DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ရခိုင်ပြည်နယ် လုံခြုံရေးအပေါ်  မူတည်
သုတချမ်းသာ
·
June 22, 2026
Photo : Reuters
Photo : Reuters
Donate to DVB

ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရက ဆွေးနွေးညှိနှိုင်း ကြိုးပမ်းနေပေမဲ့  လက်ရှိအခြေအနေမှာ မြန်မာဘက်ကိုပြန်ဖို့ မဖြစ်နိုင်သေးတဲ့အကြောင်းနဲ့ ရခိုင်ပြည်နယ် လုံခြုံရေးအပေါ်  အဓိက မူတည်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ 

ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာစစ်အာဏာရှင်နဲ့ရော အာရက္ခတပ်တော် (AA) နဲ့ပါ နှစ်ဖက်စလုံးနဲ့ ဆွေးနွေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလာရာမန်က ဇွန် ၁၇ ရက်က ဘင်္ဂလားဒေ့ရှ် လွှတ်တော်မှာ ပြောဆိုထားပါတယ်။

ဒီကိစ္စဟာ ရှုပ်ထွေးပြီး ထိခိုက်လွယ်တဲ့ ကဏ္ဍစုံ ပါဝင်နေတဲ့ နိုင်ငံတကာပြဿနာတရပ်ဖြစ်ပြီး ဒုက္ခသည်တွေ နေရပ်ပြန်ရေးဟာ ရခိုင်ပြည်နယ် လုံခြုံရေး အခြေအနေပေါ်မှာ အဓိကမူတည်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ - BROUK ရဲ့ မှတ်တမ်းတွေအရ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ရိုဟင်ဂျာဒုက္ခသည် ၁၂ သိန်းကျော်နဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ၄ သိန်းကျော် စုစုပေါင်း လူဦးရေ ၁၆ သိန်းကျော်အထိ အခက်အခဲ ကြုံနေရတာ ဖြစ်ပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ - BROUK မှ ဦးထွန်းခင်က “နေရပ်ပြန်ရေးကတော့ လောလောဆယ် ရခိုင်ပြည်နယ်မှာ စစ်ဖြစ်နေတဲ့ အခြေအနေမှာတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ အိန္ဒိယကတော့ ရိုဟင်ဂျာတွေကို သူ့နိုင်ငံကနေတောင် မောင်းထုတ်နေတယ်ဆိုတော့ ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း သူက ဖိအားပေးမှုတွေ ရှိလာနိုင်တယ်။ ရခိုင်ဒေသမှာ တရုတ်နဲ့ အိန္ဒိယရဲ့ အားပြိုင်မှုတွေ ရှိနေတယ်ဆိုတော့ ကျနော်တို့အနေနဲ့လည်း အာဆီယံရော တခြားနိုင်ငံတွေနဲ့ ချဉ်းကပ်ပြီးတော့ အလုပ်လုပ်ရမဲ့ အနေအထားမှာတော့ ကျနော် မြင်ပါတယ်။ နိုင်ငံအားလုံးနဲ့ ပြီးတော့ Organization of Islamic Cooperation (OIC) အဖွဲ့ဝင်နိုင်ငံတွေရော အားလုံးနဲ့ ကျနော်တို့ ဒီဟာတွေကို လုပ်ဖို့ စဉ်းစားထားပါတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယရော တရုတ်ရော ရခိုင်ဒေသမှာ ကျနော်တို့အားလုံး လိုလားတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ ဘယ်လို နေထိုင်မလဲ ဆိုတဲ့ဟာကို ဦးစားပေးပြီး စဉ်းစားတာတော့ မတွေ့ရဘူးဗျ။ အထူးသဖြင့် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိုလည်း သူတို့က ဦးစားပေးပြီး မစဉ်းစားဘူး။ ကျနော်တို့ကတော့ သူတို့နဲ့ အိမ်နီးချင်းနိုင်ငံ ဆိုပေမဲ့လည်း တခြားနိုင်ငံအားလုံးနဲ့လည်း ပူးပေါင်းပြီး လုပ်ဖို့ ကျနော်တို့အနေနဲ့ ရှိပါတယ်” လို့ ပြောပါတယ်။

ဇွန်လဆန်းမှာ စစ်ခေါင်းဆောင်က အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံခွင့်ရခဲ့သလို ဇွန်လလယ်ပိုင်းမှာလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခွင့် ရထားတာပါ။

တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးရဲ့ အကျိုးစီးပွားဆုံချက်ဟာ ရခိုင်ဒေသတွင်းမှာ ရှိသလို ဖြစ်နေတဲ့အတွက် ရခိုင်တပြည်လုံးနီးပါးကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) နဲ့ ဒေသခံပြည်သူတွေအပေါ် ဖိအားတွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာစစ်တပ်ကို အကြိမ်ကြိမ် တိုက်တွန်းတာတွေ ရှိခဲ့ပေမဲ့ ၁၀ စုနှစ် တခုနီးပါး ကြာလာတဲ့အထိ ပြဿနာဟာ ပြေလည်မှုမရနိုင် ဖြစ်နေခဲ့တာပါ။

နိုင်ငံရေးသုံးသပ်သူ ဦးထွန်းကြည်က “ဘင်္ဂလားဒေ့ရှ်က စစ်အုပ်စုနဲ့ရော အာရက္ခတပ်တော် (AA) နဲ့ရော နှစ်ဖွဲ့စလုံးနဲ့ ဆွေးနွေးနေတယ်လို့ ကြားတဲ့အခါကျတော့ ဒါကတော့ ကြိုဆိုရမဲ့ကိစ္စပေါ့။ သို့သော်ငြားလည်း နိုင်ငံရေးစိတ်စေတနာက အရေးကြီးတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ဂုဏ်သိက္ခာရှိရှိ ပြန်ဖို့ဆိုတဲ့ နေရာမှာ ဆွေးနွေးတာကိုတော့ အကောင်းမြင်ပါတယ်ပေါ့။ စစ်အုပ်စုက တမင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ကို စနစ်တကျ ရိုဟင်ဂျာပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တာ ဒါ ငြင်းလို့မရတဲ့ ကိစ္စပေါ့။ ဘင်္ဂလားဒေ့ရှ်ကလည်း အစိုးရသစ်ဖြစ်တာ မကြာသေးဘူး။ သူ့နယ်မြေထဲမှာ ဒုက္ခသည်တွေက သန်းနဲ့ချီပြီး ရှိနေတဲ့အခါကျတော့ သူ့အတွက်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်ပေါ့။ ရခိုင်ပြည်နယ်ထဲမှာလည်း လက်ရှိမှာက စစ်ပွဲတွေက ဖြစ်နေသေးတယ်ပေါ့နော်။ ဘင်္ဂလားဒေ့ရှ်အစိုးရက တိုက်တွန်းရုံနဲ့ မရဘူးဗျ၊ ဖိအားပေးမှ ထိရောက်မယ်လို့ ကျနော် မြင်တယ်။ အခုလောလောလတ်လတ်ကတော့ ဂုဏ်သိက္ခာရှိရှိပေါ့ဗျာ၊ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ကိစ္စကတော့ မဖြစ်နိုင်သေးဘူးတော့ မြင်တယ်ပေါ့။ သူတို့အတွက်က လုံခြုံရေးက သိပ်အရေးကြီးပါတယ်။ ဂုဏ်သိက္ခာရှိရှိ ပြန်ဖို့ဆိုတဲ့ နေရာမှာလည်း သူတို့ပြန်မဲ့နေရာတွေ၊ သူတို့ နဂိုမူလ နေရာတွေပေါ့၊ အဲဒီနေရာတွေမှာတော့ လုံခြုံစိတ်ချရဖို့ကလည်း အလွန်တရာမှ အရေးကြီးတယ်၊ ဒီကိစ္စက အကဲဆတ်တယ်ဗျ” လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်း သတ်ဖြတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်ဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) နှစ်ခုစလုံးမှာ အမှုရင်ဆိုင်နေရတာပါ။

ဒီပြဿနာနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဖမ်းဝရမ်းထုတ်ဖို့ ဗြိတိန်လွှတ်တော်အမတ် ၁၁ ယောက်က ဗြိတိန်လွှတ်တော်မှာ (Early Day Motions) အရေးကြီးတဲ့ကိစ္စအဖြစ် လက်မှတ်ရေးထိုး တိုက်တွန်းထားသလို စစ်ခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်တို့ အပါအဝင် ၂၃ ယောက်ကို အာဂျင်တီးနားတရားရုံးက ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်မှာ ဖမ်းဝရမ်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013