DVB Logo
Home
Lead Story
စာသင်ကျောင်းများကို မီးမဖြတ်ပါနှင့် (အယ်ဒီတာအာဘော်)
DVB
·
June 20, 2019
စာသင်ကျောင်းများကို မီးမဖြတ်ပါနှင့် (အယ်ဒီတာအာဘော်)
Donate to DVB

ကျောင်းဖွင့်ချိန်နံနက်ခင်း ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းများက ကျောင်းသူ ကျောင်းသားများ၏ နိုင်ငံတော်သီချင်း သီဆိုသံကို သာယာနာပျော်ဖွယ် ကြားကြားနေရသည်။

သို့သော် နံနက် ၈ နာရီ လျှပ်စစ်မီး ပြတ်တောက်ချိန် ကျရောက်လျင် ကျောင်းသားများက ၈ နာရီမတိုင်မီ ၅ မိနစ်ခန့်စောပြီး နိုင်ငံတော်သီချင်း ဆိုကြသည်ကိုလည်း သတိပြုမိသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် တိုင်းဝန်ကြီးတဦးက စာသင်ကျောင်းများကို မီးမဖြတ်ရန် လျှပ်စစ်နှင့်စွမ်းအင် ပြည်ထောင်စုဝန်ကြီးကို တင်ပြထားသည်ဟု ကြားသိနေရသော်လည်း စာသင်ကျောင်းများ မီးဖြတ်ခံနေရတုန်း အခြေအနေ ဖြစ်သည်။

မီးပျက်နေသဖြင့် ကျောင်းသားကျောင်းသူများရော ဆရာ၊ ဆရာမများပါ အလင်းရောင် မလုံလောက်သည့် စာသင်ခန်းများအတွင်း အမြင်အာရုံ ဝိုးတဝါးနှင့် စာသင်နေကြရသည်။ ကျောင်းသားများသည်လည်း မိမိသင်ကြားနေရသည့် ကျောင်းသင်ခန်းစာအပေါ်တွင် အာရုံစူးစိုက်မှု လျော့နည်း ကျဆင်းနေကြသည်။

စာသင်ကျောင်းများ မီးပျက်လျင် ဖြစ်လာနိုင်သည့် ဆိုးကျိုးများတွင် ကျောင်းသားကျောင်းသူများ ခြင်ကိုက်ခံရမည့်အရေးက ထိပ်တန်းက ပါဝင်မည်ဟု မြင်သည်။ ယခုပင်လျင် မြန်မာတနိုင်ငံလုံးတွင် ဇွန်လ ပထမပတ်ထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၃၁၀၀ ကျော်နှင့် သေဆုံးသူ ၁၂ ဦးအထိ ရှိနေဆိုသည့် သတင်းများ ထွက်ပေါ်နေသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကတဆင့် ကူးစက်ခံရသည့် ရောဂါတမျိုးဖြစ်ပြီး  အပူပိုင်းဇုန်နှင့် သမပိုင်းဇုန် ဒေသများတွင် အဖြစ်များသည်။

“Break-Bone” Fever ဟုခေါ်သည့် အပျော့စား သွေးလွန်တုပ်ကွေးရောဂါနှင့် Dengue Hemorrhagic Fever ဟုခေါ်သည့် အပြင်းစား သွေးလွန်တုပ်ကွေးရောဂါဆိုပြီး နှစ်မျိုးရှိသည်ဟု မှတ်သားဖူးသည်။

သွေးလွန်တုပ်ကွေးကို ကာကွယ်နိုင်သည့် ကာကွယ်ဆေး မရှိသေးဘဲ ရောဂါကို ကာကွယ်နိုင်မည့် အကောင်းဆုံးသော နည်းလမ်းက ခြင်ကိုက်မခံရအောင် ဂရုစိုက်တာက ရောဂါကာကွယ်နည်းပင် ဖြစ်သည်။

ကိုယ်တိုင်မှာရော မိမိချစ်ရသူတွေမှာပါ မတော်တဆ ခြင်ကိုက်ခံရတာမျိုး မဖြစ်စေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် အရေပြားတွင် ခြင်မကိုက်အောင်လူးသည့် ဆေးလူးထားပေးရန် ဆေးပညာရှင်တွေက အကြံပြုကြသည်။

ထို့အပြင် တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ရန်၊ ခန္ဓာကိုယ်တွင် ချွေးနံ့ကင်းစင်နေလျင် ခြင်ကိုက်ခံရခြင်းက ကင်းဝေးစေသဖြင့် တကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ရန်လည်း လိုအပ်သည်။

နေအိမ်နှင့် စာသင်ကျောင်းများတွင် လင်းလင်းချင်းချင်းရှိနေလျင် ခြင်ခိုအောင်းမှုမရှိဘဲ စာသင်သား ကလေးများအတွက် ဘေးအန္တရာယ် ကင်းရှင်းမည်ဖြစ်သည်။

မိုးတွင်းရောက်လျင် ယခင်ကာလများက ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်အတွင်း ကျောင်းများအတွင်း ခြင်ဆေးဖျန်းပေးလေ့ရှိသော်လည်း ယခု အလားတူလုပ်ဆောင်မှုမျိုးလည်း မမြင်မတွေ့ရပေ။

ယင်းအခြေအနေမျိုးတွင် လျှပ်စစ်မီးကပါ လာတလှည့် ပျက်တလှည့် ဖြစ်နေသောအခါ သွေးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင်လာသည့် ခြင်များကို လာပါယူပါဟု ဖိတ်ခေါ်နေသလို ဖြစ်နေတော့သည်။

ကျောင်းသားလူငယ်များကို တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များဟု တင်စားခေါ်ဝေါ်နေရုံဖြင့်သာ ကျေနပ်အားရမနေကြဘဲ အဆိုပါ အနာဂတ်ခေါင်းဆောင်များကို စနစ်တကျ ပြုစုပျိုးထောင်ကြရန် အစိုးရတွင် တာဝန်ရှိသည်။

စာသင်ကျောင်းများကို မီးမဖြတ်ရန် လျှပ်စစ်နှင့်စွမ်းအင် ပြည်ထောင်စုဝန်ကြီးကို တင်ပြထားသည် ဆိုရုံမျှနှင့် မလုံလောက်ပေ။ မည်သို့ပင် မီးပျက်သည်ဖြစ်စေ စာသင်ကျောင်းများကို လျှပ်စစ်မီးမဖြတ်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနက စီမံကြီးကြပ်ပေးရန် အလေးအနက် တိုက်တွန်းလိုက်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013