DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ရေမဆေးကျောက်ရှာဖွေသူတဦး သေနတ်ဖြင့် ပစ်ခတ်ခံရ
DVB
·
June 21, 2019
ဖားကန့်တွင် ရေမဆေးကျောက်ရှာဖွေသူတဦး သေနတ်ဖြင့် ပစ်ခတ်ခံရ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန် မှော်ရှိ ကျောက်စိမ်းမြို့တော် ကျောက်မျက်တူးဖော်ရေး ကုမ္မဏီလုပ်ကွက်မျောကြောင်း အတွင်းမှာ ဇွန်လ ၂၀ ရက်နေ့ မနက် ဆယ်နာရီခွဲအချိန်က ရေမဆေးကျောက် ရှာဖွေသူတဦး  သေနတ်နဲ့ ပစ်ခတ်ခံရလို့ ခြေသလုံးမှာ ဒဏ်ရာရရှိခဲ့ပါတယ်။

“ခြေသလုံးက ဖောက်ထွက်သွားတာ။ ကံကောင်းတာက အရိုးကိုမထိဘူး။ ဒဏ်ရာက အထဲမှာ တခုခုကျန်နေသလိုပဲ။ ခုအဲဒီကလေးက မြစ်ကြီးနား ဆင်းဆေးကုရမှာ။ တဖက်က ဘာမှ ဆက်သွယ်လာတာ မရှိဘူး” လို့ ဖားကန့်မြို့နယ် NLD လူငယ် တာဝန်ခံ ကိုစိုင်းသီဟ တင်စိုးက ပြောပါတယ်။

သေနတ်ဒဏ်ရာရရှိခဲ့တဲ့ ကိုမင်းကိုနိုင် ၂၂ နှစ်ဟာ စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ် ကျောက်အင်းကုန်းကျေးရွာ ဇာတိဖြစ်ပါတယ်။ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ငြိမ်းချမ်းသာယာအပိုင် ပြည့်ဖြိုးကျော် ရပ်ကွက်မှာ နေထိုင်ပြီး ရေမဆေးကျောက် ရှာဖွေတယ်လို့ ဆိုပါတယ်။

ကိုမင်းကိုနိုင် သေနတ်နဲ့ ပစ်ခတ်ခံရချိန်မှာ အတူရေမဆေးကျောက်ရှာသူ ညီမင်းစိုး၊ ခိုင်ပြည့်ဖြိုးတို့လည်း အတူရှိနေခဲ့တယ် လို့ပြောပါတယ်။

ရေမဆေးကျောက်ရှာသူတွေဟာ မနက်ခင်း ဆယ်နာရီကျော်က ကျောက်စိမ်းမြို့တော် လုပ်ကွက်ရေစီးမျောကြောင်းထဲကတဆင့် လုပ်ကွက်ထဲ ဝင်ရောက်ခဲ့တာလို့ ကုမ္မဏီတာဝန်ရှိသူတဦးက ပြောပါတယ်။

“သူတို့ကို ရဲတွေက ဝင်ခွင့်ပြုတဲ့ အချိန်လည်း မဟုတ်ဘူး၊ မဝင်ဖို့ဆိုပြီး ပထမတားပါတယ်။ တားလို့မရလို့ ခြောက်လှန့်ပစ်ခတ်တဲ့ သဘောပါ” လို့ ကျောက်စိမ်းမြို့တော် ကုမ္ပဏီတာဝန်ခံက ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ကိုမင်းကိုနိုင်က “ခါတိုင်းလည်း ကျနော်တို့ ဒီနေရာမှာ ရှာတာပဲ။ ရဲတွေမတားပါဘူး။ ဒီနေ့ကျမှ လာတားတာ။ သေနတ်သံတွေကြားလို့ ဖိနပ် စီးနေရင်းနဲ့ ထသွားလိုက်တာ။ ခြေတလှမ်း နှစ်လှမ်းပဲ ရှိသေးတယ် ကျနော့်ခြေသလုံးကို သေနတ်မှန်တာပဲ။ ဟိုဘက် ဒီဘက် ဖောက်ထွက်သွားတာ" လို့ ပြောပါတယ်။

 

ဓာတ်ပုံ-စိုင်းသီဟတင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013