Homeမြန်မာသတင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံရုံးခန်းဖွင့်လှစ်မှု ကော်မရှင်နှင့်မသက်ဆိုင်ဟု ထုတ်ပြန်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံရုံးခန်းဖွင့်လှစ်မှု ကော်မရှင်နှင့်မသက်ဆိုင်ဟု ထုတ်ပြန်
DVB
·
June 21, 2019

မြို့နယ်တချို့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံ ရုံးခန်းဖွင့်လှစ်တာတွေဟာ ကော်မရှင်နဲ့ သက်ဆိုင်မှု မရှိသလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့လည်း အကျုံးဝင်မှု မရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဇွန် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံတော်ပိုင်ပစ္စည်းတွေ၊ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံသားများ အခွင့်အရေးနဲ့ အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၇-၈-၂၀၁၃ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ယင်းဥပဒေ အခန်း(၃) ပုဒ်မ-၅၊ ပုဒ်မ ၁၄ အထိ ပြဋ္ဌန်းချက်များနှင့်အညီ ဖွဲ့စည်းခဲ့ပါတယ်။
ကော်မရှင်ဟာ အဂတိတိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၁၆ နှင့် ပုငဒ်မ-၁၇ ပါ ပြဋ္ဌာန်းချက်အရ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီး အသိပညာပေးရေး အဂတိတိုက်စားမှု တားဆီးကာကွယ်ရေးနဲ့ စုံစမ်းစစ်ဆေးအရေးယူတဲ့ လုပ်ငန်းတွေကို ချမှတ်ပြီး အစိုးရ အဖွဲ့အစည်းတွေ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းအဖွဲ့ အစည်းတွေ၊ သတင်းမီဒီယာတွေအပါအဝင် ပြည်သူတရပ်လုံး ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဟာ ကော်မရှင်ရုံးအား နေပြည်တော်မှာ ဖွင့်လှစ်ထားပြီး ကော်မရှင်ရုံးခွဲ (ရန်ကုန်) နဲ့ ကော်မရှင်ရုံးခွဲ (မန္တလေး) တို့ကိုသာ လက်ရှိအချိန်အထိ တိုးချဲ့ဖွင့်လှစ်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်နေပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကိုသာ အပ်နှင်းထားတာကြောင့် ကော်မရှင်ရုံးခွဲတွေ ဖွင့်လှစ်တာနဲ့ ကော်မရှင်ရဲ့ လုပ်ငန်းများ ဆောင်ရွက်တာတွေကို ဥပဒေပါ ပြဋ္ဌာန်းချက်အရ ကော်မရှင်ကသာ တရားဝင်ဆောင်ရွက်နိုင်ခွင့်ရှိတဲ့ ကိစ္စရပ်များ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။