DVB Logo
Home
မြန်မာသတင်း
သာယာဝတီမြို့နယ် အန်အယ်လ်ဒီပြန်ကြားရေး တာဝန်ခံကို ပုဒ်မ ၆၆ (ဃ)ဖြင့် ထောင် ၆ လချ
DVB
·
June 18, 2019
သာယာဝတီမြို့နယ် အန်အယ်လ်ဒီပြန်ကြားရေး တာဝန်ခံကို ပုဒ်မ ၆၆ (ဃ)ဖြင့် ထောင် ၆ လချ
Donate to DVB

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် အန်အယ်လ်ဒီသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဂျာလေး (ခ) ကိုဝင်းဇော်ထွန်းကို  သာယာဝတီခရိုင်တရားရုံးက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ ဒီကနေ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလတုန်းက ကိုဂျာလေး (ခ) ကိုဝင်းဇော်ထွန်းဟာ  အလင်းအိမ်လို့ အမည်ပေးထားတဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်အကောင့်ကနေ ပဲခူးတိုင်းစည်ပင်နှင့် လူမှုရေးဝန်ကြီးဟောင်း လက်ရှိ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လွင်ကို ဂုဏ်သိက္ခာကျဆင်းအောင်ရေးသားခဲ့တယ်ဆိုပြီး တရားစွဲထားတဲ့အမှုကို စီရင်ချက်ချလိုက်တာပါ။

တရားစွဲခံရတဲ့ အန်အယ်လ်ဒီပါတီဝင်  ကိုဂျာလေးက “စီအိုင်ဒီက ကျနော်ဖုန်းကို စစ်ဆေးတော့ သူတို့ဘက်က စွဲဆိုထားတဲ့အချက်တွေကို လူမှုကွန်ရက်ပေါ်တင်ထား တာမတွေ့ဘူး။ ဖုန်း Notepat ထဲမှာမှတ်ထားတာကိုတွေတယ်လို့ ထွက်ဆိုပေးတယ်။  ဒါကြောင့်မြို့နယ်တရားရုံး ရုံးတက်ရုံးဆင်း ထောင်ဒဏ် ၁ရက်နဲ့ ငွေဒဏ် ၃သိန်း ချမှတ်လို့ ဒဏ်ငွေ ၃သိန်းဆောင်ခဲ့တယ်။ ဒါကိုသူတို့ဘက်ကမကျေနပ်ဘူး။ ပြစ်ဒဏ်နည်းတယ်ဆိုပြီး ခရိုင်ကို ပြင်ဆင်ချက်တက်လို့ အခုခရိုင်တရားရုံးက ထောင်ဒဏ် ၆ လ ချတယ်။”

ဒီအမှုစီရင်ချက်နဲ့ပတ်သက်ပြီး မကျေနပ်လို့ တိုင်းတရားလွှတ်တော်မှာ အယူခံဆက် ဝင်သွားမှာ ဖြစ်သလို မသမာမှုရှိတယ်လို့ ယူဆတဲ့အတွက်  တရားသူကြီးကို တိုင်ကြား သွားမယ်လို့လည်းပြောပါတယ်။

အလားတူ တရားလိုဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လွင်ဘက်ကလည်း ပြစ်ဒဏ်နည်းတဲ့အတွက် မကျေနပ်လို့ အမှုပြင်ဆင်ချက်ထပ်ပြီး တင်သွားမယ်လို့ တရားလို ရှေ့နေ ဦးဇော်ညီညီစိန်ကပြောပါတယ်။

"သူတို့ ဘက်က ဦးမောင်မောင်လွင် အလုပ်နဲ့ ပတ်သက်ပြီး ဘာပဲလုပ်လုပ် မမှန်ပါဘူးဆိုတာကိုအများပြည်သူ သိအောင် အပုတ်ချပြောဆို ရေးသားပြီး လူမှုကွန်ရက်ပေါ်ကို တင်တယ်။   နောက်မိသားစု ကိစ္စတွေ အထိပါလာတဲ့အတွက် အစကတော့သည်းခံပါတယ်။ နောက်ပိုင်း တအားလွန်လာလို့ အခုလို တရားစွဲရတာပါ။ ဒါနဲ့ပတ်သတ်လို့ ဦးမောင်မောင်လွင်ဓာတ်ပုံနဲ့ အတူ စာတွေတင်ထားတဲ့ သက်သေခံပြန်ကူးထားတာ ၄၅ ရွက်ရှိပါတယ်။   မှုခင်းစစ်ဆေးရေး စီအိုင်ဒီက ရှာဖွေတွေ့ရှိတဲ့ အချက်က စာမျက်နှာ ၃၀ ရှိတယ်။ အခုခရိုင်က ချတဲ့ပြစ်ဒဏ်က ချမှတ်ရမယ့်ပြစ်ဒဏ်ရဲ့ တ၀က်တောင်မရှိတဲ့အတွက် တိုင်းရုံးကို ပြင်ဆင်ချက်တက်ဖို့ ပြင်ဆင်နေ ပါတယ်"

လက်ရှိမှာတော့ ကိုဂျာလေး(ခ)ကိုဝင်းဇော်ထွန်းကို ခရိုင်တရားရုံးက ထောင်ဒဏ် ၆လ အမိန်ချ့မှတ်လိုက် ပေမယ့်လည်း ဖမ်းဆီးခြင်းတော့ မရှိသေးပါဘူး။

သတင်း- မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013