DVB Logo
Home
မြန်မာသတင်း
ဘိုးဘွားပိုင်မြေ ပုံစံ ၁၀၅ လျှောက်ရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများအား ထုတ်ပေးပြီးဖြစ်နေ
DVB
·
June 16, 2019
ဘိုးဘွားပိုင်မြေ ပုံစံ ၁၀၅ လျှောက်ရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများအား ထုတ်ပေးပြီးဖြစ်နေ
Donate to DVB

ကျောက်ဖြူမြို့နယ်မှာ ဘိုးဘွားလက်ထက်ကတည်းက ပိုင်ဆိုင်လာတဲ့မြေကို ပုံစံ ၁၀၅ လျှောက်ထားရာမှာ ဌာနဆိုင်ရာက တာဝန်ရှိသူတွေ လျှောက်ယူထားတဲ့ မြေနေရာဖြစ်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာ ပင်လယ်ကမ်းစပ်အနီး ကွင်းအမှတ် (၄၉၀)၊ မင်းပြင်မြောက်ကွင်း၊ မြေကွက်အမှတ်(၂၀၅)၊ မြေ(၁၁)ဧက၀န်းကျင်ရှိ ဘိုးဘွားလက်ထက် ကတည်းက ပိုင်ဆိုင်လာတဲ့ လယ်ယာမြေကို ပုံစံ ၁၀၅ လျှောက်ထားရာမှာ စီမံကိန်းဌာနမှ ဦးစီး အရာရှိအပါအ၀င် ၆ ဦး လျှောက်ထားတဲ့ မြေဖြစ်နေရာဖြစ်တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုင်ကြားထားပင်မယ့် ဒီနေ့အချိန်ထိ မြေစာရင်းပုံစံ ၁၀၅ မရရှိသေးဘူးလို့ ဘိုးဘွားပိုင်မြေယာ လျှောက်ထားသူတွေက ပြောပါတယ်။

အဆိုပါမြေကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က ကျောက်ဖြူအစိုးရက သိမ်းယူထားတယ်ဆိုပြီး ဌာနဆိုင်ရာ ၄ ခုမှ တာဝန်ရှိသူတွေက သိမ်းယူခဲ့တာဖြစ်ပါတယ်။

ဘိုးဘွား လက်ထက်ကတည်းက လုပ်ကိုင်စားသောက်လာတဲ့ မြေယာဖြစ်တဲ့အတွက် မိမိပိုင်မြေကို ပြန်လည်ရရှိဖို့ မြေစာရင်းပုံစံ(၁၀၅)ကိုလျှောက်ထားရာမှာ အဆိုပါ ၄ ဌာနမှ တာဝန်ရှိသူတွေအား မြေစာရင်းပုံစံ ၁၀၅ ကို ပြည်နယ်အစိုးရက ထုတ်ပေးခဲ့တယ်လို့ မြေပိုင်ရှင်တဦးဖြစ်တဲ့ ကိုမောင်လှခင်က ပြောပါတယ်။

“လယ်မြေယာမြေ ၁၁ ဧကကို မြို့နယ်ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ထွေအုပ်၊ စီမံကိန်း၊ မြေစာရင်း ဒီ ၄ ဌာနက ဒီမြေ ၁၁ ဧကကို သိမ်းဆည်းထားပါတယ်။ ၂၀၁၃ ခုနှစ်ကပါ။ ကျနော်တို့ကို ကျောက်ဖြူအစိုးရ သိမ်းတယ်ဆိုပြီးတော့ပြောတယ်။ ကျနော်တို့ကလည်း ကျနော်တို့မြေကို ပြန်လိုချင်တယ်။ ကျနော်တို့ ဘိုးစဉ်ဘောင်ဆက် ဓားမဦးချလုပ်စားလာတဲ့ မြေ ၁၁ ဧကကို ပြန်လိုချင်တယ်၊ အဲဒီနေ့ကတည်းက နောက်ဆုတ်သွားတယ်၊ ပုံစံ ၁၀၅ ကို ကျနော်တို့နဲ့ အမှုရင်ဆိုင်နေတဲ့အချိန်မှာ ပြည်နယ်မြေစာရင်းကနေပြီးတော့ သူတို့ကို ပုံစံ ၁၀၅ ချပေးခဲ့တယ်။”

မင်းပြင်ကျေးရွာရာအိမ်မှူး ဦးညွန့်ဝင်းက “ကျနော်သိသလောက်ဆိုရင်တော့ မြစ်နားကမ်းခြေ တလျှောက်မှာတော့ သူတို့ဘိုးဘွားပိုင်လယ်ယာမြေတွေကို သူတို့မိသားစု ၄ ဦး ပိုင်ဆိုင်တာပါ၊ သူတို့နဲ့လည်း ဌာနဆိုင်ရာတွေနဲ့ အခင်းဖြစ်နေကြပါတယ်။ ဌာနဆိုင်ရာက သူတို့ရဲ့ ဘိုးဘွားပိုင် လယ်ယာမြေကို အုန်းပင်တွေလာစိုက်လို့၊ သူတို့ကပြောတာကတော့ မြေရိုင်းမြေလွတ်ဆိုပြီးတော့ အုန်းပင်လာစိုက်တယ်၊ အစကတော့ အဲဒီမြေတွေက မြေရိုင်းမြေလွတ်မဟုတ်ဘူး၊ ဘိုးဘွားပိုင် လယ်ယာမြေတွေဖြစ်တယ်” လို့ပြောပါတယ်။

အဆိုပါမြေယာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ တာဝန်ရှိသူကို ဒီဗွီဘီက သွားရောက်တွေ့ဆုံမေးမြန်းရာမှာ ပြည်နယ်မှာသာ အချက်အလက်တွေ ရှိတယ်လို့ ဖြေဆိုခဲ့ပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်း လယ်ယာမြေအငြင်းပွားမှုတွေနဲ့ မြေရိုင်းမြေလွတ်လျှောက်ထား ရာမှာ ဌာနဆိုင်ရာတွေအနေနဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရာမှာ အချိန်ကြန့်ကြာ တာတွေရှိသလို မမှန်မကန်လုပ်ဆောင်နေတာတွေ တွေ့ရတယ်လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက အခုလိုပြောပါတယ်။

“လယ်ယာမြေအငြင်းပွားမှု၊ မြေရိုင်းမြေလွတ် ဒီလိုလျှောက်တဲ့အမှုတွေမှာ ဌာနဆိုင်ရာ တွေဟာ လုပ်ထုံးလုပ်နည်းဥပဒေနဲ့ လုပ်တဲ့အပေါ်မှာ ဘယ်လိုခေါ်မလည်း အချိန်မကြာသင့်ပဲ ကြာတဲ့ဟာတွေ၊ မှန်မှန်ကန်ကန် ဥပဒေအတိုင်း မဆောင်ရွက်တာတွေ ကိုတော့ အမှန်အတိုင်း ပြောရမယ်ဆိုရင် ကျောက်ဖြူမြို့ပေါ်မှာ ကိုယ်ကိုတိုင်လက်တွေ့ပဲ။”

အဆိုပါမြေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြတိုင်ကြားခဲ့ပေမယ့် အခုအချိန်ထိ ဆောင်ရွက်မပေးတာကြောင့် နိုင်ငံတော်အဆင့်ထိတိုင်ကြားသွားမယ်လို့ အဆိုပါ မိသားစုဝင်တွေက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ ဘိုးဘွားလက်ထက်ကတည်းက ပိုင်ဆိုင်လာတဲ့ စားကျက်မြေတွေ၊ တောင်ကုန်းတွေ၊ လယ်ယာမြေပြဿနာတွေ နှစ်စဉ်ဖြစ်ပေါ်လာနေပြီး သက်ဆိုင်ရာ မြေစာရင်း ဌာနမှ တာဝန်ရှိသူတချို့ ပါဝင်ပတ်သက်တာတွေ တွေ့နေရတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013