DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ကြက်မွေးမြူရေးသမားများ အရှုံးပေါ်ပြီး ဘ၀ရပ်တည်ရေး ခက်ခဲ
DVB
·
November 20, 2012
မွန်ပြည်နယ်တွင် ကြက်မွေးမြူရေးသမားများ အရှုံးပေါ်ပြီး ဘ၀ရပ်တည်ရေး ခက်ခဲ
Donate to DVB

မွန်ပြည်အတွင်းက မော်လမြိုင်မြို့၊ မုဒုံနဲ့ အခြားမြို့နယ်တွေမှာရှိတဲ့ ကြက်မွေးမြူသူတွေဟာ အစာကုန်ကြမ်းဈေးနှုန်း ကြီးမားပြီး ကြက်ဈေးနှုန်းတွေ ကျဆင်းနေတဲ့အတွက် ဆက်လက်ရပ်တည်ဖို့ ခက်ခဲနေပြီး အရှုံးပေးနေတယ်လို့ သိရပါတယ်။

[caption id="attachment_33267" align="alignright" width="300" caption="တပိုင်တနိုင် ကြက်မွေးမြူရေးသမားများ"][/caption]

ဒေသတွင်း ကြက်မွေးမြူရေးလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေက ကြက်ဥနဲ့ကြက်သား ဈေးနှုန်းတွေ လျှော့ချရောင်းနေတဲ့အတွက် တပိုင်တနိုင်လုပ်နေတဲ့ ကြက်မွေးမြူသူတွေဟာ ယှဉ်ပြိုင်မရောင်းနိုင်ဘဲ အကျပ်အတည်းနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

ဒါကြောင့် တချို့ လုပ်ငန်းရပ်ဆိုင်းလိုက်ရတဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ ကြက်မွေးမြူရေးသမားတဦးက ပြောပါတယ်။

“အခုက ကုန်ကြမ်းဈေးကြီးနေတဲ့ အနေအထား၊ မကျွေးလို့လည်း မရဘူး ကျွေးမှ ဥမှာဆိုတော့လေ။ တချို့ တပိုင်တနိုင်တွေ မိုင်းပိုင်နဲ့ ရွာနီးချုပ်စပ် ကော့ခိုက်တွေ၊ ထားဝယ်စုတွေဆိုရင်တော့ ၅၀၀ မွေးသမားတွေကြတော့ ဖြစ်သလောက်နဲ့ ဥစမ်း၊ ဥစုံပဲ ရှိသေးတယ် အသက်က ၂၅၊ ၂၈ ဖြစ်သမျှဈေးနဲ့ ထိုးရောင်းနေရပြီ။ ကြက်အကောင်လိုက် ၂၀၀၀ ပေးပေး၊ ၃၀၀၀ ပေးပေး၊ ဘာလို့လဲဆိုတော့ ဆက်ကျွေးရင် ဆက်ရှုံးနေတော့ ဘယ်လိုမှ ရပ်တည်လို့မရတဲ့ အနေအထားပါ။”

အခုလို တပိုင်တနိုင်ကြက်မွေးမြူသူတွေ ဆက်လက်ရပ်တည်ဖို့ ခက်ခဲနေရတဲ့ အခြား အကြောင်းအချက်တခုကတော့ ထိုင်းနိုင်ငံက နယ်စပ်ကနေ တဆင့်ဝင်ရောက်လာတဲ့ ကြက်ဥတွေဖြစ်ပြီး မော်လမြိုင်အရောက် ၁ လုံးကို ၄၅ ကျပ်လောက်ပဲရှိတယ်လို့ သိရှိရပါတယ်။

ပြည်တွင်းက ထွက်တဲ့ကြက်ဥဈေးနှုန်းဟာ တလုံးကိုရောင်းဈေး ၅၅ ကျပ် ခန့်ရှိပြီး ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ ၇၀ ကျပ်လောက်ရှိတယ်လို့ ဆိုပါတယ်။

“ကြက် ၁ ကောင် ၈၀၀ ကတည်းက မွေးလာတာ။ အကျိုးရှိပါတယ်။ ဒီနှစ်ကျမှ ၁ ကောင်ကို ၆၀၀၀ နဲ့ ၀ယ်တယ်၊ ဥ ၁ လုံးက ၅၀ ကျော်ပဲရတယ်၊ အစာ ၁ အိတ်ကို ၂ သောင်းနဲ့ ၂ ထောင်။”

အသားစား ကြက်သား ၁ ပိဿာရဲ့ ကုန်ထုတ်လုပ်မှု စရိတ်ဟာ ၂၆၀၀ လောက်ကုန်ကျပြီး ကုမ္ပဏီတွေက ၂၃၀၀ ဈေးနဲ့ ဖြန့်ဖြူးနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကြက်မွေးမြူသူတွေအနေနဲ့ အစာဈေးနှုန်းကို လျှော့ချပေးစေလိုတယ်လို့ တပိုင်တနိုင် ကြက်မွေးမြူသူတဦးက ပြောပါတယ်။

“လက်ရှိခံစားနေရတာက အရင် အသားစားကြက်မွေးတာ ၁ ကောင်ကို ၅၀၀ နဲ့ဝယ်တယ်၊ နောက်ပိုင်း ၇၀၀ ဖြစ်သွားတယ်။ အစာကလည်း ၃ သောင်းကနေ ၃ သောင်းခွဲဖြစ်သွားပြီ။ အသားထုတ်တာကလည်း အခု ၂၀၀၀ နဲ့ ရင်ဆိုင်နေရတယ်။ အခုမှ ဈေးနည်းနည်းပိုလာတာပေါ့။ ကျနော်တို့က ၂၇၀၀ နဲ့ရောင်းမှ အရင်းရတာ၊ ၂၀၀၀ နဲ့ရောင်းလိုက်ရတော့ အရှုံးပေါ်နေတာပေါ့။”

ကြက်မွေးမြူရေးသမားတွေ အရှုံးပေါ်နေတဲ့အတွက် ထွက်ကုန်နဲ့ ကုန်ချော မျှမျှတတနဲ့ အဆင်ပြေအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ လုပ်ဆောင်ပေးစေချင်တယ်လို့ တနိုင်တပိုင် မွေးမြူရေးသမားတဦးက ပြောပါတယ်။

“ဘာလိုအပ်လဲဆိုတော့ ထွက်ကုန်နဲ့ ကုန်ချောတွေ မျှမျှတတနဲ့ အဆင်ပြေအောင် သက်ဆိုင်ရာ အရာရှိတွေ၊ လူကြီးတွေက နည်းနည်းပါးပါး ညှိနှိုင်းပြီး ကုန်ကြမ်းဈေးနဲ့ ကုန်ချောထုတ်တာ တွက်ချက်ပေးပါလို့ တောင်းဆိုချင်တယ်။ အခုက ကုန်ကြမ်းဈေးနဲ့ ကုန်ချောဝယ်တာ အရှုံးပေါ်နေတယ်ဆိုတော့ ဒီလုပ်ငန်း ရပ်တည်ဖို့၊ တည်တံ့ခိုင်မြဲဖို့ မလွယ်ဘူး။ ရောင်းအားက စီပီက ၀ယ်တာက ၉၀၀ ကျော်ကျော်လောက်ပဲရှိတယ်။ အပြင်က ၀ယ်တာက ၁၁၀၀ လောက်ရှိတယ်။ ကီလိုဈေးပေါ့။”

အခုလို ဒေသခံ ကြက်မွေးမြူရေးသမားတွေ အရှုံးပေါ်ပြီး ဘ၀ရပ်တည်ရေးခက်ခဲနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အထက် တာဝန်ရှိသူတွေကို ဖြေရှင်းပေးဖို့ စာတင်ထားတယ်လို့ မွန်ပြည်နယ်မွေးမြူရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းစိန်သောင်းက ပြောပါတယ်။

“ဒေသတွေမှာရှိတဲ့ ကြက်မွေးမြူရေးသမားတွေ အများကြီးထိခိုက်နေတယ်ဆိုတာကို တင်လိုက်တယ်၊ သူတို့ရှင်သန်မှုအတွက်ပေါ့။ ထိုင်းနိုင်ငံက ၀င်ရောက်လာတာတွေကိုလည်း ဘာမှ စစ်ဆေးမှုမရှိဘူး။ ဒါ ကြက်ငှက်တုပ်ကွေးလည်း ပါလာနိုင်တယ်၊ ပါလာခဲ့ရင် ရောဂါကူးစက်နိုင်တယ်။ ဒါကို ပိတ်ဖို့သင့်တယ်ဆိုတာ တင်လိုက်တယ်။”
ဒီအခြေအနေတွေအတွက် မွန်ပြည်နယ် ၀န်ကြီးချုပ်ကနေ ပြည်နယ်မွေးကုအဖွဲ့ခေါင်းဆောင်၊ စည်ပင်ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေပါဝင်တဲ့ အဖွဲ့ဖွဲ့ပြီး စစ်ဆေးခိုင်းနေပေမယ့် လျော့ရဲမှု အပိုင်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013