DVB Logo
Home
Lead Story
ကိုယ်စိတ်ကျန်းမာ လူငယ်ဘဝ၊ အနာဂတ်တောက်ပ နိုင်ငံ့အလှ (အယ်ဒီတာအာဘော်)
DVB
·
June 14, 2019
ကိုယ်စိတ်ကျန်းမာ လူငယ်ဘဝ၊ အနာဂတ်တောက်ပ နိုင်ငံ့အလှ (အယ်ဒီတာအာဘော်)
Donate to DVB

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခြေခံပညာကျောင်းများတွင် အကောင်အထည်ဖော် လုပ်ဆောင်ရမည့် အချက် ၇ ချက်ကို လမ်းညွှန်မှာကြားသည်။

အဆိုပါလမ်းညွှန်ချက်များ အကောင်အထည်ဖော်ရေးအတွက် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲတရပ်ကို  နေပြည်တော်၌ ဇွန် ၁၂ ရက်နှင့် ၁၃ ရက်တွင် ကျင်းပခဲ့သည်။

နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတော်၏ အဖိုးတန်သည့် လူသားအရင်းအမြစ်များဖြစ်သည့် ကျောင်းသားလူငယ်များ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ တိကျသော၊ ပြည့်စုံသော နိုင်ငံတော်အဆင့် မူဝါဒများ ချမှတ်ပြီး ဆောင်ရွက်ကြရန် လိုအပ်နေသေးသည်" ဟု ထောက်ပြပြောဆိုခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် 2016 Myanmar Global School Health Survey (GSHS) စစ်တမ်းအရ မြန်မာနိုင်ငံရှိ အသက် ၁၃ နှစ်နှင့် ၁၇ နှစ်အကြား ဆယ်ကျော်သက်များတွင် အာဟာရချို့တဲ့မှုနှုန်း ၁၈ ရာခိုင်နှုန်း တွေ့ရသည်။

ကိုယ်အလေးချိန် များခြင်းနှင့် အဝလွန်ခြင်း ၁၀ ရာခိုင်နှုန်းခန့် တွေ့ရှိရသည့်အတွက် အာဟာရချို့တဲ့ခြင်းနှင့် အာဟာရလွန်ကဲသည့် ပြဿနာများ (ဥပမာ- အဝလွန်ခြင်း၊ သွေးတိုး၊ ဆီးချိုနှင့် အခြားသော မကူးစက်နိုင်သောရောဂါများ) ဖြစ်ပေါ်နေသည်ကိုလည်း တွေ့ရသည်။

၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေ လေ့လာရေး စစ်တမ်းအရ အသက် ၁၅ နှစ်မှ ၁၉ နှစ်အကြား ဆယ်ကျော်သက် လူငယ်များ၏ ၁၈ ဒသမ ၈ ရာခိုင်နှုန်းက ပိန်လှီနေပြီး ၅ ဒသမ ၂ ရာခိုင်နှုန်းသည် ကိုယ်အလေးချိန် များနေသည်။

ထို့အတူ ဆယ်ကျော်သက်အရွယ်များတွင် ဆယ်ဦးမှာ တဦးသာ ကိုယ်လက်လှုပ်ရှားမှု အနေနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ တနေ့လျှင် အနည်းဆုံး ၁ နာရီ လှုပ်ရှားမှုရှိသင့်သည့် အကြံပြုချက်ကို ပြည့်မီဟုဆိုသည်။

ဒါ့အပြင် ဆယ်ကျော်သက်လူငယ် ၁၀ ဦးအနက် ၁ ဦးသည် အထီးကျန် ခံစားနေရကြောင်းလည်း တွေ့ရှိရပြီး ၆ ဦးလျှင် ၁ ဦးသည် ဗွီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်း စသည့် screen time အသုံးပြုချိန် ပိုများလာသည်ကို တွေ့လာရသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်အောက် ဆယ်ကျော်သက် အရေအတွက် ၁၄ ဒသမ ၄ သန်းရှိသည်။ ၁၅ နှစ်မှ ၂၄ နှစ်အကြားရှိ လူငယ်အရေအတွက် ၉ သန်းရှိသည့်အတွက် ဆယ်ကျော်သက် လူငယ်အရေအတွက်သည် တနိုင်ငံလုံးရှိ လူဦးရေ၏ ၄၆ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်။ ယခုနှစ်အတွက် ခန့်မှန်းချက်သည် အသက် ၁၅ နှစ်အောက် ၁၅ ဒသမ ၀၆ သန်း၊ ၁၅ နှစ်မှ ၂၄ နှစ်ကြား ၉ ဒသမ ၄၁ သန်း ရှိသည့်အတွက် ဆယ်ကျော်သက် လူငယ်အရေအတွက် ၄၅ ရာခိုင်နှုန်း ရှိနေသည်။

မြန်မာပြည်လူဦးရေ၏ ၄၅ ရာခိုင်နှုန်းရှိသော လူငယ်ထုကြီးအတွက် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲမှ  တိကျခိုင်မာသော လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်နိုင်ရန် အရေးတကြီး လိုအပ်နေပေသည်။

သို့မှသာ နှီးနှောဖလှယ်ပွဲ၏ ဆောင်ပုဒ်ဖြစ်သည့် “ကိုယ်စိတ်ကျန်းမာ လူငယ်ဘဝ၊ အနာဂတ်တောက်ပ နိုင်ငံ့အလှ” ဆိုသည့် ရည်ရွယ်ချက် ပေါက်မြောက် အောင်မြင်နိုင်မည်ဟု တင်ပြလိုက်ရပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013