DVB Logo
Home
မေးမြန်းခန်း
အမေရိကန်သမ္မတ အိုဘားမား၏ သမိုင်းဝင်မိန့်ခွန်းအပေါ် အမြင်သဘောထား
DVB
·
November 19, 2012
အမေရိကန်သမ္မတ အိုဘားမား၏ သမိုင်းဝင်မိန့်ခွန်းအပေါ် အမြင်သဘောထား
Donate to DVB

အမေရိကန်သမ္မတ ဘားရတ်အိုဘားမားဟာ နိုဝင်ဘာ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမမှာ မြန်မာပြည်နဲ့ သက်ဆိုင်တဲ့ သမိုင်းဝင် မိန့်ခွန်းတရပ်ကို မိနစ် ၃၀ ကျော်ကြာ ပြောကြားသွားခဲ့ပါတယ်။

ဒီမိန့်ခွန်းကို အခမ်းအနားတက်ရောက်ပြီး နားထောင်ခဲ့ကြသူတွေထဲက အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ဦးကိုနီတို့ရဲ့ အမြင်သဘောထားတချို့ကို စုစည်း တင်ပြပေးလိုက်ပါတယ်။

ဦးခင်မောင်ဆွေ (အန်ဒီအက်ဖ်ပါတီ ဥက္ကဋ္ဌ)

[caption id="attachment_23739" align="alignleft" width="282" caption="ဦးခင်မောင်ဆွေ"][/caption]

“ပထမအကြိမ် မြန်မာနိုင်ငံရောက်လာတာဟာ ထူးခြားချက်ရှိသလို မြင့်မားတဲ့ နိုင်ငံရေးပုံရိပ်တခုကို သယ်ဆောင်လာနိုင်တယ်လို့ ရှုမြင်ပါတယ်။ သို့သော်လည်း ဘယ်နိုင်ငံမဆို မိမိတို့ အမျိုးသားအကျိုးစီးပွားကြည့်တယ်ဆိုတာက သဘာဝပါပဲ။ ဒါကြောင့် သူ့မိန့်ခွန်းထဲမှာ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ ပြောဆိုချက်မှာ သူ့အမျိုးသားအကျိုးစီးပွား၊ အာရှပစိဖိတ်လုံခြုံရေးကို ထည့်ပြောသွားတာ တွေ့ရပါတယ်။ နောက် မြန်မာနိုင်ငံ ရခိုင်မှာဖြစ်နေတဲ့ လူအုပ်စု ၂ ခုကြားမှာဖြစ်နေတဲ့ ပဋိပက္ခအပေါ် သူချဉ်းကပ်သွားပုံက လူ့အခွင့်အရေး၊ နိုင်ငံသားဖြစ်မှု အခွင့်အရေးဆိုတာတွေကို တိုက်တွန်းသွားတဲ့ သဘောရှိပါတယ်။ ဒါတွေကလည်းပဲ ကျနော်တဦးတည်းရဲ့ အမြင်အရ သူ့နိုင်ငံရဲ့ ရေနံလုံခြုံရေးနဲ့ ပတ်သက်တဲ့ ရှုထောင့်ကနေကြည့်ပြီးတော့ မွတ်စလင်နိုင်ငံတွေရဲ့ စိုးရိမ်မှုတွေ ပြေလျော့သွားအောင် ၀င်ရောက် ဖန်တီးပေးတယ်လို့ ပြောမယ်ဆို ပြောနိုင်ပါတယ်။

ဒါတွေကြည့်ခြင်းအားဖြင့်တော့ သူ့ခရီးစဉ်က အောင်မြင်တယ်လို့ ပြောရပါမယ်။ သို့သော်လည်း သူပြောတာတွေ အကောင်အထည်ပေါ်လာဖို့ စောင့်မျှော်ကြည့်ရှုဖို့လိုတယ်။ သူဟာလည်းပဲ သူပြောတဲ့စကားတွေကို အကောင်အထည်ပေါ်လာအောင် သူတို့ဘက်က လုပ်ပေးမယ်ဆိုရင်ဖြင့် နှစ်နိုင်ငံဆက်ဆံရေးက ဒီထက်မက တိုးတက်သွားစရာအကြောင်း အများကြီး ရှိပါတယ်။”

ဦးမင်းကိုနိုင် (၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့)

[caption id="attachment_29732" align="alignright" width="300" caption="ဦးမင်းကိုနိုင်"][/caption]

“ရန်ကုန်တက္ကသိုလ်ကပဲ မြန်မာ့ခေါင်းဆောင် ဦးအောင်ဆန်းကိုမွေးထုတ်ခဲ့တယ်၊ ကမ္ဘာ့ခေါင်းဆောင် ဦးသန့်ကို မွေးထုတ်ပေးခဲ့တယ်ဆိုတာ ဒါကို သူက ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့တယ်။ ဒါဟာ သည်းခြေကြိုက်ပေါ့ဗျာ၊ တကယ်လည်း ရန်ကုန်တက္ကသိုလ်က ထွက်ခဲ့တဲ့ ဒီမှာပဲ ကျနော်တို့တွေ လှုပ်ရှားရုန်းကန်ခဲ့ကြပြီးတော့၊ အနှိမ်ခံ အပယ်ခံဖြစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ပုံရိပ်ကို သူအသိအမှတ်ပြုတာ၊ ကမ္ဘာ့ခေါင်းဆောင်တယောက်က သိမှတ်တယ်ဆိုတာ ဂုဏ်ယူစရာပါ။ ကျန်တဲ့အချက်တွေကတော့ ကျနော်တို့ရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ အနာဂတ် ရည်မှန်းချက်တွေကို နားလည်သဘောပေါက်တယ်ဆိုတာကို ပေါ်လွင်ပါတယ်။ အဓိကတော့ မြန်မာပြည်ဟာ တကယ် မှန်မှန်ကန်ကန် ပြုပြင်ပြောင်းလဲမှုလုပ်မယ်ဆိုရင် ကမ္ဘာ့အသိုင်းအ၀ိုင်းတခုလုံးက လက်တွဲပြီးတော့ မြန်မြန်ရောက်အောင် အားပေးတယ်ဆိုတဲ့ သတင်းစကားရောက်စေပါတယ်။”

ဦးခွန်ထွန်းဦး (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ)

[caption id="attachment_30859" align="alignleft" width="300" caption="ဦးခွန်ထွန်းဦး"][/caption]

“သူပြောသွားတာက အဓိက ဘယ်သူ့ကိုမှ အားမကိုးနဲ့၊ ကိုယ့်ကိုယ်ကိုယ်သာ အားကိုး။ အဓိက ပြည်သူတွေပဲ။ ပြည်သူတွေရဲ့ ကံကြမ္မာ ပြည်သူတွေပဲ ဖန်တီးမယ်ပေါ့။ အရင်းရှင်မကောင်းဘူး၊ အာဏာရှင်မကောင်းဘူးဆိုတာ ဟုတ်တယ်ဆိုပြီးပြောတယ်။ နောက်ပြီး ငါတို့ တိုင်းပြည်ထဲမှာ လူမျိုးအမြောက်အမြားနဲ့ ဖွဲ့စည်းထားတယ်ဆိုပြီး ပြောနေတာ အတူတူပါပဲ။ ပြောရိုးပြောစဉ်အတိုင်းပါပဲ။ သိပ်တော့လည်း ထွေထွေထူးထူး သိပ်မရှိပါဘူး။”

ဦးကိုနီ (မြန်မာနိုင်ငံ ရှေနေများကွန်ရက်)
“မစ္စတာ အိုဘားမားရဲ့ မိန့်ခွန်းတရပ်ဟာ ကျနော်တို့တိုင်းပြည် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို တက်နေတဲ့ကိစ္စမှာ အင်မတန်ကို ကြီးမားတဲ့အရှိန်အဟုန်တခုနဲ့ တွန်းပေးလိုက်သလို ဖြစ်သွားတယ်။ သိသာထင်ရှားတဲ့ ပြောဆိုချက်တွေက လွတ်လပ်ခွင့်အကြောင်း ၄ ခု။ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားဖြန့်ချိခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ အကြောက်တရားကင်းမဲ့စွာနဲ့ နေထိုင်နိုင်ရေး၊ ဒါတွေပါသလို တပ်မတော်ရဲ့ အခန်းကဏ္ဍ။ တပ်မတော်ဟာ အရှေ့မှာ အရေးကြီးတယ်ဆိုတဲ့အကြောင်း၊ ကျနော်တို့က ရှေ့ကိုသွားနေသရွေ့ အမေရိကန်ကလည်း ကျနော်တို့နဲ့ လက်တွဲပြီး လိုက်ပါလာမယ်ဆိုတဲ့အကြောင်း၊ ဒါတွေအပြင် သမ္မတကြီးဟာ ကျနော်တို့နိုင်ငံအကြောင်းကို အတော် အသေးစိတ်လေ့လာထားတာ တွေ့ရတယ်။ သူပြောသွားတဲ့အထဲမှာ အခုသွားနေတဲ့အနေအထားဟာ နောက်ကို ပြန်ဆုတ်လို့မရပါဘူး၊ ရှေ့ကိုပဲ သွားမှဖြစ်မယ်။ ရှေ့ကိုသွားနေသရွေ့ အမေရိကန်ပြည်သူတွေကလည်း ကျနော်တို့အတူ ပါသွားပါမယ်လို့ ပြောတယ်။ ဒီအကြောင်းအရာတွေဟာ တက်ရောက်တဲ့သူတွေကလည်း အတော်စုံတယ်။ လွှတ်တော်ဘက်ကလည်း တက်တယ်၊ အစိုးရဘက်ကလည်းတက်တယ်၊ ကျန်တဲ့ လူမှုအသင်းအဖွဲ့တွေကလည်း အတော်များများတက်တယ်။ အားလုံးက လှိုက်လှိုက်လှဲလှဲနဲ့ လက်ခုပ်ဩဘာတီးပေးတယ်။ ကျနော်တို့ရင်ထဲမှာလည်းပဲ အတော်လှိုက်လှိုက်လှဲလှဲဖြစ်တယ်။ ရှေ့သွားမယ့်လမ်းခရီးကတော့ အင်မတန်ကို ကောင်းမွန်တဲ့ အင်အားကြီးတရပ် ရလိုက်တာပဲ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013