DVB Logo
Home
မေးမြန်းခန်း
နိုင်ငံတကာအမျိုးသမီးများနေ့တွင် ငြိမ်းချမ်းစွာ လမ်းလျှောက်ကြမည်
DVB
·
November 21, 2012
နိုင်ငံတကာအမျိုးသမီးများနေ့တွင် ငြိမ်းချမ်းစွာ လမ်းလျှောက်ကြမည်
Donate to DVB

လာမယ့် နိုဝင်ဘာ ၂၅ ရက်၊ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့က အမျိုးသမီး ၂၀၀ ဟာ ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ ဗိုလ်ချုပ်ပန်းခြံအထိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် လမ်းလျှောက်ကြမှာ ဖြစ်ပါတယ်။

ဒီလိုနေ့မျိုးကို အရင်က ထိုင်းနဲ့ အိန္ဒိယစတဲ့ ပြည်ပနိုင်ငံတချို့မှာသာ ကျင်းပပြုလုပ်ခဲ့ပြီး၊ အခုက ပြည်တွင်း အမျိုးသမီးတွေ ပထမဆုံးစုပေါင်းပြုလုပ်တဲ့ နိုင်ငံတကာနေ့ လှုပ်ရှားမှု တရပ်လည်း ဖြစ်ပါတယ်။

[caption id="attachment_33326" align="alignleft" width="300" caption="(ဓာတ်ပုံ- Khon Ja)"][/caption]

နိုင်ငံတကာ အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးနေ့ကို ပြည်သူတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိရှိစေဖို့အတွက် လူထုပညာပေးလုပ်ငန်းအနေနဲ့ ငြိမ်းချမ်းစွာ လမ်းလျှောက်ကြမှာလို့ ဦးဆောင် စီစဉ်သူတဦးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် အမတ် ဒေါက်တာ ဒေါ်ညိုညိုသင်း က ပြောပါတယ်။

အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေး ပညာပေးဆိုင်းဘုတ်တွေ ကိုင်ဆောင် လမ်းလျှောက်ကြမှာဖြစ်ပြီး သက်ဆိုင်ရာ ခွင့်ပြုချက်နဲ့ တရားဝင် လှုပ်ရှားဆောင်ရွက်ကြမှာ လည်း ဖြစ်ပါတယ်။ ဒေါက်တာဒေါ်ညိုညိုသင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ပညာပေး ဆိုင်းဘုတ်တွေကိုင်ပြီး လမ်းလျှောက်မယ်ဆိုတော့ အမျိုးသမီးတွေအတွက် ဘာကိုပညာပေးတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်သွားမလဲ။

“အမျိုးသမီးများကို အကြမ်းဖက်မှုက ရန်ကုန်နဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ တဖြည်းဖြည်း များလာတာလေ။ မိန်းကလေးတွေ၊ ယောက်ျားလေးတွေနဲ့ တန်းတူ အလုပ်လုပ်ရတယ်။ ဒီမှာ အဓိက အခြေခံလူတန်းစား၊ အလုပ်သမလေးတွေ ညအချိန် ၉ နာရီအချိန် အိမ်ပြန်တဲ့အချိန်မှာ အရက်မူးတဲ့အုပ်စုကသော်လည်းကောင်း၊ အရက်မမူးတဲ့သူတွေက သော်လည်းကောင်း မဖြစ်မနေ ဒီအချိန်မှ ပြန်ရတဲ့သူတွေကို ထိပါးနှောင့်ယှက်တာတွေက များများလာတယ်။ အဲလိုအရေးကိစ္စတွေကို သက်ဆိုင်ရာ ရဲစခန်းတွေကို တိုင်တဲ့အခါ ရဲစခန်းအချို့ကပေါ့လေ ပါးစပ်နဲ့ ထိပါးနှောင့်ယှက်တာ၊ တင်ပါးပုတ်သွားတာလောက်ကို ကြီးကြီးကျယ်ကျယ်ကိစ္စလို့ မခံယူကြဘူး။ သူတို့ရဲ့ အသိစိတ်ထဲမှာ အမျိုးသမီးတွေကို စော်ကားနှောင့်ယှက်တာ အကြီးအကျယ် ကိစ္စမဟုတ်ဘူးပေါ့၊ အကြမ်းဖက်မှုမဟုတ်ဘူးလို့ ထင်နေတယ်။ ဒါကို လူထုကြားထဲမှာ များများသိလာအောင်၊ ဒီလို အမျိုးသမီးများကို စော်ကားနှောင့်ယှက်တာဟာလည်း အကြမ်းဖက်မှုပုံစံတမျိုးဖြစ်တယ်ဆိုတာမျိုး အဲလို ဆိုင်းဘုတ်ပါတယ်၊ ဥပမာ အမျိုးသမီးများကို အကြမ်းဖက်မှုရပ်ပေါ့။ နောက်တမျိုးက အမျိုးသမီးများ၏ သိက္ခာကို လေးစားပါ။ နောက်တခါ သင့်ရဲ့ ညီမ၊ မိခင်၊ ဇနီးများကို လေးစားပါ။ ဒါမျိုးပေါ့။”

“ဘာလို့လဲဆိုတော့ အခုဆိုရင် စီးပွားရေးမပြေလည်တော့ ဆင်ခြေဖုံးဒေသတွေမှာဆိုရင် အရက်မူးပြီးပြန်တဲ့ ယောက်ျားတွေက အိမ်မှာ မိန်းမတွေကို ရိုက်နှက်နှိပ်စက်တာပေါ့။ အဲဒါမျိုးတွေ အိမ်တွင်းအကြမ်းဖက်မှုတွေ များလာတယ်။ ဒါတွေကိုလည်း အသိပညာပေးတဲ့အနေနဲ့ အိမ်တွင်းငြိမ်းချမ်းရေးမှသည် ကမ္ဘာ့ငြိမ်းချမ်းရေးဆီသို့။ အိမ်တွင်းအကြမ်းဖက်မှုများကို ကာကွယ်ပါ၊ နောက် အမျိုးသမီးများအကြမ်းဖက်မှုကို ကာကွယ်ဖို့ အမျိုးသားများမှာလည်း တာဝန်ရှိပါသည် စတာတွေ ပညာပေးဆိုင်းဘုတ် ၁၁ မျိုးကို ကိုင်ဆောင်ပြီး ခွင့်ပြုချက်ရတဲ့ အင်အား ၂၀၀ နဲ့ လမ်းလျှောက်မှာဖြစ်ပါတယ်။”

ပါတီအနေနဲ့ ဦးဆောင်ပြီး လုပ်တာလား။ လမ်းလျှောက်ကြမယ့် အမျိုးသမီးတွေက ဘယ်လိုအမျိုးသမီး အင်အားစုတွေ အများဆုံးပါဝင်ပါလဲ။

“ပါတီအနေနဲ့ လျှောက်တာမဟုတ်ပါဘူး။ ကျမက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့ လုပ်ရမယ့် အလုပ်ကို လုပ်တာပေါ့နော်။ ကျမနဲ့အတူ ပူးပေါင်းပြီး ပါဝင်မှာက အမျိုးသမီးအဖွဲ့ ၂၀ ကျော်ပါဝင်ပါတယ်။ ကျမတို့နဲ့ အတူ လမ်းလျှောက်ကြမှာပါ။”

အဲအဖွဲ့တွေက ဆိုလိုတာက အလုပ်သမားကိုယ်စားပြုတွေပါလား၊ ကျောင်းသားကျောင်းသူတွေလား ဘယ်လိုများပါလဲ။

“ရန်ကုန်မှာအခြေပြုတဲ့ အမျိုးသမီးအဖွဲ့တွေပါ ဥပမာ Colourful Girls တို့၊ Gender Equality Network၊ ဖန်တီးအိမ်တို့၊ ဒါ ကျမမှတ်မိတာတွေ၊ Women Organization Network အဲလိုမျိုး အမျိုးသမီးလှုပ်ရှားမှုတွေကို အမြဲတမ်း ပူးတွဲလုပ်နေတဲ့ အဖွဲ့ ၂၀ပေါ့။”

ဒေါက်တာနဲ့ အတူလျှောက်ကြမယ့် အမျိုးသမီးအသင်းအဖွဲ့တွေက အခြေခံလူတန်းစားမှာ ရှိတဲ့ အမျိုးသမီးတွေ အခွင့်အရေးတွေ ထိပါးနှောင့်ယှက်ခံနေရတဲ့၊ စော်ကားခံနေရတဲ့၊ နှိပ်စက်ခံနေရတဲ့ အခြေခံလူတန်းစား အမျိုးသမီးတွေကို ကိုယ်စားပြုနိုင်ပါ့မလား။

“အဲဒီအသင်းအဖွဲ့တွေကပဲ ကွင်းဆင်းလေ့လာပြီး ဗွီဒီယို ဇာတ်လမ်းတွေနဲ့ တင်ပြထားတာတွေရှိတယ်။ တချို့ဆို သုတေသန စာတမ်းတွေနဲ့ တင်ပြထားတာတွေရှိတယ်။ ဒီကိစ္စက မနေ့တနေ့ကမှ စလုပ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါတွေဟာ နှစ်ရှည်လများ အနည်းဆုံး ၂ နှစ်ပေါ့ ဒီလို အင်တာဗျူးတွေလုပ်ပြီး မေးမြန်းထားတဲ့ ကိစ္စတွေပါ။ အဲလို ခံစားချက်ရှိတဲ့ အမျိုးသမီးတွေက ဦးဆောင်ပါဝင်သော အဖွဲ့အစည်းများပါ။”

အမျိုးသမီးတွေ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုပပျောက်ရေးနေ့မှာ လမ်းလျှောက်ကြမယ်ဆိုတော့ ရန်ကုန်မှာက အမျိုးသမီးတွေတင်မကဘူး၊ အမျိုးသားတွေလည်း လုံခြုံမှု မရှိဘူး။ အုပ်စုဖွဲ့ရမ်းကားတာတို့၊ ပြိုင်ကားတွေမောင်းတာတို့ ဂျာနယ်တွေမှာ နားနဲ့မဆန့်အောင် ကြားနေ မြင်နေ ဖတ်နေရတယ်။ ဒါတွေအားလုံးဟာ တရားဥပဒေစိုးမိုးမှု မရှိတာကြောင့်ဆိုတဲ့ ပြောဆိုမှုအပေါ် ဘယ်လိုထင်မြင်သုံးသပ်ပါလဲ။ နိဂုံချုပ် ဆွေးနွေးပေးပါ။

“ဟုတ်ပါတယ်၊ တရားဥပဒေစိုးမိုးရေးက တော်တော်လေးကို အားနည်းတဲ့ အနေအထားမှာရှိနေပါတယ်။ ကျမတို့လည်း ဒီလို ကိစ္စတွေ ကိစ္စတွေမှာ တရားဥပဒေစိုးမိုးမှု အားနည်းနေပါတယ်ဆိုတာကို အတိအလင်း ဆန္ဒထုတ်ဖော်တာပေါ့။ ဒါမှပဲ ဘယ်လိုနေရာတွေမှာ အားနည်းနေတာလဲဆိုတာကို သက်ဆိုင်ရာ အာဏာပိုင်တွေက သိရှိပြီး သူတို့ရဲ့ လိုအပ်ချက်တွေကို အချိန်မီ ပြင်ဆင်နိုင်မယ်လို့ ထင်တာပေါ့။ အုပ်စုဖွဲ့ရမ်းကားတာမျိုးအတွက်ကို သက်ဆိုင်သူ နစ်နာသူတွေက တရားဥပဒေလမ်းကြောင်းအရ အဖြေရှာသင့်သလို တဖက်ကလည်း ကျမတို့လို ကိုယ့်ရဲ့ နစ်နာမှုတွေကို ငြိမ်းချမ်းစွာစီတန်းလှည့်လှည် ဆန္ဒဖော်ထုတ်နိုင်ရင် ပိုပြီး တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုမယ်လို့ ထင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013