
နိုင်လွတ်လုံဥပဒေ၊ အဂတိလိုက်စားမှု အပါအ၀င် မူခင်းတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ကနေ မေးမြန်းလာတာတွေကို ဦးကျော်ဇေယျ (ဥပဒေပညာရှင်၊စာရေးဆရာ) အား ဒီဗွီဘီ သတင်းထောက် နေရီရီက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ အဂတိလိုက်စားမှုကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်နေရပြီး တရားစွဲခံနေရသူတဦးက ဖြစ်စဉ်အမှန်ကို အမှုအတွက် ဖြောင့်ချက်ပေးမည်ဆိုပါက အမှုက ကင်းလွတ်ခွင့် ရနိုင်ပါသလား
ဖြေ။ ဖြောင့်ချက်ပေးတယ် ဆိုတာက အမှုစွဲမတိုင်ခင်မှာပေးမှ ဖြောင့်ချက်ဖြစ်တယ်။ သူရဲ့အဖြစ်မှန်ကို အမှုမှာ ပါဝင်ပတ်သက်၊ ကျူးလွန်ခဲ့တဲ့ဟာတွေကို သူပြောပြတာပေါ့။ အမှုတင်ပြီးမှ ပြောတဲ့ဟာကတော့ ဖြောင့်ချက် မဟုတ်တော့ဘူး ဝန်ခံချက် ဖြစ်သွားပါပြီ။ Investigation Period မှာ သူ့သဘောနဲ့သူ ဆန္ဒထုတ်ဖော်ပြီးတော့ ဝန်ခံဖြောင့်ချက် ပေးချင်ပါတယ်ဆိုပြီးတော့ ပြောလာတဲ့အခါမှာ ကျင့်ထုံးဥပဒေပုဒ်မ ၆၄ အရ လုပ်ထုံးလုပ်နည်းနဲ့ ယူတာပေါ့ကွယ်။ အဲဒီတော့ ဖြောင့်ချက်ရဲ့သဘောအရ ကိုယ်လွတ်ရုံးပြီး တခြားသူကို အပြစ်ပုံချ တာမျိုးက ဖြောင့်ချက်မဟုတ်ပါဘူး။ ဖြောင့်ချက်ဆိုတာ သူကိုယ်တိုင် ကျူးလွန်ခဲ့တဲ့အချက်နဲ့ ကျန်တဲ့ပုဂ္ဂိုလ်တွေ ကျူးလွန်တဲ့အချက်ကို ဝန်ခံတဲ့ ပြောဆိုတဲ့အချက်ကိုပြောတာ။
ဒီတော့အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့.. ဆိုကြပါစို့.. တရားခံက ၄ ဦးဖြစ်နေတယ်၊ သူတို့ကို ဖမ်းလိုက်ပြီး မယုံလို့ပဲဖြစ်ဖြစ်၊ ကျော်စောသတင်းနဲ့ပဲဖြစ်ဖြစ် စစ်ဆေးတဲ့အခါမှာ၊ ဒီထဲက ပုဂ္ဂိုလ်တွေရဲ့ထွက်ချက်အရ အမှုကပေါ်တယ်။ ကျူးလွန်ရန်အကြောင်းရှိတယ် ဆိုတဲ့အချက် တွေပေါ်နေပြီ။ ဒါပေမယ့် ပြင်ပသက်သေခံ အထောက်အထား ရှာမရဘူး ဆိုပါတော့။ အဲလို ရှာမရဘူးဆိုရင် ဒီထဲက ပုဂ္ဂိုလ်တဦးကို အစိုးရသက်သေနဲ့ပဲ လုပ်ရတော့မှာပေါ့။ အဲဒါဆိုရင်တော့ သူ့အလိုအလျောက် ဖြောင့်ချက်ပေးချင်တဲ့သူ ရှိမယ်ဆိုရင် သူ့ရဲ့ဖြောင့်ချက်ကို အသုံးပြုပြီးတော့ အမှုကို တည်ဆောက်သွားရင်တော့ ဒါက အကျိုးသက်ရောက်မှု ရှိသွားတာပေါ့။ ဒါဆိုရင် သူက အစိုးသက်သေဖြစ်တဲ့အတွက် အမှုက ကင်းလွတ်ခွင့်ရတယ်။ သို့သော် အမှုတည်ဆောက်တဲ့နေရာမှာ တခြားကလည်း သက်သေအထောက်အထားတွေက ရှိထားပြီးတော့မှ သူ့သဘောနဲ့သူ ဖြောင့်ချက်ပေးချင် တယ်လို့ပြောရင် ဒါက သိပ်ပြီး အကျိုးသက်ရောက်မှုရှိမှာ မဟုတ်သလို အစိုးရသက်သေအနေနဲ့လည်း ပါဝင်လာနိုင်စရာရှိမှာ မဟုတ်ပါဘူး။
အဲဒီတော့ ခြုံပြီးပြောရရင် ဖြောင့်ချက်ပေးတဲ့ သူက အမှုကနေ ကင်းလွတ်ခွင့်ရနိုင်သလား ဆိုတာက စောစောကပြောသလို တခြားအချက်အလက် အထောက်အထားတွေမရှိဘူး၊ သူတို့ရဲ့ ထွက်ဆိုချက်အရ အမှုကပေါ် ပေါက်လာတာဆိုရင် ဒီထဲက ပုဂ္ဂိုလ်တစ်ယောက်ယောက်က အားလုံးကို ဖွင့်ချပါမယ်ဆိုပြီး သူ့သဘောဆန္ဒအရ လွတ်လပ်စွာ ဖြောင့်ချက်ပေးတဲ့ဟာကို အသုံးပြုပြီးတော့ အမှုမှာ တည်ဆောက်မယ်၊ စစ်ဆေးမယ်ဆိုရင် အစိုးရသက်သေအဖြစ် ပါဝင်တဲ့လူဟာ အမှုက ကင်းလွတ်ခွင့်ရပါတယ်လို့ ဖြေချင်ပါတယ်။
မေး။ ကျနော်က ရဲစခန်းမှူးတယောက်ပါ။ နိုင်လွတ်လုံဥပဒေလို့ ပြောနေကြတဲ့ နိုင်ငံသား များ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်းမှာ ရဲစခန်းတာဝန်ခံများအနေနဲ့ အခက်အခဲတချို့ရှိလာပါတယ်။ လုပ်ထုံးလုပ်နည်းအရ အမှုဖွင့်ပေးရတာ ကိစ္စမရှိပေမယ့် ပြသနာပေါင်းစုံကိုလာတိုင်ပြီး အမှု မဖွင့်ပေးရင် တိုင်မယ်တောမယ်ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေကြောင့် အခက်တွေ့နေရပါတယ်။ အထူးသဖြင့် နိုင်လွတ်လုံဥပဒေပါ ၈(စ) နဲ့ အမှုလာဖွင့်တဲ့အခါ ဒီပြဋ္ဌာန်းချက် နဲ့ငြိစွန်းကြောင်း ဘယ်လို မှတ်ယူကောက်ချက်ချနိုင်မလဲဆိုတာကို သိပါရစေ။
ဖြေ။ နိုင်ငံသားများလွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၈၊ အဲဒီမှာ နစ်နာမှုတွေနဲ့ ပတ်သက်ပြီးတော့ နစ်နာသူတွေက တိုင်ကြားနိုင်တယ်။ ဒီလို တိုင်ကြားတာကိုမှ လက်မခံဘူး၊ အမှုမဖွင့်ပေးရင် အဲဒီလူကို အရေးယူရမယ်လို့ ပါပါတယ်။ ဒီတော့ ဥပဒေညွှန်ကြားတဲ့အတိုင်း လုပ်ရုံပဲပေါ့။ ဥပမာ ၈ (ဂ) ဆိုပါစို့။ သူက ကိရိယာတခုခုနဲ့ ပြောဆိုနေကြတာကို ကြားဖြတ်ပြီး နားထောင်တာကို အနောင့်အယှက်ပြုတာမျိုးဆိုရင် ဒီဥပဒေ ပုဒ်မနဲ့ ငြိတာပေါ့။ တိုင်တဲ့သူက လာတိုင်ပြီဆိုရင်.. ကောင်းပြီ.. သူက ကျင့်ထုံးဥပဒေပုဒ်မ ၁၅၄ အရ ဆောင်ရွက်ရမယ် ပြောတာကိုး။ ရေးထားပြီးတော့ သူကိုယ်တိုင်နှုတ်ကပြော၊ တိုင်ကြား၊ မှန်ရင်လက်မှတ်ထိုး ပေါ့။ ဥပဒေအရ ဖွင့်မယ်ဆိုရင် ဖွင့်ပေါ့။
တခုရှိတာက အမှုစစ်ရဲများက အမှုကို လာတိုင်တယ်ဆိုရင် သူတို့က ဘာကို အရင်စဉ်းစာလဲဆိုတော့ တိုင်တဲ့သူ တိုင်တာ ဟုတ်ရဲ့လား၊ အတိုင်ခံရတဲ့သူကကော ပြစ်မှုကျုးလွန်တာ ဟုတ်ရဲ့လား၊ ဒါကို ခေါင်းထဲထည့်ပါတယ်။ ကျုးလွန်တဲ့သူက အပြစ်ရှိလား၊ မရှိဘူးလား ဆိုတာ သူက စဉ်းစားပါတယ်။ အမှန်က ရဲက အဲဒီအထိ စဉ်းစားစရာ မလိုဘူး။ အတိုင်ခံရတဲ့သူ အပြစ်မရှိဘူး၊ ရှိတယ်ဆိုတာကို စဉ်းစားရမှာက တရားရုံးကပါ။ ရဲက ဘာလုပ်ရမလဲဆိုတော့ အထောက်အထား ခိုင်ခိုင်မာမာ ပြနိုင်တဲ့ အချက်အလက်ကို တောင်းရုံပဲ။ အချက်အလက်တွေ ပြည့်ပြည့်စုံစုံ ရှိလို့၊ အမှုကို တည်ဆောက်လို့ ရနိုင်တဲ့ အနေအထားရှိနေပြီ၊ အတိုင်ခံရတဲ့သူက ပြစ်မှုကို ကျုးလွန်နေတဲ့ဟန် ပေါက်နေပြီဆိုရင် ပြစ်မှုကို စွဲတင်ပေးလိုက်ပေါ့။ တရားခံကျုးလွန်တယ်၊ မကျုးလွန်ဘူးဆိုတာ သူမစဉ်းစားပါနဲ့။ ဒီအထိ စဉ်းစားတဲ့အခါကျတော့ အမှုကို ဖွင့်ပေးရကောင်းမလား၊ မကောင်းလား၊ စသဖြင့် ဒီအထိ စဉ်းစားရင် အလုပ်လုပ်ရတာ ခက်ခဲပါတယ်။ အမှန်က လိပ်ပြာလုံလုံနဲ့ အထောက်အထားပေးပါ။ ခိုးနားထောင်တယ်၊ နှောင့်ယှက်တယ်ဆိုရင် ဘယ်အထောက်အထားနဲ့ တိုင်တာလဲ ဆိုတာကို တောင်းလိုက်ရုံပါပဲ။ တိုင်တယ်ဆိုကတည်းက သူ့မှာ အထောက်အထားရှိရမှာပေါ့။ မရှိရင်လည်း မရှိတဲ့အလျောက် အမူကို ပိတ်သိမ်းလိုက်ပေါ့။ ရုပ်သိမ်းရင်သိမ်း၊ လွဲပြောင်းရင်ပြောင်း၊ ရဲလုပ်ထုံးလုပ်နည်း ရှိပြီးသားပဲ။ အမှုဖွင့်ရမှာကို စိုးရိမ်နေစရာမလိုပါဘူး။ အချက်အလက်တွေ ပြည့်ပြည့်စုံစုံရှိလို့၊ အမှုကို တည်ဆောက်လို့ ရနိုင်တဲ့ အနေအထားရှိနေပြီဆိုရင် တည်ဆောက်လိုက်ပါလိုပဲ ဖြေကြားပေးချင်ပါတယ်။
မေး။ အခုနောက်ပိုင်းဖြစ်ပွားတဲ့ မှုခင်းတွေမှာ လူငယ်လူရွယ်တွေ ပါဝင်ပတ်သက်မှု များပြားလာတာကို တွေ့ရပါတယ်။ တရားရုံးရောက်တဲ့အခါ ပြစ်မှုကျူးလွန်သူဘက်မှ အသိုင်းအ၀ိုင်းတွေအနေနဲ့ ပြစ်မှုကျူးလွန်သူဟာ အရွယ်မရောက်သေးတဲ့သူဖြစ်ကြောင်းကို နည်းလမ်းမျိုးစုံသုံးပြီး တရားရုံးမှာ သက်သေပြကြပါတယ်။ ရိုးရိုးသား သားသက်သေပြတာတွေရှိသလို၊ မသမာတဲ့နည်းလမ်းတွေသုံးပြီး အထောက်အထား ခိုင်လုံအောင်ပြကြလို့ ဖြစ်တဲ့ အမှုကကြီးပေမယ့် ပေါ့ပေါ့တန်တန်ပြီးသွားတဲ့ အမှုတွေလည်း ရှိနေပါတယ်။ ကလေးသူငယ်ဖြစ်ကြောင်း သက်သေပြတာကို ဥပဒေက ဘယ်လိုခွင့်ပြုထားပါသလဲ။
ဖြေ။ တရားခံဆိုတဲ့ အခွင့်အရေးကတော့ ဥပဒေပေးထားတဲ့ဘောင်အတွင်း ခုခံချေပခွင့် ရှိပါတယ်။ ဒါကိုတော့ အပြစ်ပြောစရာ မလိုပါဘူး။ မမှန်ကန်တဲ့နည်းကို သုံးလား၊ မသုံးလားဆိုတာ အရင်ကြည့်တာကိုး။ ဥပဒေမှာက ၇ နှစ်အောက်ရှိတဲ့ ကလေးတွေ ပြစ်မှုကျုးလွန်တယ်ဆိုရင် ဆင်ခြင်ဉာဏ်နည်းပါတဲ့အတွက် သူတို့ဟာ ပြစ်မှုမမြောက်ဘူးလို့ ရာဇသတ်ကြီးဥပဒေမှာ ဆိုထားပြီးသားပါ။ ၇ နှစ်၊ ၁၂ နှစ် ကြားဆိုလည်း ဆင်ခြင်နိုင်တဲ့သဘော မပြည့်စုံသေးဘူးဆိုရင် ပြစ်မှုမမြောက်ပါဘူး။ ယတိပြတ်မဟုတ်ဘူး။ သူရဲ့ဆင်ခြင်ဉာဏ်တရားက အကျိုးနဲ့ အကြောင်းကို နားလည်နိုင်စွမ်း ရှိ၊ မရှိပေါ်မှာ မူတည်တယ်။ များသောအားဖြင့် ငယ်ရွယ်တဲ့ ကလေးများဟာ ပူအိုက်တဲ့ ဒီနိုင်ငံမှာ သွေးဆူကြတာများတယ်။ ၁၂ နှစ်အောက်ကို မှတ်တမ်းများအရ rape cases တွေတောင် တော်တော်များများရှိတယ်။ “အစိုးရနဲ့ အုန်းကြိုင်”ဆိုတဲ့စီ ရင်ထုံးလည်းရှိပါတယ်။ ၁၉၁၈ အောက်မြန်ပြည် စီရင်ထုံး၊ စာမျက်နှာ ၉၆ မှာ ၁၂ အောက်မို့လို့ အပြစ်မရှိဘူးလို့ ယတိပြတ် မပြောရဘူး။ ၁၂ အောက်ဆိုပေမယ့် အကျိုးအကြောင်းနဲ့ စဉ်းစားနိုင်တယ်ဆိုရင် သူ့ကို ထိုက်တန်တဲ့ ပြစ်မှုပေးရမယ်လို့ ဆိုထားပါတယ်။ ဒီတော့ ကလေးသူငယ် ဟုတ်၊ မဟုတ်ဆိုတာ ပြကြတာပေါ့။
တချို့ကျတော့ အသက်ကိုပြတဲ့အခါ ဇာတာကို ပြကြတာပေါ့။ ကျောင်းဝင်ပုံစံတွေ ပြတာပေါ့။ အသက်ကြီးတာကို ငယ်အောင်လုပ်တားတာ၊ ငယ်တာကို ကြီးအောင်လုပ်ထားတာ တွေရှိတယ်။ ကျောင်းဝင်ပုံစံကလည်း ယတိပြတ်မှန်တယ်ပြောလို့ မရပါဘူး။ အဓိကတော့ မွေးစာရင်းပေါ့။ သန်းခေါင်စာရင်း၊ မှတ်ပုံတင်ရှိမယ်။ အဓိကတော့ ဆရာဝန်တွေရဲ့ ထင်မြင်ချက်ကို သက်သေခံဥပဒေပုဒ်မ ၄၅ အရ တောင်းခံရတာပေါ့။ ဆရာဝန်က ကိုယ်အလေးချိန်၊ အရပ်အမြင့်ရှိမယ်၊ အပေါ်သွားအောက်သွားတွေ စုံမစုံ၊ ချိုင်းမွေး၊ အင်္ဂါစပ်အမွေး စသည်တို့ကို စစ်ဆေးတယ်။ ဒါတွေပေါ်မှာမှုတည်ပြီး ဆရာဝန်များက အသက်အရွယ်ကို ထင်မြင်ချက်ပေးတာပါ။ ဒီ opinion ကို စောစောက အချက်အလက်တွေနဲ့ တိုက်လိုက်ရင် အနီးစပ်ဆုံးအသက်အရွယ်ကို ရတာ့ပေါ့။
ဒါနဲ့မပြီးသေးဘူး တရားရုံးများလက်စွဲစာပုဒ် ၆၂၅ မှာဆရာဝန်ရဲ့ opinion ရှိသည့်တိုင် တရားသူကြီးများက သူကိုယ်တိုင်လည်း စစ်ဆေးနိုင်ခွင့်ရှိတယ်။ တရားခံဘက်က သူ့အခွင့်အရေးအရ ထုချေတာကို အပြစ်မပြောပါနဲ့။ ဒါကြောင့် အသက်နဲ့ပက်သက်ပြီး ငယ်ရွယ်တိုင်း၊ ၁၂ နှစ်မပြည့်တိုင်း အမှုက လွတ်ရမယ်လို့ မဆိုလိုဘူး။ အပြစ်ပေးထားတဲ့ သာဓကတွေရှိတယ်လို့ ဖြေကြားပေးချင်ပါတယ်။
မေး။ ကျမတို့နှစ်ယောက် နှစ်ဦးသဘောတူကွာရှင်းပြီးဖြစ်လို့ တရားရုံးကလည်း ကလေးစရိတ်အတွက် လစဉ် ပေးဆောင်ရမည့် ငွေပမာဏကို သတ်မှတ်ပေးပြီးဖြစ်ပါတယ်။ ဒါပေမယ့် တလလာက်ပဲပေးပြီး နောက်ထပ် မပေးတော့ပါ။ ရှောင်နေပါတယ်။ ပုံမှန်ကလေးစရိတ်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိလိုပါတယ်။
ဖြေ။ ကလေးစရိတ်လျှောက်တာက ကျင့်ထုံးဥပဒေပုဒ်မ ၄၈၈ အရပါ။ ခုတော့ ကလေးစရိတ်က ၅၀၀၀၀ ပေါ့။ တရားရုံးက သတ်မှတ်ပေးပြီးပြီဆိုရင် ဒီအမိန့်ကို တရားဝင် ကူးထားဖို့ လိုတယ်။ တချို့ကမပေးဘဲ ပျက်ကွက်တာကိုး။ သူက မပေးဘူးဆိုရင် ကျင့်ထုံးဥပဒေပုဒ်မ ၄၈၈ (၂) အရ တရားရုံးကိုသွားပြီးတော့ ချမှတ်ထားတဲ့အမိန့်ကို တင်ပြရမှာပေါ့။ အဲလိုဆိုရင် တရားရုံး ဝရမ်းထုတ်ပါတယ်။ အာမခံပေးရင်လည်း ပေးမှာပေါ့။ အာမခံ မရနိုင် တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ပေးစရာရှိတာ ပေးရမှာပေါ့။ အဲလိုမှ မပေးနိုင်သေးရင် ထောင်တလ ချနိုင်သေး ပါတယ်။ ဒါကြောင့် ဒီလို အမိန့်ချတယ်ဆိုရင်တော့ စောင့်ကြည့်ဖိုလိုတာပေါ့။ မပေးဘူးဆိုရင် ၄၈၈ (၂) အရ ဆက်တိုင်ပါ။ ဆက်ပြီးတော့ တရားရုံးက အရေးယူပါလိမ့်မယ်လို့ အကြံပေးချင်ပါတယ်။
မေး။ ရဲစခန်းက တရားခံတယောက်ကို အချိန် ဘယ်လောက်ကြာသည်အထိ ချုပ်နှောင်ခွင့် ရှိပါသလဲ။ ရှေ့နေ မငှားနိုင်တဲ့ တရားခံတယောက်ကို အစိုးရက ဘယ်လိုအကူအညီပေးပါသလဲ။
ဖြေ။ ဒါကတော့ ဖွဲ့စည်းပုံမှာလည်း ပါပါတယ်။ ရဲစခန်းဆိုတာ ၂၄ နာရီထက် လူတယောက်ကို ပိုပြီးချုပ်ခွင့်မရှိပါဘူး။ လိုအပ်လို့ ဥပမာ အမှုကို စုံစမ်းစစ်ဆေးဖို့ အကြောင်းတွေ ရှိမယ်ဆိုရင်တော့ တရာသူကြီး အမိန့်နဲ့ ရမန်ယူပေါ့၊ ချုပ်မိန့်တောင်းပေါ့။ ရမန်လေး တပတ်၊ ရမန်ကြီး နှစ်ပတ်ဆိုရင် တလထိ ချုပ်နိုင်ပါတယ်။
နောက်တခုက ဆင်းရဲနွမ်းပါးပြီးတော့ သေဒဏ်ထိုက်သင့်တဲ့ပစ်မှုကို ကျုးလွန်ထားသူသည် မငှားနိုင်ရင် နိုင်ငံတော်အစိုးရက အစိုးရစရိတ်နဲ့ ငှားပေးတယ်လေ။ ပူစရာမလိုပါဘူး။ သို့သော် သေဒဏ်ထိုက်သင့်တဲ့ပြစ်မှု မဟုတ်ရင်၊ သာမန်ပြစ်မှုလည်း ဖြစ်ချင်ဖြစ်မှာပေါ့၊ ဒါပေမယ့် ရှေ့နေမငှားနိုင်ရင်၊ သူကလည်း မထုချေတတ်ရင် ဥပဒေအထောက်အကူပြုတဲ့အဖွဲ့တွေ အများကြီးရှိပါတယ်။ အကူအညီတောင်းပါ။ Legal Aid အဖွဲ့တွေ အများ ကြီးရှိပါတယ်၊ အမျိုးသမီး၊ ကလေး စတဲ့ နစ်နာသူတွေအတွက် လိုက်ပေးတဲ့ရှေ့နေတွေဆီမှာ အကူအညီသွား တောင်းရင်လည်း ရပါတယ်။ ဥပဒေအထောက်အကူပြုတဲ့အဖွဲ့တွေမှာလည်း အကူအညီ သွားတောင်းလို့ ရတယ်ဆိုတာ ဖြေကြားပေးချင်ပါတယ်။











