DVB Logo
Home
မြန်မာသတင်း
အမေရိကန်သမ္မတ အိုဘားမား လူထုအခြေပြုအဖွဲ့များကို တွေ့ဆုံ
DVB
·
November 19, 2012
အမေရိကန်သမ္မတ အိုဘားမား လူထုအခြေပြုအဖွဲ့များကို တွေ့ဆုံ
Donate to DVB

အမေရိကန်သမ္မတ ဘားရတ်ဟူစိန် အိုဘားမားဟာ ဒီနေ့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ မိန့်ခွန်းမပြောကြားမီ မြန်မာနိုင်ငံက လူထုအခြေပြု လူ့အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဘွဲ့နှင်းသဘင်ခန်းမ အနောက်ဘက်ခြမ်းက အခန်းတခုမှာ သမ္မတအိုဘားမားနဲ့ တွေ့ဆုံ စကားပြောခွင့်ရတယ်လို့ ဗေဒါအင်စတီကျူ့ထူထောင်သူ ဦးမျိုးရန်နောင်သိမ်းက ပြောပါတယ်။

[caption id="attachment_33246" align="alignleft" width="300" caption="ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် သမိုင်းဝင်မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ- ရိုက်တာ)"][/caption]

“ကျနော်တို့ကို ၅ မိနစ်လောက် စကားပြောသွားတယ်။ အဓိကက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို တန်ဖိုးထားတဲ့အကြောင်း၊ အဲလူတွေကြောင့် ပြောင်းလဲတယ်ဆိုတာကို ပြောသွားပါတယ်။ ကျနော်တို့က သမ္မတ အိုဘားမားနဲ့ တဦးချင်းပြောပါတယ်။ သီတဂူဆရာတော်ကြီးက စပြီးတော့ပါ။ မတ်တပ်ရပ် လက်ဆွဲနှုတ်ဆက်ပြီး သူပေးချင်တဲ့ သတင်းစကားကို တိုတိုနဲ့ ထိထိရောက်ရောက် ပြောသွားတာပါ။”

တွေ့ဆုံရာမှာ သီတဂူဆရာတော် အရှင်ဥာဏိသရ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီး၊ ဗေဒါအင်စတီကျူ့တည်ထောင်သူ ဦးမျိုးရန်နောင်သိမ်းအပါအ၀င် ၁၄ ဦး တက်ရောက်တယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတနဲ့ လက်ဆွဲနှုတ်ဆက်ပြီး ပြောခွင့်ရတဲ့ ၁ မိနစ်ခန့်အချိန်တွင်းမှာ ပညာရေးကိစ္စကို ဇောင်းပေးပြောဆိုခဲ့တယ်လို့ ဦးမျိုးရန်နောင်သိမ်းက ပြောပါတယ်။

“အစိုးရနဲ့ စေ့စပ်ဆွေးနွေးတာကို ကြိုဆိုတယ်၊ ပူးပေါင်းဆောင်ရွက်လုပ်ခြင်းအားဖြင့် စစ်တပ်ကို ပိုပြီး ဒီမိုကရက်တစ်ဖြစ်အောင် လေ့ကျင့်ပေးနိုင်တယ်။ ပြည်တွင်းမှာရှိတဲ့ လူငယ်တွေအတွက် ပညာရေးအခွင့်အလမ်းတွေ လိုတယ်ဆိုတာ ပြောတယ်။ နောက် ရခိုင်ပြဿနာသည် ဘာသာရေးကိစ္စမဟုတ်ဘူး၊ ဒါဟာ လူဝင်မှုကြီးကြပ်ရေးကိစ္စ ဖြစ်တယ်ဆိုတာ ပြောပါတယ်။”

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က သီးသန့်တွေ့ဆုံရာမှာ သမ္မတ ပြောဆိုချက်နဲ့ပတ်သက်လို့ ခုလို ပြောပါတယ်။

“ဒီမိုကရေစီအသွင်းကူးပြောင်းရေးကာလမှာ အရေးကြီးဆုံးအချက်ဖြစ်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေအကြောင်းပါ။ အဲအဖွဲ့တွေ အားကောင်းမောင်းသန်ဖြစ်ဖို့အတွက် ကျနော်တို့ ကြိုးစားနေသလို သူတို့ကလည်း ဒါတွေကို အားပေးဖို့ အဓိက ပြောတယ်။ နောက်တခုက အနာဂတ်ကိုထူထောင်မယ့် နောင်မျိုးဆက်တွေအတွက် စွမ်းရည်တွေပြည့်ဝဖို့အတွက် သူတို့ကို ပြုစုပျိုးထောင်ဖို့လိုတယ်။ အဲအတွက်ကြောင့် လိုအပ်တဲ့ ပညာသင်ပေးမယ့်ကိစ္စတွေ၊ ပညာသင်ဆုကအစ။ အရည်ချင်းပြည့်ဝတဲ့ သင်တန်းတွေ ပေးနိုင်ဖို့အတွက် လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွေ လိုအပ်နေတယ်ဆိုတာ ပြောပါတယ်။ လူငယ်တွေကို ကျနော်တို့ လွှဲပေးရမယ်။ လူငယ်တွေရဲ့ အရည်အချင်းပေါ်မူတည်ပြီး ကျနော်တို့ အနာဂတ်တိုင်းပြည်ရဲ့ ပုံသဏန်တွေ ထွက်လာမှာမိုလို့ပါ။ ”

ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးကတော့ တိုင်းရင်းသားလူမျိုးစုတွေ အားလုံးဟာ ဖက်ဒရယ်ပြည်ထောင်စု အလိုရှိတယ်ဆိုတာကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

“၁ မိနစ်အတွင်းမှာ ကျနော်ကတော့ သမ္မတကြီးကို တိုင်းပြည်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်ကိုသွားမယ်၊ ဖက်ဒရယ်ပြည်ထောင်စု ရမယ်ဆိုရင် တိုင်းရင်းသားနယ်မြေတွေမှာ သေနတ်သံ ချက်ချင်းငြိမ်သွားမှာ၊ ကြားရတော့မှာ မဟုတ်ဘူး။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုရအောင် လုပ်ပေးပါလို့ ပြောပါတယ်။ ကျနော်က ဒါပဲ ဖိပြောတာပဲ။ ကချင်ကလည်း ဒါပဲပြောတယ်၊ ကချင်က ဒါရှိမယ်ဆို သေနတ်ကိုင်ဖို့ မလိုဘူးလို့ ပြောနေပြီပဲ။”

သမ္မတနဲ့ တွေ့ဆုံပြောခွင့်ရသူတွေထဲမှာ ကရင်အမျိုးသမီးအဖွဲ့၊ ကချင်အမျိုးသမီးအဖွဲ့မှ ဒေါ်စံပယ်၊ အလုပ်သမားအရေး ဆောင်ရွက်သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013