DVB Logo
Home
မြန်မာသတင်း
အိုင်စီအာစီကို အကျဉ်းထောင်များတွင် ကူညီဆောင်ရွက်ခွင့်ပြုမည်
DVB
·
November 19, 2012
အိုင်စီအာစီကို အကျဉ်းထောင်များတွင် ကူညီဆောင်ရွက်ခွင့်ပြုမည်
Donate to DVB

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) ကို အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသားတွေရဲ့ နေရေးထိုင်ရေး၊ လူမှုဖူလုံရေးကိစ္စတွေ ကူညီဆောင်ရွက်ခွင့်ပြုမယ့်အကြောင်း အပါအ၀င် အစိုးရက နိုင်ငံတကာစံနှုန်းတွေနဲ့ ဆောင်ရွက်သွားမယ့် အကြောင်းအချက်အချို့ကို သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၁၈ ရက် ရက်စွဲနဲ့ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ အကြောင်းအရာ ၆ ခု ဖော်ပြထားပြီး အဲ့ဒီအထဲမှာ လူ့အခွင့်အရေးကိစ္စများ၊ အကျဉ်းသားများကိစ္စ၊ ပဋိပက္ခတွေဖြေရှင်းရေးနဲ့ အမျိုးသားသွေးစည်း ညီညွတ်ရေး၊ အဏုမြူ မပြန့်ပွားရေး၊ ပွင့်လင်းမြင်သာတဲ့ အစိုးရတရပ် ဖြစ်ပေါ်ရေးနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး စတဲ့ ကိစ္စရပ်တွေ ပါဝင်ပါတယ်။

ဒီအထဲမှာ အိုင်စီအာစီကို ပြန်လည်ကူညီဆောင်ရွက်ခွင့်ပေးမယ့်ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတ၀န်း အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသားတွေရဲ့ နေရေးထိုင်ရေးနဲ့ လူမှုဖူလုံရေး ကိစ္စရပ်တွေကို ကူညီဆောင်ရွက်ခွင့် ပေးမယ်လို့ ဖော်ပြပါရှိပေမယ့် ဘယ်အချိန် ဆောင်ရွက်ခွင့်ပြုမှာလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးဘူးလို့ အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဥာဏ်ထွန်းက ပြောပါတယ်။

“အိုင်စီအာစီကနေပြီး အကျဉ်းထောင်တွေထဲမှာ ကူညီပြီး ပြုပြင်ပေးရမယ့် အချက်လက်လေးတွေ ပေးထားတာ ရှိပါတယ်။ အကျဉ်းထောင်အဆင့်အတန်း ပိုမိုမြင့်မားရေး၊ ရေစနစ်တို့၊ မိလ္လာစနစ်တို့ အဲဒါတွေကို ပိုပြီးတော့ ကောင်းအောင်၊ အဆင်ပြေအောင် သူတို့လုပ်ပေးမယ်ဆိုပြီး ပြောထားပါတယ်။ အဲဒါကို ကျနော်တို့က ခွင့်ပြုမယ်ဆိုပြီး ပြောထားတာပါ။ ပြန်တော့ ညှိရဦးမယ်။ အချိန်အတိအကျတော့ ကျနော် မသိသေးပါဘူး။”

ဒါ့အပြင် ကုလသမဂ္ဂအပါအ၀င် အဖွဲ့အစည်းအသီးသီးက ပေးပို့ထားတဲ့ နိုင်ငံရေး အကျဉ်းသားစာရင်းတွေကို စိစစ်ပြီး ဒီနှစ်မကုန်ခင် ပြန်လွှတ်ပေးဖို့ ရှိကြောင်း ပြောပါတယ်။

“စာရင်းတခုချင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် တောင်းဆိုထားတာလည်းရှိမယ်၊ တရားဥပဒေဘက်ကလည်း ပြစ်မှုဆိုင်ရာတွေနဲ့ အရင်က ပြစ်ဒဏ်ချမှတ်ထားတဲ့ အမှုတွဲတွေ ရှိမယ်။ အဲဒါတွေကို တဦးတယောက်ချင်း ပြန်စိစစ်ပြီး စစ်ဆေးမှာပါ။ ယူအန်က ပေးထားတဲ့ စာရင်းလေးတွေလည်း ရှိတယ်လို့ ပြောပါတယ်။ အဲစာရင်းတွေ အကုန်လုံး တိုက်ဆိုင်စစ်ဆေးပြီး ပြန်ညှိမှာပါ။ အဲဒီကနေမှ ပြန်လွှတ်ပေးလို့ရတဲ့ ပုဂ္ဂိုလ်တွေကို ဒီနှစ်မကုန်ခင် ပြန်လွှတ်မေးမယ်လို့ ရည်ရွယ်ထားပါတယ်။”

ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်၊ ရခိုင်အရေးကိစ္စမှာလည်း အကြမ်းဖက်မှု ကျုးလွန်သူတွေကို ဥပဒေအရ အရေးယူသွားမယ်၊ လူမျိုးရေးပြဿနာတွေကို ကြိုးပမ်းဖြေရှင်းသွားမယ်၊ အိုးအိမ်စွန့်ခွာသူတွေ နေရပ်ပြန်နိုင်ရေးကအစ နိုင်ငံသားဖြစ်မှုအဆုံး လိုအပ်တဲ့ နိုင်ငံရေးအရ ဖြေရှင်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပွင့်လင်းမြင်သာတဲ့ အစိုးရဖြစ်ပေါ်စေရေး နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှာ ပါဝင်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်သလို လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းကို အမေရိကန်နဲ့ အိုင်အယ်လ်အိုတို့ အကူအညီနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့် အကြောင်းလည်း အစိုးရသတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013