DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ကမ်းပါးပြိုပြီး နေစရာအခက်တွေ့နေသူများ အကူအညီလိုအပ်
DVB
·
November 20, 2012
Donate to DVB

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်ထဲမှာ လွန်ခဲ့တဲ့ ၄ လကျော် ကတည်းက ရေကြီးလို့ ကမ်းပါးပြိုရာက အိုးအိမ်မဲ့ ဖြစ်သွားရတဲ့ ဒေသခံ ရွာသားတွေ ဒီနေ့ထိ နေစရာ အခက်အခဲ ဖြစ်နေကြပါတယ်။

ရေစကြိုမြို့နယ် ညောင်တုန်းကျေးရွာအုပ်စု  ရှစ်အိမ်တန်းရွာက အိမ်ထောင်စုပေါင်း ၁၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ရေကြီးလို့ ကမ်းပါးပြိုပြီး နေအိမ်တွေပျက်စီးခဲ့တဲ့အတွက် အတည်တကျ နေစရာမရှိသေးဘဲ  စိုက်ခင်းက ယာယီတဲအိမ်မှာ နေထိုင်နေရတယ်လို့ ကျေးရွာခေါင်းဆောင်တဦးက ခုလို ပြောပါတယ်။

“အခု ဒုက္ခသည်တွေနေနေတဲ့ နေရာဟာ မိုးရွာရင် ရေအိုင်တယ်။ ရေကလည်း တိုက်ရိုက် ၀င်တယ်၊ အဲတော့ စုစည်းပြီးနေတဲ့အခါ တအိမ်နဲ့တအိမ် တံစက်မြိတ်ချင်းထိနေတယ်။ အပေါ့ အလေး သွားစရာ အိမ်သာကျင်းတူးဖို့ရာလည်း မြေရှင်တွေက အတူးမခံတဲ့အတွက် တော်တော်ခက်ခဲနေတယ်။ သောက်ရေသုံးရေကလည်း တော်တော်ခက်ခဲနေတယ်။”

ကမ်းပါးပြိုလို့ နေရာမဲ့နေရသူတွေဟာ အိမ်ထောင်စု ၁၂၃ စု၊ လူပေါင်း ၅၀၀ ကျော်ရှိပြီး သူတို့အတွက် မြို့နယ် သမ၀ါယမပိုင် မြေဧရိယာတခုကို  တိုင်းအစိုးရက နေရာချထားပေးခဲ့ပေမယ့် အဲဒီနေရာဟာ ရေ၀ပ်နေပြီး  ရွာတည်ဖို့ အဆင်မပြေတဲ့အတွက်  အခြားဘေးကင်း လုံခြုံတဲ့တနေရာမှာ ချထားပေးဖို့ အောက်တိုဘာလကုန်ပိုင်းက စာရေးတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ရွာသားတွေဟာ နေရေးဒုက္ခကို ရက်ရှည်ရင်ဆိုင်နေရတာကတကြောင်း၊ အာဏာပိုင်တွေက တာဝန်ယူဖြေရှင်းမှု နှောင့်နှေးနေရတာက တကြောင်းမို့  ဆန္ဒပြဖို့အတွက်  ပြီးခဲ့တဲ့အောက်တိုဘာ ၂၉ ရက်နေ့က  လူပေါင်း ၁၅၀ လက်မှတ်ရေးထိုးပြီး တိုင်းရုံးကို ခွင့်ပြုချက် တောင်းခံခဲ့တယ်။ ဒါပေမယ့် တိုင်းရုံးက ဆန္ဒပြခွင့်မပေးခဲ့ဘူးလို့ ဆိုပါတယ်။

အာဏာပိုင်တွေက ပြဿနာကို မဖြေရှင်းပေးရင် ရွာသားတွေက ခွင့်ပြုချက် ရရ မရရ ဆန္ဒပြမယ်လို့ ကျေးရွာခေါင်းဆောင်က ပြောပါတယ်။ တရားဥပဒေကနေ ရင်ဆိုင်တောင်းဆိုဖို့အတွက် ဥပဒေအကြောင်း နားလည်သူ ရှေ့နေရှေ့ရပ်တွေနဲ့ တိုင်ပင်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ရေစကြိုမြို့နယ် ရှစ်အိမ်တန်းကျေးရွာဟာ ချင်းတွင်းမြစ် ကမ်းနဘေးမှာရှိပြီး လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်ကတည်းက ရေတိုက်စားလို့ ကမ်းပါးပြိုတဲ့ဒဏ်ကို အကြိမ်ကြိမ်ခံခဲ့ရပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြောင်းရွှေ့နေထိုင်နေကြရတဲ့အတွက် သင့်တော်တဲ့နေရာတခုမှာ ရွာသစ်တည်ချင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013