DVB Logo
Home
မြန်မာသတင်း
မီတာခနှုန်းထားများကို ပြင်ဆင်ရန် ကမ္ဘာ့ဘဏ် အကြံပြု  
DVB
·
June 18, 2019
မီတာခနှုန်းထားများကို ပြင်ဆင်ရန် ကမ္ဘာ့ဘဏ် အကြံပြု  
Donate to DVB

မြန်မာနိုင်ငံရဲ့ လက်ရှိ လျှပ်စစ်ဓာတ်အားခနှုန်းတွေကို ပြင်ဆင်ဖို့နဲ့ စနစ်တခုလုံးရဲ့ အားနည်း လိုအပ်ချက်တွေကို ထိထိရောက်ရောက်ပြင်ဆင်ဖို့ ကမ္ဘာ့ဘဏ်က အကြံပြုထားပါတယ်။

ဒီနေ့ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာမှာ ဖော်ပြတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍဟာ လက်ရှိထက် ၂ ဆ ရင်းနှီးမြှုပ်နှံဖို့လိုနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လက်ရှိလုပ်နေတဲ့ စီမံကိန်းတွေကို အခုထက် ၃ ဆပိုပြီး မြန်မြန်ဆန်ဆန်လုပ်မှပဲ လျှပ်စစ်လိုအပ်ချက်ကို အလျဉ်မီအောင်ဖြည့်ဆည်းနိုင်မှာဖြစ်ပြီး ကုန်ကျစရိတ် အနိမ့်ဆုံးဖြစ်တဲ့ နည်းလမ်းတွေကို ရွေးဖို့လည်း အကြံပြုထားပါတယ်။

ဒါပေမယ့် လျှပ်စစ်ဓာတ်အားခနှုန်းတွေ ပြင်ဆင်တာကြောင့်လည်း တဖက်မှာ ငွေကြေးဖောင်းပွတာ ပိုလာနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ရှေ့လာမယ့် ကာလလတ်တခုမှာ ငွေကြေးဖောင်းဖွမှုနှုန်းဟာ ၆ ဒသမ ၆ ရာခိုင်နှုန်းမှာ တည်ငြိမ်နေမယ်လို့ ခန့်မှန်းထားပြီး အစိုးရက လျှပ်စစ်ဓာတ်အားခဈေးနှုန်းတွေ ပြင်ဆင်ဖို့ လုပ်နေတာနဲ့ စွမ်းအင်ဈေးနှုန်းမြင့်လာနိုင်တာကတော့ ငွေကြေးဖောင်းပွနှုန်းကို မြင့်လာစေ နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဘဏ်တို့ အတူလေ့လာသုံးသပ်ပြုစုခဲ့တဲ့ လူမှုဖူလုံရေးအညွှန်းကိန်းတွေအရ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်လောက်ဟာ အခြေခံလိုအပ်ချက် အညွှန်းကိန်း အနည်းဆုံး ၃ ခု မှာ အားနည်းနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာရေး၊ ရေကောင်းရေသန့် ရရှိရေးနဲ့ အိမ်သာ အသုံးပြုတာ၊ အိုးအိမ်ပိုင်ဆိုင်တာနဲ့ တခြားပစ္စည်းပိုင်ဆိုင်တာ ဆိုတဲ့ အညွှန်းကိန်းတွေမှာ လူဦးရေ စုစုပေါင်းရဲ့ ၄၇ ရာခိုင်နှုန်းဟာ အနည်းဆုံး ၃ ခုမှ အားနည်းနေတယ်လို့ ဆိုပါတယ်။

လူဦးရေရဲ့ ငါးပုံတပုံကျော်ဟာ အညွှန်းကိန်း ၅ ခုနဲ့ အထက်မှာ အားနည်းနေပြီး အားမနည်းသူကတော့ လူဦးရေ စုစုပေါင်းရဲ့ ၁၆ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ တဖြည်းဖြည်းချင်းတည်ငြိမ်လာပြီး အရှိန်ပြန်ရ လာတာကြောင့် ၂၀၁၈-၁၉ ခုနှစ် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၆ ဒသမ ၅ ရာခိုင်နှုန်းရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်တင်တာ၊ လက်လီလက်ကား ရောင်းဝယ်ရေး လုပ်ငန်း၊ အာမခံနဲ့ ဘဏ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု တွေဝင်ရောက်လာတာ၊ အခြေခံအဆောက်အအုံကဏ္ဍမှာ ငွေကြေးသုံးစွဲတာတွေကြောင့် ကမ္ဘာ့စီးပွားရေး အခြေအနေ ဆိုးနေပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကတော့ ၂၀၂၀-၂၁ မှာ ၆ ဒသမ ၇ ရာခိုင်နှုန်းကို ရောက်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

မြန်မာသမ္မတ ဦးဝင်းမြင့်ကတော့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေအရ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး(GDP)ကို ပုံမှန်ဈေးနှုန်းအရ ၇ ရာခိုင်နှုန်း တိုးတက်ဖို့ ရည်မှန်းထားတယ်လို့ မနေ့က ကျင်းပတဲ့ ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးမှာ  ပြောပါတယ်။

ဒါပေမယ့်ကမ္ဘာလုံးနဲ့ ဒေသဆိုင်ရာ စီးပွားရေး အရှိန်နှေးကွေးနေတာ၊ အီးယူက ကုန်သွယ်မှု အထူးအခွင့်အရေးတွေ ရုပ်သိမ်းနိုင်တဲ့ အလားအလာရှိနေတာ၊ စွမ်းအင်ဈေးနှုန်း အတက်အကျ အပြောင်းအလဲ မြန်တာတို့ကတော့ စိန်ခေါ်မှုအဖြစ်ရှိနေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာကို တနှစ်မှာ ၂ ကြိမ်ထုတ်ဝေပြီး လတ်တလော စီးပွားရေးအခြေအနေတွေ၊ အလားအလာနဲ့ မူဝါဒရေးရာ အကြံပြုချက်တွေကို ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013