DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီအစိုးရကို ရသည့်နည်းဖြင့် တွန်းလှန်ဖယ်ရှားရန် မဘသ (ဗဟို)တိုက်တွန်း
DVB
·
June 18, 2019
ဒီမိုကရေစီအစိုးရကို ရသည့်နည်းဖြင့် တွန်းလှန်ဖယ်ရှားရန် မဘသ (ဗဟို)တိုက်တွန်း
1 / 3
Donate to DVB

လက်ရှိ ဒီမိုကရေစီအစိုးရကိုရတဲ့နည်းနဲ့ တွန်းလှန်ဖယ်ရှားပစ်ဖို့  မဘသအဖွဲ့ကို အသွင်ပြောင်းထားတဲ့ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (ဗဟို)က တိုက်တွန်း ကြေညာလိုက်ပါတယ်။

တိုင်းပြည်နဲ့လူမျိုး ဘာသာသာသနာကို ပျက်စီးအောင် ပြုလုပ်နေတဲ့ လုပ်ရပ်တွေနဲ့ ပါဝင် လုပ်ဆောင်နေသူတွေကို ဆန္ဒမဲ မပေးတာ အပါအဝင်တရားနဲ့အညီ ရတဲ့နည်းနဲ့ တွန်းလှန် ဖယ်ရှားကြဖို့ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင် ဒေးရှင်း (ဗဟို) နှစ်ပတ်လည်စုံညီတွေ့ဆုံ အပြီးမှာ  ဇွန်လ ၁၇ ရက်နေ့က သဘောထား ထုတ်ပြန်လိုက်တာပါ။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အပေါ် ဦးဝီရသူရဲ့ ပြောဆိုချက်တွေဟာ အပြုသဘောနဲ့ အမှန်တရားကို ဝေဖန်ထောက်ပြတာဖြစ်တယ်၊ ဦးဝီရသူကို ဓမ္မစက်နဲ့ အရင် အရေးမယူဘဲ တသက်တကျွန်းအထိ ချနိုင်တဲ့ ပုဒ်မနဲ့စွဲဆိုတာဟာ လက်ရှိ ဒီမိုကရေစီအစိုးရရဲ့ ဥပဒေမဲ့ ဆောင်ရွက်ချက် ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ပြင် အမျိုးသမီးမ၀င်ရလို့ ကန့်သတ်ထားတဲ့ အောက်စက်တော်ရာကို နိုင်ငံ့ခေါင်းဆောင် အမျိုးသမီးကိုယ်တိုင် ၀င်ရောက်ခြေချတာဟာ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ကျော်လွန်ပြီး မထီမဲ့မြင်ပြုလုပ်တာလို့ ဆိုပါတယ်။

လက်ရှိ ဒီမိုကရေစီအစိုးရလက်ထက်မှာ ဝံသာနုစိတ်ဓာတ်ကဗျာကို ပယ်ဖျက်တာ၊ ဇာတိမာန်သီချင်းကို မလိုတော့လို့ပြောကြားတာ၊ အမျိုးသားရေးဝါဒဟာ ဒီမိုကရေစီရဲ့ အန္တရာယ်ဖြစ်တယ်လို့ ပြောကြားခဲ့တာတွေဟာ အမျိုးသားရေး လက္ခဏာကို ဖျက်ဆီးတာဖြစ်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒါ့အပြင် ဧည့်စာရင်း ဥပဒေ၊  နောက်ယောင်ခံ စောင့်ကြည့်ရေး ဥပဒေ၊ အရေးပေါ် စီမံချက် ဥပဒေတို့ကို ပယ်ဖျက်တာနဲ့ နိုင်ငံတွင်းမှာ မွေးဖွားတဲ့ ကလေးသူငယ်တိုင်းကို မွေးဖွားတဲ့ မှတ်ပုံတင် ထုတ်ပေးရမယ်ဆိုတဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကိုလည်း ရှုတ်ချထားပါတယ်။

လွှတ်တော်က ပြင်ဆင်အတည်ပြုလိုက်တဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဥပဒေမှာ မြန်မာပြည်အတွင်း မွေးဖွားတဲ့ ကလေးငယ်တွေကို မွေးစာရင်း ထုတ်ပေးရမယ်လို့ ဆိုလိုရင်းဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ဒီဗွီဘီကို ပြောပါတယ်။   

“ကလေးသူငယ်တွေရဲ့ မွေးစာရင်းပေါ့။ ဥပဒေထဲမှာ မွေးဖွားခြင်းကို မှတ်ပုံတင်တယ်ဆိုတာက မွေးစာရင်းကို ပြောတာပါ။ နိုင်ငံသားစိစစ်ရေးကတ်မဟုတ်ပါဘူး။ ဘယ်နေရာမှာမွေးမွေး မြန်မာနိုင်ငံထဲမှာ မွေးရင် မွေးစာရင်းထုတ်ပေးရမယ်ပြောတာ။ မိဘမဲ့ကလေးတွေ၊ ရင်ခွင်မဲ့ကလေးတွေအတွက် လွယ်ကူအောင်ဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ခွင့်ကတော့ နိုင်ငံသား ဥပဒေနဲ့ပဲ သွားမှာပါ။ သူတို့ပြောသလို မဖြစ်နိုင်ပါဘူး။ ပြီးတော့ ကျနော်တို့ ဆွေးနွေးခဲ့တာမှာလည်း အခု လူပြောများနေတဲ့ မွေးစားတဲ့ ကိစ္စ မပါပါဘူး။”

အာဏာစက်နဲ့ အရေးယူခံရသူကို ဆရာတော်လို့ မခေါ်ဆိုထိုက်ဘဲ မကြာခဏ ဝိနည်း သိက္ခာပုဒ်ကျူးလွန်သူကို ဒုဿီလလို့ ခေါ်ဆိုရမယ်လို့  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အပေါ်မှာလည်း ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း (ဗဟို) က ကန့်ကွက်ထားပါတယ်။

အင်းစိန်မြို့နယ် အောင်ဆန်း တောရ တပ်ဦးကျောင်းမှာ ဇွန်လ ၁၆ ရက်ကနေ ၁၇ ရက် အထိ ကျင်းပခဲ့တဲ့ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းနှစ်ပတ်လည်စုံညီပွဲကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က ကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့က တရားခံပြေးအဖြစ် ကြေညာထားတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကလည်း မဘသ သံဃာတော်တွေကို နေ့ဆွမ်း လှူဒါန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013