DVB Logo
Home
မြန်မာသတင်း
ကြေးနီစီမံကိန်းရပ်ဆိုင်းရန် မုံရွာတဖက်ကမ်းအထိ သွားရောက်ဆန္ဒပြ
DVB
·
November 20, 2012
ကြေးနီစီမံကိန်းရပ်ဆိုင်းရန် မုံရွာတဖက်ကမ်းအထိ သွားရောက်ဆန္ဒပြ
Donate to DVB

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့အတွက် ရဟန်းသံဃာတော်တွေအပါအ၀င် ဒေသခံ ၃၀၀ ကျော်ဟာ ၀မ်ပေါင်ကုမ္ပဏီရှေ့ ထိုင်သပိတ်ဆန္ဒပြရာကနေ မုံရွာတဖက်ကမ်း ညောင်ပင်ကြီးမြို့အထိ သွားရောက်ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြသမား ကိုဇော်ဦးက ပြောပါတယ်။

ဒေသခံအာဏာပိုင်တွေနဲ့ ကြေးနီစီမံကိန်းက တာဝန်ရှိသူတွေက ဆန္ဒပြသမားတွေနဲ့ ညှိနှိုင်းတာတော့ မရှိသေးဘူးလို့ ဒေသခံ ဆန္ဒပြသမားတွေက ပြောပါတယ်။

[caption id="attachment_33287" align="alignright" width="300" caption="မနေ့က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်တန့်ရေးအတွက် သပိတ်စခန်းဖွင့်လှစ်ဆန္ဒကြစဉ် (ဓာတ်ပုံ- ပွင့်လင်းမုံရွာ)"][/caption]

ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့အတွက် နေရာ ၃ နေရာမှာ ဆန္ဒပြသမားတွေကလည်း သပိတ်စခန်းတွေ ဖွင့်လှစ်နေပါတယ်။ ဒီကနေ့မှာတော့  ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသမားတွေ နာရီအနည်းငယ်ကြာ ထိပ်တိုက်တွေ့ခဲ့တယ်လို့ ၀က်မှေးရွာက ဆန္ဒပြသမား မအေးနက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့ ဒီလိုဖြစ်နေတဲ့အချိန်မှာ သူတို့မှာ တာဝန်ခံတွေလေ ရှိတယ်။ အဲတာဝန်ခံတွေနေရာမှာ သူတို့အလုပ်သမားတွေ မထားဘဲနဲ့ ရဲတွေနဲ့ ထိပ်တိုက်တွေ့ပေးတယ်။ အဲတော့ ကျမတို့က ရဲတွေကို ရဲတွေက ပြည်သူပေးတဲ့ လစာစားတာလား၊ သူတို့ပေးတဲ့လစာစားတယ်လားလို့ မေးတော့ ပြည်သူပေးတဲ့ လစာ စားတာတဲ့။ အဲတော့ တာဝန်ခံလုပ်တဲ့နေရာမှာ ခင်ဗျားတို့နဲ့ မသင့်တော်ဘူးပြောလိုက်တယ်။ အဲနေရာမှာ ရဲတွေကိုပဲ ပိတ်ခိုင်းတယ်။ အတွင်းထဲက သပိတ်စခန်းကိုလူတွေမသွားရအောင်လုပ်တာပေါ့။ အစာ၊ ရေတွေ သွားပို့ရင်လည်း သူတို့က ပိတ်ဆို့ထားတာပေါ့။”

လယ်တီဆရာတော်ဘုရားကျောင်းမှာ သပိတ်စခန်းဖွင့်ထားရာမှာ ရဲတပ်ဖွဲ့က လမ်းကို ပိတ်ထားတဲ့အတွက် သပိတ်စခန်းကို ရေနဲ့ အစားအသောက်တွေ ပို့ဆောင်ရာမှာ အခက်အခဲတွေ ဖြစ်ခဲ့တယ်လို့ မအေးနက်က ပြောပါတယ်။

ဒီနေ့အထိဆိုရင် ဆန္ဒပြ သပိတ်စခန်းဖွင့်ခဲ့တာ ၄ ရက်ရှိသွားပြီ ဖြစ်ပြီး ဆန္ဒပြသမားတွေဆီကို ပခုက္ကူမြို့က သံဃာတော်တချို့လည်း လာရောက်ပူးပေါင်းတယ်လို့ သိရပါတယ်။

ဒီကြေးနီစီမံကိန်းကို တရုတ်ပိုင် ၀မ်ပေါင်ကုမ္ပဏီနဲ့ တပ်မတော်သား အစုရှယ်ယာတွေပါဝင်တဲ့ ဦးပိုင်ကုမ္ပဏီတို့ ပူးတွဲလုပ်ဆောင်နေတာဖြစ်ပြီး ကုမ္ပဏီတွေဘက်ကတော့ ဒီစီမံကိန်းကို ရပ်မှာမဟုတ်ဘူးလို့ ထုတ်ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013