DVB Logo
Home
မြန်မာသတင်း
ကရင်နီလူငယ် ခူးကြူးဖဲကေးကို လွိုင်ကော်တရားရုံးတွင် ရုံးထုတ်စစ်ဆေး
DVB
·
June 17, 2019
ကရင်နီလူငယ် ခူးကြူးဖဲကေးကို လွိုင်ကော်တရားရုံးတွင် ရုံးထုတ်စစ်ဆေး
Donate to DVB

ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၇ ခု နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ကရင်နီလူငယ်  ခူးကြူးဖဲကေး (ခေါ်) ဂူးဂူးကို ဒီကနေ့ လွိုင်ကော်မြို့နယ် တရားရုံးက ရုံးထုတ်စစ်ဆေးပါတယ်။

ဒီကနေ့ရုံးထုတ်စစ်ဆေးရာမှာ လုံခြုံရေးအပြည့်နဲ့ ရုံးထုတ်ခဲ့သလို မိနစ်အနည်းငယ်သာ စစ်ဆေးပြီး မိသားစုဝင်တွေ၊ မီဒီယာသမမားတွေနဲ့ တွေ့ခွင့်မပေးဘဲ  ထောင်ကို ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။

ထောင်ကိုပြန်ခေါ်ဆောင်မသွားခင် ခူးကြးဖဲကေးက ထောင်တွင်း နိုင်ငံရေးအကျဉ်းသားကို ခွဲခြားဆက်ဆံထားတယ်လို့ ပြောပါတယ်။

“ကျနော်တို့ကို အကျဉ်းထောင်ထဲမှာလည်း နိုင်ငံရေးသမားတယောက်နဲ့ ထိုက်တန်တဲ့ ဂုဏ်သိက္ခာမရှိတဲ့ပုံစံမျိုးနဲ့ မဆက်ဆံတော့ဘူး။ အကျဉ်းထောင်ဒု-ကြီးကြပ်ရေးမှူးဖြစ်တဲ့ သူရိန်ထွန်းဟာ ကျနော်တို့ကို ကြမ်းတမ်းစွာ ဆက်ဆံတာတွေရှိတယ်။ လူမဆန်စွာ ပြောဆိုတာတွေရှိတယ်။ အထဲမှာ နိုင်ငံရေးအကျဉ်းသား  တယောက်ရှိတယ်။ ရဲကိုကိုလို့ ခေါ်တယ်။ မန္တလေးထောင်က ပြောင်းလာတယ်။ ကျနော်တို့နှစ်ယောက်ကို ခွဲခြားပြီးတော့ ပေးမတွေ့တာတွေလုပ်တယ်။ သတင်းအချက်အလက် ဖြတ်တောက်တာတွေလုပ်တယ်။ ဆိုတော့ ဒါက တရားဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ရပ်ဖြစ်တယ်”

ခူးကြူးဖဲကေးရဲ့ မိခင်ဖြစ်သူအနေနဲ့ သားအတွက် အစားအသောက်တွေကို ပြင်ဆင်လာပေးခဲ့ပေမယ့် အဲဒီအစားအသောက်တွေ ပေးခွင့်မရခဲ့ဘူးလို့လည်း ပြောပါတယ်။

“မိသားစုလာတယ်။ သူ့အစ်မလာတယ်။ သူ့အဒေါ်လာတယ်။ အခုသူတို့ရဲ့ကားနဲ့လာတော့ တခါတည်းခေါ်ဝင်တယ်။ တခါတည်း ပြန်ခေါ်တက်တယ်။ သူတို့ ဘာပြောလဲမကြားရဘူး။ သူ့မျက်နှာ မြင်ပဲမြင်လိုက်ရတယ်။ စကားပြောခွင့်မရနိုင်ဘူးပေါ့နော်။ ”

ဒီကနေ့ တရားရုံးထုတ်ကို ကရင်နီလူငယ်တွေလည်း တရားရုံးကို လာရောက်ဝန်းရံခဲ့ကြသလို ပန်းစည်းတွေပေးအပ်ကာ အားပေးခဲ့ပါတယ်။

ယားပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသားသစ္စာဖောက်ဆိုပြီး ကရင်နီ လူငယ်တွေက မတ် ၂၅ ရက်က  ထုတ်ပြန်ကြေညာခဲ့တာပါ။

အဲဒီကြေညာချက်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ လူငယ် ၆ ဦးဖြစ်တဲ့ ကိုစစ်မုန်း(ခ) ဒီးဒီ၊ မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ခူးရီးဒူ၊ ခူးကြူးဖဲကေး၊ ခွန်းသောမတ်စ်တို့ကို ပြည်နယ်အစိုးရက ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ နဲ့ မေလ ၁၆ ရက်နေ့က တရားစွဲဆိုထားတာလည်းဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ဆက်လက်စစ်ဆေးဖို့ လာမယ့် ဇွန်လ ၂၄ ရက်နေ့ကို ရုံးချိန်း ပြန်လည်ချိန်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013