
လွှတ်တော်သတင်းတွေယူရတဲ့နေရာမှာ ရုပ်မြင်သံကြား (တီဗွီ) ကနေ တဆင့်ခံပြီး ကူးယူရတဲ့နိုင်ငံ ဘယ်နိုင်ငံမှာမှ မရှိသလို မြန်မာနိုင်ငံမှာပဲရှိပြီး အင်မတန် ရှက်စရာ ကောင်းတယ်လို့ ၀ါရင့်သတင်းစာဆရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ပြောပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိဘားအံဟိုတယ်မှာ ဇွန် ၁၅ ရက် ညနေ ၆ နာရီက ပြုလုပ်တဲ့ ကေအိုင်စီကရင်သတင်းဌာန ၂၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ အခုလို ပြောဆိုလိုက်တာပါ။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင် က “ဒီမိုကရေစီ နိုင်ငံ ပြောပြီးတော့ လွှတ်တော်သတင်းယူရတဲ့နေရာမှာ တယ်လီဗေးရှင်းက တဆင့်ခံပြီး ကူးယူရတဲ့ ဘ၀ဟာ ကျနော်တို့နိုင်ငံမှာပဲရှိတယ်။ ဘယ်နိုင်ငံမှာမှ မရှိဘူး။ အင်မတန်လဲ ရှက်စရာ ကောင်းတယ်”လို့ ပြောပါတယ်။
ပြည့်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော် အပါအ၀င် လွှတ်တော်သတင်းတွေကို သတင်းထောက်တွေက ရယူရမှာ လွှတ်တော်တွင်းကနေ တိုက်ရိုက် သတင်းယူခွင့်မရဘဲ လွှတ်တော်အပြင်ဘက်မှာ တပ်ဆင်ထားတဲ့ တီဗွီရုပ်မြင်သံကြားကနေ ပဲ တဆင့် သတင်းရယူနေကြရတာဖြစ်ပါတယ်။
ကရင်သတင်းဌာန၊ ဒါရိုက်တာ နန်းဖော့ဂေ က“လက်ရှိအချိန်အထိကတော့ တိုင်းရင်းမီဒီယာအပါအ၀င် မီဒီယာတော်တော်များများက သတင်းရယူခွင့်မှာ အခက်အခဲ ရှိနေဆဲပါ။ အားကောင်းတဲ့နေရာတွေလည်း ရှိသလိုမျိုး စိန်ခေါ်မှုတွေက ထက်ဝက်မက ရာခိုင်နှုန်း ၅၀ မကရှိနေဆဲ”လို့ ပြောပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နန်းပွတ်စေး က “ကလောင်သွားက ဓားသွားထက် ထက်တယ်ဆိုတာ ကျမတို့ ပဲခူးတိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တခုကနေပြီး သက်သေရှိပါတယ်။ ငွေ တသောင်းတန်အမှုကိစ္စဟာ ကေအိုင်စီ သတင်းမှာဖြန့်လိုက်တဲ့အချိန်မှာ တခြားမီဒီယာတွေ ၀ိုင်းဝန်းပံ့ပိုးတဲ့အတွက် လွတ်မြောက်တဲ့ အခြေအနေအထိ ရောက်ရှိသွားတယ်”လို့ ပြောပါတယ်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနဲ့ ပြည်ထောင်စုအဆင့်တာဝန်ရှိသူတွေ ပြည်ထောင်စု အဆင့်မဏ္ဍိုင် ၄ ရပ်တွေ့ဆုံပွဲကို ၂၀၁၆ ခုနှစ်မှစတင်ပြီး ၂၀၁၉ ခုနှစ်အထိ ၃ ကြိမ်မြောက် တွေ့ဆုံခဲ့ပြီးဖြစ်သလို မြန်မာမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချက် ၁၃ ချက်ပါ သဘောတူညီမှုရခဲ့ပါတယ်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ သတင်းမီဒီယာသမားတွေ သတင်းရယူရာမှာ အခက်အခဲမရှိစေဖို့နဲ့ သတင်းထောက် အတု၊ အစစ်ခွဲခြားသိရှိစေနိုင်ဖို့ သက်ဆိုင်ရာသတင်းဌာန တွေရဲ့ အသိအမှတ်ပြု အိုင်ဒီကတ်ထုတ်ပေးထားတဲ့ သတင်းထောက်တွေကိုပြန်လည်စိစစ်ပြီး အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးသွားဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူကပြောပါတယ်။
သတင်း- ရဲမင်းခေါင်










