
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ ပလန (၁) ရပ်ကွက်ရှိ တြီနီတီစစ်ဘေးရှောင်စခန်းမှာ သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
တြီနီတီစစ်ဘေးရှောင်စခန်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ သောက်ရေ သုံးရေအတွက် ရေတွင်းတခုတည်းကိုသာ အားထားနေရပြီး အဲဒီရေတွင်းကလည်း မိုးရာသီမှမဟုတ်ရင် တမနက်လောက် ရေတင်လိုက်ရုံနဲ့ ရေကခန်းသွားတယ်လို့ စစ်ရှောင်စခန်းရဲ့ ဒုတိယတာဝန်ခံ ဖြစ်တဲ့ ဦးအင်လန်းကိန်က ပြောပါတယ်။
ရေအခက်အခဲ ကြုံတွေ့နေရတာနဲ့ပတ်သက်ပြီး စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေး နေတဲ့ အဖွဲ့အစည်းတွေကို လွန်ခဲ့တဲ့ လေးလလောက်ကတည်းက တင်ပြအကူအညီ တောင်းခံခဲ့ ပေမယ့် လာကြည့်ပေးရုံကလွဲပြီး ဒီနေ့ထိ ထူးခြားမှုမရှိသေးဘူးလို့လည်း သူက ရှင်းပြပါတယ်။
ရေအခက်အခဲဖြစ်နေတဲ့ ဒီကာလတလျှောက်လုံးမှာ ပြည်နယ်အစိုးရအဖွဲ့ကနေ ရေနဲ့ ပတ်သက်ပြီး လာကြည့်တာမျိုး လာကူညီပေးတာမျိုး မတွေ့မိဘူးလို့ တြီနီတီစစ်ရှောင်စခန်းမှာ နေထိုင်နေရတဲ့ ဒေါ်ခေါန်ဂျာက ပြောပါတယ်။
စစ်ရှောင်စခန်းမှာနေတဲ့ လူတွေအတွက် အများသုံးရေချိုးခန်းစုစုပေါင်း ၁၂ ခန်း ရှိပေမယ့် မိုးရွာတဲ့ရက်မှ ရေရလို့ ငါးခန်းလောက်ပဲ သုံးလို့ရပြီး ကျန်တဲ့ရက်တွေဆို နှစ်ခန်းပဲ သုံးလို့ရတဲ့အတွက် ရေချိုးခန်းတွေကို သော့ပိတ်ထားရတယ်လို့ ဦးအင်လန်းကိန်က ပြောပါတယ်။
ဘယ်စစ်ရှောင်စခန်းမှာမှ မရှိတဲ့ ရေစင်ကြီးတခု ဆောက်ပေးထားပေမယ့် ရေကတော့ တစက်မှမရှိဘူးလို့လည်း သူက ထည့်သွင်းရှင်းပြပါတယ်။
တြီနီတီစစ်ဘေးရှောင်စခန်းဟာ အင်ဂျန်းယန်မြို့နယ်ထဲက စစ်ဘေးရှောင်လာကြသူတွေ နေထိုင်နေကြတဲ့ စခန်းဖြစ်ပြီး အိမ်ထောင်စု ၁၀၀ ကျော်၊ လူဦးရေ ၈၀၀ ကျော်ရှိပြီး အဲဒီထဲမှာမှ KG တန်းကနေ လေးတန်းထိ ကျောင်းသူကျောင်းသားစုစုပေါင်း ၃၀၀ ကျော်ရှိနေတယ်လို့ စစ်ရှောင်စခန်းက ရရှိတဲ့အချက်အလက်တွေအရ သိရပါတယ်။
သတင်း -ဝေဖြိုးအောင်











