
မြန်မာစကားအသုံးအနှုန်းတခုဖြစ်သော “တရားဥပဒေ” နှင့်ပတ်သက်၍ ဖွင့်ဆိုရာတွင် “တရား” နှင့် “ဥပဒေ” သည် အစဉ်တွဲစပ်နေအပ်သည် သို့ မှသာ အနက်အဓိပ္ပာယ်ပြည့်စုံမည်ဟု တချို့ က ယူဆသည်။ ထိုအယူအဆရှိသူများအတွက် “တရားသောဥပဒေ” “ မတရားသောဥပဒေ” ဟူသော အသုံးအနှုန်းသည် အငြင်းပွားစရာ ဖြစ်နေလိမ့်မည်။ ဥပဒေ ဟူသည် တရားမျှတမှုကို ဖော်ဆောင်သောအရာ ဖြစ်သဖြင့် မတရားသောဥပဒေ ဟူသည့်အသုံးအနှုန်းမှာ သူ့ဖာသာ ဆန့်ကျင် (Self-contradictary) နေကြောင်း၊ “ဥပဒေ” ဟူသော ဝေါဟာရကို ဖျက်လိုဖျက်ဆီးလုပ်ခြင်းသာဖြစ်ကြောင်း ဝေဖန်ပေလိမ့်မည်။ ထိုသူများအတွက် ပါမောက္ခဒေါက်တာမြင့်ဇံ၏ “စိန့်သောမတ်စ် အကွင်းနပ်စ်ရဲ့ တရားတဲ့ ဥပဒေနှင့် မတရားတဲ့ ဥပဒေဆိုင်ရာ ဒဿနကို တစေ့တစောင်းလေ့လာချက်” စာအုပ်သည် စိတ်ဝင်စားစရာ ဖြစ်နိုင်သည်။
“Aquinas အလိုအရ Lex Human ဆိုတဲ့ “လူလုပ်ဥပဒေ” တွေဟာ တရားတဲ့ဥပဒေ၊ သို့မဟုတ် မတရားတဲ့ ဥပဒေတွေ ဖြစ်နိုင်တယ်။ တရားတဲ့ဥပဒေဆိုတာ Aquinas အလိုအရ (၁) လူ့အဖွဲ့အစည်းအတွက် အမှန်တကယ်လိုအပ်တဲ့ ဥပဒေဖြစ်ရမယ်။ (၂) ဥပဒေကို ပြုလုပ်ပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းက ပြုလုပ်ပြဋ္ဌာန်းတဲ့ ဥပဒေ ဖြစ်ရမယ်။ (၃) လူ့ကိုယ်ကျင့်တရား မဖောက်ဖျက်စေရန်၊ လူ့ကိုယ်ကျင့်တရား ထိန်းသိမ်းကာကွယ် မြှင့်တင်ရန် ဦးတည်တဲ့၊ အကျိုးဆက်ရှိတဲ့ ( virtuous) ဥပဒေ ဖြစ်ရမယ်လို့ ယဘုယျအားဖြင့် ဖော်ပြပါတယ်။ ( စာမျက်နှာ ၂၇)”
“ဒီလိုဆိုရင် လူ့အဖွဲ့အစည်းအတွက် အမှန်တကယ် မလိုအပ်တဲ့ (ကိုယ်ကျင့်တရားအမြင်အရ) ဥပဒေကို ပြဋ္ဌာန်းလုပ်ပိုင်ခွင့်မရှိတဲ့၊ လူ့ကိုယ်ကျင့်တရားကို ထိန်းသိမ်း ကာကွယ်မြှင့်တင်ရန် ရည်ရွယ်ချက်မရှိတဲ့ လူ့ဥပဒေများရဲ့ အနေအထားဟာ Aquinas သဘောအရ “တကယ့်” ဥပဒေလား၊ ဥပဒေ မဟုတ်ဘူးလား ဆိုတာကိုတော့ ကျနော့် ဖတ်ရှုသုံးသပ်ချက်အရ (အထက်မှာ ဖော်ပြခဲ့သလိုပဲ) အနည်းငယ်သာ (အနှစ်သာရအားဖြင့်) ကွဲပြားတဲ့ သဘောထားနှစ်ရပ်ကို ထုတ်နုတ်ယူနိုင်ပါတယ်။ (စာမျက်နှာ ၂၈) ”
“ပထမနဲ့ ပိုမိုကျယ်ပြန့် အကျုံးဝင်တဲ့ သဘောထားကတော့ မတရားတဲ့ “လူလုပ်” ဥပဒေတွေဟာ သဘာဝတရားဥပဒေနဲ့ မညီညွတ်ရင် ဥပဒေကို (လုံးလုံး) မဟုတ်ဘူး။ (Unjust laws are no laws at all ) ဆိုတဲ့ သဘောထားအမြင်ပါပဲ ( စာမျက်နှာ ၂၈) ”
“ဒုတိယသဘောထားကတော့ လူလုပ်ဥပဒေတွေဟာ အမည်နာမအားဖြင့် (ဗုဒ္ဓဘာသာစကားကို ငှားရမ်း အသုံးပြုရရင်) (သတိ - လျောက်ပတ်တဲ့ ငှားရမ်းမှု လို့ မရေးပါ) “ပညတ်” သဘောအားဖြင့် (တော့) ဥပဒေဖြစ်တယ်။ ဒါပေမယ့် ဥပဒေရဲ့ အနှစ်သာရကို ကျေပျက်စေတဲ့၊ လော်လီဖောက်ပြားမှုတွေ ဖုံးလွှမ်းနေတဲ့ “ဥပဒေ” တွေ (perversions of law) လို့  ဆိုပါတယ်။ အမည်နာမအားဖြင့် “ဥပဒေ” တွေ ဖြစ်ပေမယ့် အနှစ်သာရသဘောအားဖြင့် ဥပဒေ “သရုပ်” ကို (ယောင်) ဆောင်နေတဲ့ ဥပဒေကို ဖောက်ပြားစေမှုများသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ( စာမျက်နှာ ၂၈၊ ၂၉ ) ”
ပါမောက္ခဒေါက်တာမြင့်ဇံက အကွင်းနပ်စ်၏ ဥပဒေဆိုင်ရာ သဘောထားအမြင်ကို ဖွင့်ဆိုပြရင်း စဉ်းစားစရာများကို ထည့်သွင်းထားပါသည်။ ဥပမာ “ကျေးကျွန်ပြုမှုကို ခွင့်ပြုသည့် ဥပဒေများသည် မတရားသော ဥပဒေများ ဖြစ်သည်ဟု အကွင်းနပ်စ်က ရှုတ်ချခဲ့ခြင်း မရှိခဲ့သောအချက်”။ သို့သော် ယင်းအချက်ကို ဖော်ပြခြင်းမှာ “ဝေဖန်”သည့်သဘောမဟုတ်ဘဲ “စဉ်းစားတွေးဆ” ရန်အတွက်သာ ဖြစ်သည်ဟု ရေးထားသည်။ ခေတ်စနစ်၏ လွှမ်းမိုးမှုကို မလွန်ဆန်နိုင်ခဲ့သော ပညာရှင်တယောက်အား နားလည်မှုပေးသည်သဘော ဖြစ်ကောင်းဖြစ်မည်။
စိန့်သောမတ်စ်အကွင်းနပ်စ် (Saint Thomas Aquinas 1224/25 - 1274) သည် ခရစ်ယာန်ဘာသာ၏ အထွတ်အထိပ်ဘွဲ့ထူးဖြစ်သော Saint ဘွဲ့ကို ရရှိသူဖြစ်ရာ သူ၏ ဖွင့်ဆိုချက်များသည် ခရစ်ယာန်ဘာသာနှင့် လိုက်လျောညီထွေ ဖြစ်မည်ကိုကား သံသယရှိစရာ မလိုပေ။ ထိုကြောင့် အကွင်းနပ်စ်၏ အမြင်တွင် တရားသောဥပဒေဟူသည် ခရစ်ယာန်ဘာသာလွှမ်းမိုးသော လူ့အဖွဲ့အစည်း၏ တည်တံ့ခိုင်မာရေးနှင့် ဆက်စပ်နေပါမည်။ ထို့ပြင် အကွင်းနပ်စ်သည် ကျေးကျွန်စနစ် ထွန်းကားနေသော လူ့အဖွဲ့အစည်းအတွင်း မြင့်မားသောနေရာကို ရယူထားသူလည်း ဖြစ်သဖြင့် ကျေးကျွန်စနစ်နှင့် ဆန့်ကျင်သော အယူအဆများကို သူ၏ ဒဿနတွင် မတွေ့ရခြင်းမှာလည်း စင်စစ် သဘာဝကျပါသည်။ အကွင်းနပ်စ်သည် ကားလ်မတ်စ် (Karl Marx) ကဲ့သို့ ခေတ်ကို ပြောင်းလဲလိုသည့် ဒဿနဆရာ မဟုတ်ဘဲ သူ့ခေတ်သူ့စနစ်ကို ခိုင်မာအောင်ပံ့ပိုးလိုသော ဘာသာရေးဒဿန ဆရာမျှသာဟု ဆိုနိုင်သည်။ ယင်းအချက်ကို ထောက်ပြနေသော အယူအဆကိုလည်း ဒေါက်တာမြင့်ဇံ၏ ရေးသားချက်တွင် တွေ့ရသည်။
“Aquinas ဟာ တရားတဲ့ဥပဒေနဲ့ မတရားတဲ့ဥပဒေကို ခွဲခြားဖို့ စံများကို သတ်မှတ်ဖော်ပြခဲ့တဲ့အပြင် မတရားတဲ့ဥပဒေရဲ့ သဘောသဘာဝ ( Nature and Characteristics of Unjust Laws) နှင့် အဲဒီ မတရားတဲ့ ဥပဒေကို လိုက်နာသင့် မလိုက်နာသင့် ဆိုတဲ့ စဉ်းစားစရာ “ပြဿနာ” (ပြင်သစ်ဘာသာ စကားနဲ့ problematique) (သတိ - problematic အင်္ဂလိပ်ဘာသာစကား မဟုတ်) ဟာ သီးခြားစီ ဖြစ်ကြောင်း မိန့်မှတ်ခဲ့ပါတယ်။ ပြန်ကောက်ရရင် Aquinas က မတရားတဲ့ ဥပဒေတချို့(စင်စစ်အားဖြင့် အများစုကိုတောင်) လိုက်နာသင့်ရင် လိုက်နာရမယ်လို့ ဆိုပါတယ်။ ( စာမျက်နှာ ၃၉ ) ”
“ရှင်းနေတာကတော့ Aquinas အလိုအရ တရားတဲ့ဥပဒေတိုင်းကို ပုဂ္ဂိုလ်တဦးချင်း/ “ပြည်သူ” တွေအနေနဲ့ လိုက်နာရမယ်ပေါ့။ မတရားတဲ့ဥပဒေတွေကိုရော ပုဂ္ဂိုလ်တဦးချင်း သို့မဟုတ် အများပြည်သူ/ နိုင်ငံသားတွေအနေနဲ့  လိုက်နာရမလား။ ဒီအမေးပြဿနာကို Aquinas က ဖြေဆိုရာမှာ “မတရားတဲ့ ဥပဒေ” တွေဟာ မတရားပင် မတရားသော်လည်း ယင်းမတရားတဲ့ ဥပဒေကို မလိုက်နာ၊ ဖီဆန်ခြင်းအားဖြင့် လူပုဂ္ဂိုလ်တဦးချင်းစီမှာ၊ လူ့အဖွဲ့အစည်းမှာ ဗရုတ်သုတ်ခဖြစ်၊ ကျော်မကောင်းကြားမကောင်းအောင် သတင်းဆိုး၊ အခြေအနေဆိုး (Scandals) ဖြစ်စေမယ်ဆိုရင် အဲဒီမတရားတဲ့ ဥပဒေတွေကို မဖီဆန် မဖောက်ဖျက်သင့်ဘူး၊ လိုက်နာသင့်တယ်လို့ ဆိုပါတယ်။ ( စာမျက်နှာ ၄၀)”
ဒေါက်တာမြင့်ဇံက Aquinas ၏ အယူအဆကို ရှုထောင့် ၂ မျိုးဖြင့် ပြန်လည် သုံးသပ်ပြထားသည်။ ပထမရှုထောင့်က ချိန်ခွင်လျှာထိုးပြီးသုံးသပ်မှု ( Balancing Perspective ) ဟု ဆိုသည်။
“မတရားတဲ့ဥပဒေကို လိုက်နာခြင်း သို့မဟုတ် မလိုက်နာခြင်းကို “အလေး” ကို “ချိန်ခွင်”မှာ “ချိန်” ကြည့်သလို မတရားတဲ့ဥပဒေကို လိုက်နာခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို “ချိန်” ကြည့်ပြီး မလိုက်နာခြင်းရဲ့  ဆိုးကျိုးတွေဟာ လိုက်နာခြင်းရဲ့  ဆိုးကျိုးတွေထက် ပိုမောက်၊ လွန်ကဲနေမယ် ဆိုရင်တော့ (ရုပ်တု ကိုးကွယ်ခြင်းကို အတင်းအကျပ်ပြုလုပ်စေသည့် ဥပဒေမျိုးကဲ့သို့သော ခရစ်ယာန်ဘာသာဝင်တွေရဲ့ သော့ချက်ယုံကြည်မှုကို တိုက်ရိုက်ချိုးဖောက်သော မတရားဥပဒေမျိုးမှ အပ) မတရားတဲ့ဥပဒေကို “ မချစ်သော်လည်း” လိုက်နာကြပေတော့။ သင်တို့ရဲ့ “လိပ်ပြာ” စိတ်နှလုံးကိုတော့ ဒီမတရားတဲ့ ဥပဒေတွေဟာ ဖုံးလွှမ်းချုပ်ကိုင်ထားနိုင်ခြင်း မရှိပေဘူးဆိုတဲ့ (ချင့်) “ချိန်” ပြီး ကောင်းကျိုးဆိုးလဒ်တွေကို “ချိန်ခွင်လျှာ” ထိုးကြည့်ပြီး ဆုံးဖြတ်မှုလို့ သုံးသပ်နိုင်ပါတယ်။ (စာမျက်နှာ ၄၄၊ ၄၅)”
“နောက်တနည်း သုံးသပ်နိုင်တာကတော့ Slippery Slope ” လို့ ဆိုတဲ့ “လျော့ဆင်း၊ လျော့ရဲ” ပြီး ဥပဒေအနည်းစု သို့မဟုတ် အချို့ကိုသာမကဘဲ ဥပဒေအများစုကိုပဲ ပုဂ္ဂိုလ်တဦးချင်းက ပုဂ္ဂလိကဓိဌာန်ကျစွာနဲ့ “မတရားတဲ့ဥပဒေ” တွေ ဆိုပြီး “၀ရုန်းသုန်းကား” (ပေါက်လွှတ်ပဲစား) သတ်မှတ်ကာ ဒီဥပဒေဟာ မတရား၊ ဒါကြောင့် ငါတို့မလိုက်နာဘူး ဆိုပြီး ဥပဒေမဲ့အဖြစ်ကို (Lawlessness) ကို လျှောဆင်းကျရောက်မယ့်အန္တရာယ်” ကို ရှောင်ဖယ်ဖို့ Aquinas ဟာ သူ့ရဲ့  မတရားတဲ့ ဥပဒေတွေကို လိုက်နာသင့်ရင် လိုက်နာရမယ်ဆိုတဲ့ မိန့်မှတ်ချက်ကို ပြုခဲ့လေသလားပဲ။ (စာမျက်နှာ ၄၆)”
ဒေါက်တာမြင့်ဇံ၏ စာအုပ်တွင် စဉ်းစားစရာပြဿနာများအဖြစ် “သမိုင်းဖြစ်ရပ်” တချို့ ကို တင်ပြထားသည်။ အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေး ခေါင်းဆောင် မဟတ္တမဂန္ဒီ နှင့် အမေရိကန်နိုင်ငံ၏ လူ့အခွင့်အရေး ခေါင်းဆောင် မာတင်လူသာကင်းဂျူနီယာ တို့၏ မတရားသောဥပဒေအပေါ် အာခံဖီဆန်မှုများသည် မှန်သလား မှားသလား၊ အကွင်းနပ်စ် ထက် ရှေးကျသောခေတ်က အေသင်မြို့ပြနိုင်ငံတွင် ပေါ်ခဲ့သည့် ဂရိဒဿနဆရာ ဆော့ခရတ္တိ၏အမှုတွင် မတရားသော ဥပဒေဖြင့် သေဒဏ်ပေးမှုကို လက်ခံခဲ့ခြင်းသည် မှန်သလား မှားသလား၊ ခရစ်ယာန်ဘာသာလာ အယူအဆနှင့် ဆန့်ကျင် သွေဖည်ခဲ့သော ဘရူနိုကို သေဒဏ်ပေးခဲ့သည့် ဥပဒေသည် တရားသလား သို့ မဟုတ် မတရားသလား၊ စသည်ဖြင့်။ အကွင်းနပ်စ်နှင့် ပတ်သက်ပြီး ဒေါက်တာမြင့်ဇံက ကောက်ချက်ချရာတွင် “ ၂၀ ရာစုနှစ် အတွင်းက မတရားတဲ့ဥပဒေတွေကို ငြိမ်းချမ်းစွာ ဖီဆန်ဆန့်ကျင်ခဲ့တဲ့ မဟတ္တမဂန္ဒီကြီးနှင့် မာတင်လူသာကင်း ဂျူနီယာတို့ရဲ့ လှုပ်ရှားမှုတွေကို အနည်းဆုံးတော့ (သမ္မာကျမ်းစာပါ အရေးအသားကို ကိုးကားသုံးစွဲရရင်) ကမ္ဘာမြေကြီးကနေ ရှုမြင်သုံးသပ်ခွင့်မရတဲ့ Aquinas ဟာလည်း “ အသေ စော” လှပါရဲ့ ။ ( စာ မျက်နှာ ၅၅) ” ဟု ရေးသားထားသည်။
ဒေါက်တာမြင့်ဇံက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော တင်ဇာမော်နိုင်အမှု (၁၉၅၀) နှင့် ဆော်ဒီအာရေ ဗီးယားနိုင်ငံတွင် ထုတ်ပြန်ခဲ့သော အမျိုးသမီးများ ကားမောင်းခြင်းကို တားမြစ်သည့်ဥပဒေကို စဉ်းစားစရာအဖြစ် တို့ကနန်း ဆိတ်ကနန်း တင်ပြထားသည်။ (လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ဝန်းကျင်ကာလတွင် NLD ခေါင်းဆောင်များက “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဟု ကြွေးကြော်ကာ စစ်အစိုးရအား ဆန့်ကျင်ခဲ့သည့်အဖြစ်ကို ကျယ်ကျယ်ပြန့်ပြန့် တင်ပြထားခြင်း မရှိသည်မှာ ယခုစာအုပ်၏ လိုအပ်ချက်ကြီးတခု ဖြစ်သည်။) မည်သို့ဆိုစေ ဥပဒေဆိုင်ရာ ဒဿန ပြဿနာများကို ဉာဏ်ကစားချင်သူတို့အတွက် ဒေါက်တာမြင့်ဇံ၏ စာအုပ်သည် “နှိုးဆွမှု” တခု ဖြစ်နိုင်ပါသည်။ ။
မောင်သာမည
(စာညွှန်း - ပါမောက္ခဒေါက်တာမြင့်ဇံ၏ စိန့်သောမတ်စ်အကွင်းနပ်စ် ရဲ့ တရားတဲ့ ဥပဒေနှင့် မတရားတဲ့ ဥပဒေဆိုင်ရာ ဒဿနကို တစေ့တစောင်း လေ့လာချက်)










