DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် သုညရသည့် ကျောင်း ၂၀ အထိရှိလာ
DVB
·
June 17, 2019
စစ်ကိုင်းတိုင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် သုညရသည့် ကျောင်း ၂၀ အထိရှိလာ
Donate to DVB

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အောင်ချက် ရာခိုင်နှုန်း သုညသာရှိခဲ့တဲ့ စာသင်ကျောင်းပေါင်း  ၂၀ အထိရှိပြီး မနှစ်က ထက် ၂ ကျောင်း တိုးလာပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ  ၃၇ မြို့နယ်က စာစစ်ဌာန ၂၃၀ မှာ ပြီးခဲ့တဲ့နှစ်က  တက္ကသိုလ်ဝင် စာမေးပွဲဝင်ကျင်းပခဲ့ရာမှာ စာစစ်ဌာန ၂၀ ခုက အောင်မြင်သူ လုံးဝမရှိဘဲ အောင်ချက်ရာခိုင်နှုန်း သုညသာ ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတုန်းကတော့ စစ်ကိုင်းတိုင်း အတွင်း စာစစ်ဌာန ၂၀၇ ခုမှာ အောင်ချက်ရာခိုင်နှုန်း သုညရှိခဲ့တဲ့စာစစ်ဌာန   ၁၈ ခုရှိခဲ့ပြီး ၂၀၁၆- ၂၀၁၇ ပညာသင်နှစ်ကတော့ စာစစ်ဌာန ၁၉၁ ခုမှာ အောင်ချက်သုညသာရှိတဲ့ စာစစ်ဌာန ၁၀ ခုသာရှိခဲ့ပါတယ်။

ခုလို အောင်ချက်ကျဆင်းရတာဟာ စာမေးပွဲပုံစံပြောင်းလဲတာနဲ့ အနည်းငယ်သက်ဆိုင်နိုင်ပြီး တိကျတဲ့အဖြေရရှိဖို့ကတော့ အခုလအတွင်း သက်ဆိုင်ရာ စာစစ်ဌာနတွေ၊ မြို့နယ်၊ ခရိုင်၊ တိုင်းပညာရေးဌာနတာဝန်ရှိသူတွေနဲ့ ဆွေးနွေးအဖြေရှာပြီးမှသာ သိနိုင်မယ်လို့ တိုင်းပညာရေးမှူးရုံး ညွှန်ကြားရေးမှုး(ပညာဌာန) ဒေါ်ကြည်ကြည်မာက ပြောပါတယ်။

“သုညရာခိုင်နှုန်းရရှိရတဲ့ အကြောင်းအရင်းဘာလဲဆိုတာကို ဆွေးနွေးဖို့ ၂၀၊ ၂၁ ရက်နေ့မှာ ဆွေးနွေးမယ်။ ပြီးရင် ကျမတို့ဘက်ကနေ ဘယ်လိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မလဲပေါ့။ လာမယ့်နှစ်မှာ အောင်ချက်ရာခိုင်နှုန်းတိုးဖို့ရာအတွက် ကျွန်မတို့ဌာနကနေ ဆရာလိုအပ်ချက်ရှိ လို့လား။ ဘာသာရပ်ကြောင့်လားဆိုတာ ဆွေးနွေးပွဲလုပ်မယ်ပေါ့။ အများသောအားဖြင့် အောက်ချက် ရာခိုင်နှုန်း သုညကျောင်းတွေက အ.ထ.ကခွဲတွေ၊ အ.ထ.ကကျောင်းက ၂ ကျောင်းပဲ ပါတယ်။ မေးခွန်းပုံစံသစ်ဆိုတော့ အမေးနဲ့အဖြေမကိုက်တာတွေလည်း ရှိရင်ရှိမယ်။ ဆွေးနွေးပြီးရင်တော့ သိရမှာပါ။”

အောင်ချက် သုညသာရှိခဲ့တဲ့ ကျောင်းတွေထဲမှာ  ကလေးမြို့နယ်က ၄ ကျောင်းနဲ့ အများဆုံးဖြစ်ပြီး တချို့မြို့နယ်တွေမှာလည်း ၂ နှစ်ဆက်တိုက် အောင်ချက်သုညသာရှိတဲ့ ကျောင်းတွေလည်း ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် စစ်ကိုင်းတိုင်းဒေသကြီးအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ချက် ရာခိုင်နှုန်းမှာတော့ တိုးလာခဲ့ပြီး တနိုင်ငံလုံးအနေနဲ့ တတိယအဆင့်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ စစ်ကိုင်းတိုင်းအတွင်းက စာစစ်ဌာန ၂၃၀ ခုကနေ ကျောင်းသားကျောင်းသူ ၁၁၅၁၀၂ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး ၃၉၃၁၂ ဦးအောင်မြင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013