DVB Logo
Home
မြန်မာသတင်း
မြူထူဆိုင်းနိုင်သည့်အတွက် လေ၊ ရေကြောင်းခရီးများ သတိပြုရန် မိုးလေ၀သဌာန ပြောကြား
DVB
·
November 21, 2012
Donate to DVB

မြန်မာ့ကမ်းရိုးတန်းဒေသတွေ၊ ပင်လယ်ပြင်နဲ့ တောင်တန်းဒေသတွေမှာ အခုရက်ပိုင်းအတွင်း မြူထူဆိုင်းနိုင်တဲ့အတွက် လေကြောင်းနဲ့ ရေကြောင်းခရီးစဉ်တွေ သတိပြုကြဖို့ မြန်မာနိုင်ငံမိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

“အခု ရက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတွေရဲ့ အရှိန်၊ အရှေ့ဘက်က ဖြတ်ကျော်လာတဲ့ တိမ်တိုက်တွေကြောင့် မိုးရွာသွားပြီးတဲ့အတွက် ပတ်ဝန်းကျင်မှာတော့ ရေငွေ့ရှိသွားတယ်။ ရေငွေ့က ဆောင်းကာလဖြစ်တဲ့အတွက် နောက် တရက် နှစ်ရက်ဆိုရင် ကမ်းရိုးတန်းဒေသ၊ တောင်တန်း၊ ပင်လယ်ကမ်းရိုးတန်း ဒေသတွေမှာ မြူထူဆိုင်းနိုင်တယ်။ သို့သော် စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ဘူး။

ဒါပေမယ့် လေယာဉ်ကွင်းတို့ဘာတို့မှာ မြူထုဆိုင်းရင်တော့ လေယာဉ်အဆင်းအတက် အန္တရာယ်ရှိပါတယ်။ ဒါတွေကိုလည်း လေဆိပ်တွေမှာရှိတဲ့ မိုးလေ၀သက ကြိုတင်သတိပေးချက်တွေ ထုတ်ပါတယ်။ ရေကြောင်းလည်း ဒီလိုပဲ၊ ပင်လယ်ပြင်ခရီးခန့်မှန်းချက်ဆိုတာ မနက် ၁၀ နာရီထုတ်တယ်။ အဲ့အခြေအနေတွေကို ဖော်ပြပြီးတော့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွေကတဆင့် သင်္ဘောတွေဆီ လွှင့်ပါတယ်။”

အခုရက်ပိုင်း မိုးရွာသွန်းခဲ့တဲ့ အခြေအနေကိုလည်း ဦးချစ်ကျော်က “မုန်တိုင်းငယ် အဆင့်ရောက်တဲ့ ၁၈ ရက်နေ့မှာ အဲမုန်တိုင်းငယ်က ထိုးတဲ့ တိမ်တန်းက မြန်မာနိုင်ငံကို ရခိုင်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ရှမ်း၊ ရန်ကုန်၊ ဧရာဝတီ အဲဒေသတွေကို တိမ်တန်းက ထိုးပြီး ဖုံးအုပ်နေတယ်။ ဖုံးအုပ်နေတော့ အဲနေရာတွေမှာ မိုးရွာတယ်၊ အများဆုံးက ၂ လက်မနဲ့ လက်မ၀က်ကြားလောက် ရွာတဲ့ မြို့တွေ ရှိတယ်။ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ ရွာတယ်။ မနေ့ ၂၀ ရက်နေ့က ရန်ကုန်နဲ့ တနသာင်္ရီရယ်မှာ ရွာတယ်” လို့ ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ငလျင်လှုပ်တာနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ မကြာခဏထွက်ပေါ်နေတဲ့ အကြောင်းလည်း ဦးချစ်ကျော်က ပြောပါတယ်။

“အခုလည်း ငလျင်ငယ်လေးတွေ လှုပ်နေတယ်။ ငလျင်ကောလာဟလလေးတွေလည်း ထွက်နေတယ်။ နေပြည်တော်မှာတောင် ၃ နာရီလှုပ်မယ်ဘာညာနဲ့ ဖုန်းဆက်မေးနေကြတယ်။ လူတွေလည်း စိုးရိမ်တယ်၊ စစ်ကိုင်းပြတ်ရွေ့ကြောကြီးဟာ မြန်မာနိုင်ငံကို မြောက်ကနေ မြစ်ဝကျွန်းပေါ်ဒေသအထိ တည့်တည့်ကြီးဖြတ်ထားတာကို တောင်-မြောက်၊ ဒီတော့ မြေငလျင်ရဲ့ သဘောတရားကလည်း ပြတ်ရွေ့တလျှောက်မှာ မြေငလျင်လှုပ်တဲ့ အကြိမ်ရေက ပိုများတာပေါ့။ အခုမနက်လည်း ၂ ဒဿမ ၇ လောက်ရှိတဲ့ မြေငလျင်ငယ်လေးတွေ လှုပ်တယ်။ အပြင်မှာတော့ အဲလို မဟုတ်ဘူး၊ သူတို့ စိုးရိမ်ပြီးပြောတာလည်း ဖြစ်ချင်ဖြစ်မယ်။ တကယ်တော့ မြေငလျင်ကိုတော့ ကျနော်တို့လည်း ကြိုမသိဘူး။ အမေရိကန် geology ဆာဗေးတွေကလည်း မသိဘူး။ သို့သော် မြေငလျင်လှုပ်ရင်တော့ ချက်ချင်း သတင်းထုတ်နိုင်အောင် နည်းပညာတွေနဲ့ ဆောင်ရွက်တယ်။ နိုင်ငံတကာကိုလည်း ဖလှယ်တယ်။ အင်အားဘယ်လောက် လှုပ်တယ်၊ ဘယ်လောက် ပြင်းအားရှိတယ်၊ ဆူနာမီဖြစ်နိုင်ရင် ဖြစ်နိုင်မယ်၊ မဖြစ်နိုင်ရင် မဖြစ်နိုင်ဘူး. ဆိုတာမျိုးတွေ သတင်းထုတ်ပြန်ရတာပဲ ရှိတယ်။ မြေငလျင်ပညာရှင်တွေနဲ့ ကြိုပြီးတော့ သိတယ်ဆိုတာမျိုးတော့ မရှိသေးဘူး။”

၂၀၁၂ ခုနှစ်အတွင်း မူမမှန်တဲ့ ရာသီဥတုဖြစ်စဉ်တွေဟာ အများပြည်သူ ထင်သာမြင်သာ ရှိလာတာ တွေ့ရတယ်လို့လည်း  ဆိုပါတယ်။
“၂၀၁၂ ခုနှစ်မှာ မူမမှန်တဲ့ ရာသီဥတုဖြစ်စဉ်တွေဟာ လူတွေပိုပြီးတော့ ထင်သာမြင်သာရှိလာတာကို တွေ့ရတယ်။ အရင်တုန်းက မိုးလေ၀သသမားတွေ၊ ပညာရှင်တွေလောက်ပဲ သိတဲ့ အသိကနေ အခုကတော့ မနည်းလေ့လာစရာမလိုဘဲနဲ့ကို လူတွေ ကိုယ်တိုင် ခံစားသိမြင်စေနိုင်တဲ့ ရာသီဥတုဖြစ်စဉ် ဖြစ်လာတယ်ဆိုတာကိုတော့ ၂၀၁၂ က စပြီး သတိပြုမိလာတယ်။ ရိုးရိုးကျေးလက်နေ ပြည်သူလူထုကိုယ်တိုင်က ပြောလာတာကို တွေ့ရတယ်။ ဒါကြောင့်မို့  ရာသီဥတုပြောင်းတယ် ပြောင်းတယ်ဆိုတာ ပညာရှင်တွေ သိတာတော့ ကြာပြီ။ ဒါပေမယ့် ပြည်သူလူထုကိုယ်တိုင် သိလာတာက ဒီနှစ်က ပိုမိုသိသာထင်ရှားတဲ့ နှစ်ဖြစ်တယ်လို့ ပြောချင်တယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013