DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းမြို့နယ်ရှိ သိမ်းဆည်းခံမြေကွက်များပြန်ရရေး  မူလပိုင်ရှင်လယ်သမားများ တောင်းဆို
DVB
·
June 19, 2019
နမ့်ခမ်းမြို့နယ်ရှိ သိမ်းဆည်းခံမြေကွက်များပြန်ရရေး  မူလပိုင်ရှင်လယ်သမားများ တောင်းဆို
1 / 5
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ထဲမှာ မြို့နယ်လယ်ယာစိုက်ပျိုးရေး ဦးစီး ဌာနက မြေကွက်တွေကို မူလပိုင်ရှင် လယ်သမားတွေက ပြန်ပြီးလိုလားနေကြပါတယ်။   

နမ့်ခမ်းမြို့ ပေါက်တိုက်၊  မန့်ခမ်း၊ မန့်နား၊ ကောင်းနောင်မို စတဲ့ရပ်ကွက်ထဲက ဌာနဆိုင်ရာ စပါးအထူးအထွက်တိုးစခန်းနဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတွေ နေထိုင်နေတဲ့နေရာတွေဟာ အရင်က ရွာသားပိုင်မြေတွေဖြစ်ခဲ့ပြီး အရင်အစိုးရလက်ထက်တွေက သိမ်းဆည်းခံထားရတာလို့ ဆိုပါတယ်။

နမ့်ခမ်းမြို့နယ် တောင်သူလယ်သမားအသင်း အတွင်းရေးမှူး စိုင်းအောင်မြင်က “ပေါက်တိုက်ရပ်ကွက် စခန်း ၃ က မူလပိုင်ရှင်ဟာ တောင်သူလယ်သမားတွေပါ။   အဲဒီ နေရာမှာ ကျနော်တို့ တောင်သူလယ်သမားအသင်းက ဒီကနေ့အစည်းအဝေးလုပ်ဖို့ စာတင်ထားတယ်။ ၁၂ ရက်နေ့ကတည်းက၊ မနေ့ကတော့ ဦးစီးမှူးက ကျနော်တို့ကိုခေါ်ပြီး အဲဒီနေရာ နည်းနည်း အရှုပ် အရှင်းရှိနေလို့ လုပ်ခွင့်မပြုဘဲ သူတို့ရုံးမှာသွားလုပ်ခိုင်းတယ်။  ကျနော်တို့က လူ ၁၀၀ နီးပါးဖိတ်ထားတာ၊ ရုတ်တရက်အစည်းအဝေးနေရာပြောင်းတာ မလွယ်ဘူးဆိုပြီး ညှိနှိုင်းတော့ ပြန်ခွင့်ပြုတယ်။ ဒီမနက် ၉ နာရီ လောက်လည်းကျရော လူတွေလည်းစုံပြီ အဲဒါကို စခန်း တံခါးဖွင့်မပေးဘူး။ အဲဒါကြောင့် လယ်သမားတွေက မကျေနပ်လို့ ဦးစီးမှူးအလိုမရှိဆိုပြီး  အော်ခဲ့ကြတယ်။ ပြီးတော့ အဲဒီအနီးနားက စိုက်ခင်းတွေထဲမှာဘဲ အစည်းအဝေးလုပ်လိုက်တယ်။ ပြီးတော့ အသိမ်းခံရတဲ့မြေတွေ ပြန်ရအောင် ကြိုးစားဖို့ ဆုံးဖြတ်ခဲ့တယ်။”

တောင်သူလယ်သမားအသင်းဟာ မြေယာပုံစံ (၇) ရရှိရေးကိစ္စဆွေးနွေးပြီး သိမ်းဆည်းခံ ထားရတဲ့ မြေပေါ်မှာ ဘယ်အဖွဲ့အစည်းမဆို လာရောက်လုပ်ကိုင်တာကို ကန့်ကွက်သွားမယ့် အကြောင်း၊  ဌာနဆိုင်ရာက ၀င်ရောက်နေထိုင်လုပ်ကိုင်နေတဲ့ အဆိုပါမြေ ကွက် ၅ ကွက်ကို မူလ ပိုင်ရှင်လယ်သမားများပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာကို စာရေးတိုင်ကြားထားတာ ၃ ကြိမ်ရှိပြီလို့  သိရပါတယ်။

ဒီတကြိမ်တော့ နိုင်ငံတော်သမ္မတရုံးထိ ထပ်မံတိုင်ကြားမှာ ဖြစ်ပြီး မြေတွေပြန်ရတဲ့ အထိ တောင်သူလယ်သမားအသင်းနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ဆန္ဒပြတောင်းဆိုသွားမယ်လို့ စိုင်းအောင်မြင်က ပြောပါတယ်။   

အဆိုပါမြေကွက်တွေမှာ ပေ ၈၀၊ ပေ ၆၀၊ ပေ ၁၂၀၊ ပေ ၄၀ လောက်သာရှိတဲ့ မြေကွက်တွေသာဖြစ်ပြီး မူလမြေပိုင်ရှင်က ဒေသခံတွေအကျိုးဆောင်ရွက်ဖို့ နမ့်ခမ်းတောင်သူ လယ်သမားအသင်းကို လှူထားတာလို့ ဆိုပါတယ်။   

ဒီကိစ္စနဲ့ ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် လယ်ယာစိုက်ပျိုးရေးဌာနကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းရာမှာ မြို့နယ်ဦးစီးမှူး ဦးအောင်စိုးဦးက အစည်းအဝေးကို ပိုအဆင်ပြေတဲ့နေရာ ရွှေ့လုပ်ဖို့ ပြောခြင်းသာဖြစ်ပြီး မြေသိမ်းမှုကိစ္စတွေတော့ သူတို့လို ၀န်ထမ်းတွေအနေနဲ့ ဘာမှပြော ခွင့်မရှိဘူးလို့  ပြောပါတယ်။

“သူတို့အစည်းအဝေးက အထွက်တိုးစခန်းထဲလုပ်ရင် နေရာထိုင်ခင်းတွေ အဆင်မပြေလို့ ပိုကောင်းတဲ့ ကျနော်တို့ စိုက်ပျိုးရေးရုံးမှာဘဲ လာလုပ်ဖို့ ပြောတာပါခင်ဗျ။   ဒီမြေကွက်တွေ ကိစ္စ ကတော့ ကျနော်တို့က အစိုးရ၀န်ထမ်းပဲလေ။ အထက်က တာဝန်ပေးပြီး နေရာချထားပေးတဲ့ နေရာမှာဘဲ နေရတာ၊ ဖယ်ပေးတာ၊ ပြန်ပေးတာ လုပ်လို့မရဘူး၊ ကိုယ်တာဝန်ကျတဲ့နေရာကို ထိန်းသိမ်းဖို့ဘဲ တာဝန်ရှိပါတယ်။ ကျနော်ကတော့ ဒီမှာတာဝန်ကျတာ ၁ နှစ်ကျော်ဘဲရှိသေး တယ်။”

အဆိုပါ မြေတွေဟာအရင် မဆလ၊ န၀တ၊ နအဖလက်ထက်တွေက သက်ဆိုင်ရာက သိမ်းပြီး ဌာနဆိုင်ရာမြေလုပ်ခဲ့ကြောင်း၊ အချို့မြေကွက်မှာ ဘာမှလုပ်ထားတာမရှိဘဲ မြေလွတ်မြေရိုင်း ဖြစ်နေပြီး တချို့မြေကွက်ကတော့ ပိုင်ရှင်ရွာသားတွေမသိဘဲ အာဏာပိုင်တွေက ကုမ္ပဏီကို ရောင်းချထားတယ်လို့ နမ့်ခမ်းမြို့နယ် တောင်သူလယ်သမားအသင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013