ၂၃ ရက်ညက ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ နေပြည်တော်ကို ပြန်လည်ရောက်ရှိလာပါတယ်။

ဓာတ်ပုံ-State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013