DVB Logo
Home
မြန်မာသတင်း
တပ်မတော်က တရားစွဲထားသည့်  ဒေါဆိုရှေးရွာသားများ ထွန်တုံးတိုက်ပွဲဆင်နွှဲ
DVB
·
June 19, 2019
တပ်မတော်က တရားစွဲထားသည့်  ဒေါဆိုရှေးရွာသားများ ထွန်တုံးတိုက်ပွဲဆင်နွှဲ
1 / 6
Donate to DVB

အကျိုးပျက်စီးမှု၊ ပိုက်နက်ကျူးကျော်မှုတွေနဲ့ တပ်မတော်ရဲ့ တရားစွဲဆိုခံထားရတဲ့ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးကျေးရွာက တောင်သူတွေဟာ သူတို့ရဲ့ လယ်ယာမြေတွေပေါ်မှာ ဒီကနေ့ ထွန်ယက်စိုက်ပျိုးပြီး ထွန်တုံးတိုက်ပွဲဆင်နွှဲကြပါတယ်။

ဒေါဆိုရှေး အခြေစိုက် အမှတ်၃၆၀ အမြောက်တပ်က သိမ်းယူထားတဲ့ မြေယာပေါ်မှာ ဒေသခံရွာသားတွေက သွားရောက်ထွန်ယက်စိုက်ပျိုးခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်က ရွာသားတွေကို အမြောက်တပ်က တရားစွဲဆိုခဲ့တာပါ။

ဒီလိုတရားစွဲဆိုခံရတဲ့ကြားကပဲ ဒေသခံတွေက သူတို့ရဲ့ ဘိုးဘွားပိုင်လယ်မြေအပေါ်မှာ ဒီကနေ့ သွားရောက်ထွန်ယက်စိုက်ပျိုးတာလည်းဖြစ်ပါတယ်။

ထွန်ယက်စိုက်ပျိုးတဲ့ ဒေသခံရွာသား ခူးရီက “သူတို့ တရားစွဲတာ၊ မစွဲတာ ကျနော်တို့ ဂရုမစိုက်ဘူး။ ကျနော်တို့ စားဝတ်နေရေး အတွက်တော့ ထွန်ယက်စိုက်ပျိုးသွားမှာပဲ။ အခု စိုက်နေပြီ။ မျိုးစေ့ချနေပြီ” လို့ ပြောပါတယ်။

နောက်ထပ်ရွာသားတဦးကလည်း “ကျနော်တို့ ဒီမြေကို စိုက်စားရင်း တိုင်းပြည်အတွက် ဘာနစ်နာလဲ၊ အဲဒါပဲ မေးချင်တယ်။ ကျန်တာ ဘာမှ မပြောချင်တော့ဘူး။” လို့မေးခွန်းထုတ်ခဲ့ ပါတယ်။

ဒီကနေ့ ရွာသားတွေ ထွန်ယက်စိုက်ပျိုးနေချိန် အမြောက်တပ်က အရာရှိတွေ ရောက်ရှိလာ သလို ဒီးမောဆိုမြို့နယ်က ဌာနဆိုင်ရာနဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း လာရောက်ခဲ့ပါတယ်။

ရွာသားတွေကတော့ အရင်တပ်ရင်းမှူးတုန်းက တပ်ပိုင်နယ်မြေသတ်မှတ်ရာမှာ ချမှတ်တဲ့ မှတ်တိုင်အဟောင်းတွေကို သွားရောက်ပြသခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက မှတ်တမ်းအနေနဲ့ ယူခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်လက်အဖြေရှာသွားမယ်လို့ မြေစာရင်းဌာန တာဝန်ရှိသူနဲ့ မြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ဒေါဆိုရှေး အခြေစိုက်အမှတ် ၃၆၀ အမြောက်တပ်က အရာရှိတဦးကို မေးမြန်းရာမှာတော့ ဒီကိစ္စ သူတို့အနေနဲ့ အရပ်ဘက်ဌာနကို လွှဲထားပြီးဖြစ်တာကြောင့် အရပ်ဘက်ဌာနကိုသာ မေးမြန်းဖို့ ပြောဆိုပါတယ်။

“ကျနော်တို့က အရပ်ဘက်ဌာနကိုလွှဲလိုက်ပြီ။ စာလည်းထွက်လာပြီးသား အရပ်ဘက်ဌာန ကိုလည်း လွဲပြီးသား။ ရဲဘက်ကိုပဲ မေးလိုက်ပါ။ ”

လက်ရှိ အမှတ် ၃၆၀ အမြောက်တပ် အခြေစိုက်တဲ့တပ်စခန်းဟာ အရင်က ဒေါဆိုရှေး ရွာဟောင်းဖြစ်ပြီး အဆိုပါတပ်ဟာ ၂၀၀၄ ခုကစပြီး ၀င်ရောက်အခြေချခဲ့တာ ဖြစ်ပါတယ်။

ရွာသားတွေစိုက်ပျိုးလုပ်ကိုင်နေတဲ့ မြေနေရာကို တပ်က ဘယ်အချိန်ကတည်းက စတင် သိမ်းယူထားတယ်ဆိုတာ အသေအချာမသိရသလို ရွာသားတွေကိုလည်း အသိပေးခြင်းမရှိဘဲ ၂၀၁၄ ခုမှသာ တပ်က သိမ်းယူထားမှန်းသိရတာလို့ ရွာသားတွေက ပြောပါတယ်။

တပ်ကသိမ်းခဲ့တယ်ဆိုပေမယ့် ရွာသူရွာသားတွေအနေနဲ့ နှစ်စဉ်ထွန် ယက်စိုက်ပျိုးလာခဲ့ကြ တာဖြစ်ပြီး အခုနှစ်ကျမှသာ အဆိုပါမြေနေရာကို ထွန်ယက်စိုက်ပျိုးခြင်းမပြုဖို့ တားမြစ်ခံခဲ့ရတာပါ။

ဒီလိုတားမြစ်ထားတဲ့ ကြားက ရွာသားတွေက ဆက်လက်ထွန်ယက်စိုက်ပျိုးနေတဲ့အတွက် တရားစွဲဆိုခံရတာဖြစ်သလို  ဆက်လက်ပြီးထွန်ယက်စိုက်ပျိုးမယ်လို့လည်း ရွာသားတွေက ပြောပါတယ်။

အသက် ၅၀ ခန့် ရွာသားတဦးက “ကျနော်တို့က ဒါပဲ ရှိတယ်။ ဒါပဲလုပ်တယ်။ ထောင်လည်းမချနဲ့ သတ်ရင်သတ်ပစ်လိုက်။”လို့ ပြောပါတယ်။

ဒေါဆိုရှေး အခြေစိုက် အမှတ် ၃၆၀ အမြောက်တပ်က သိမ်းယူထားတဲ့ မြေယာပေါ်မှာ သွားရောက်ထွန်ယက်စိုက်ပျိုးခဲ့တာကြောင့် ရွာသား  ၆ ဦးကို အကျိုးပျက်စီးမှု ပုဒ်မ ၄၂၇ နဲ့ စစ်တပ်ကတရားစွဲဆိုထားပြီး နောက်ထပ် ရွာသူရွာသား ၃၆ ဦးကိုလည်း ပိုင်နက်ကျူးကျော်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013