DVB Logo
Home
Lead Story
မောင်စွက်ဇနီး မယ်ခွေနဲ့ ဦးကြော့သမီး မအိတို့ရဲ့ကဗျာ
DVB
·
June 13, 2019
မောင်စွက်ဇနီး မယ်ခွေနဲ့ ဦးကြော့သမီး မအိတို့ရဲ့ကဗျာ
Donate to DVB

ခေါင်းစဉ်အကြောင်းက စပြီး ပြောပါရစေ။ အခုတလော လူမှုကွန်ရက် စာမျက်နှာတွေနဲ့ မီဒီယာတွေမှာ အဋ္ဌမတန်း မြန်မာစာဘာသာရပ်မှာပါတဲ့  ကဗျာ ပြဋ္ဌာန်းချက်နဲ့ ပတ်သက်ပြီး ပြောကြဆိုကြ အငြင်းပွားကြတာတွေကို တွေ့နေရတော့ ရေးချင်စိတ် ဖြစ်လာတယ်။

ဒီလိုနဲ့ အသစ်ပြဋ္ဌာန်းချက်မှာ “ဦးကြော့သမီး မအိ” လို့ စာဆိုအမည် တပ်ထားလေတော့ မယ်ခွေကိုလည်း ရှေ့က ဝိသေသပုဒ် ထည့်ပေးချင်တာနဲ့ ရှာဖွေကြည့်မိတာ…။ မယ်ခွေအဖေက ရတနာသိင်္ဃမြို့က မြို့တော်ဝန်ကြီးပေပဲ။ အမည်နာမတော့ မပါဘူး။ မယ်ခွေကလည်း ခေသူမဟုတ်။ နန်းတွင်းစာဆိုကျော် တယောက်ပေပ့ါ။ သူ့ရဲ့ခင်ပွန်းကလည်း ခပ်ညံ့ညံ့လို့တော့ မထင်လိုက်လေနဲ့။ အမွေမြို့ဝန်ဟောင်း မောင်စွက်..တဲ့။

ဒါကြောင့် “မောင်စွက်ဇနီး မယ်ခွေ” လို့ ဝိသေသနပုဒ် ထည့်ပြောလိုက်တာပါ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။

အခုလို ရှေ့က နာမဝိသေသနပုဒ် ထည့်တာ မကြိုက်ခဲ့ရိုး အမှန်ပါ။ မြန်မာတွေမှာ မျိုးစွဲ ရိုးစွဲက ကြီးလွန်းတယ်။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးတွေမှာ အခုထိ ပဒေသရာဇ်ဆန်ဆန်မျိုးရိုးက ကြီးကျယ်နေသေးတယ်။

သင်ရိုးသစ်မှာပါတဲ့ “ဦးကြော့သမီး မအိ” လို့ ဖြစ်သွားရတာကလည်း သူ့အကြောင်းနဲ့သူပါ။ သင်ရိုးသစ်ဆိုပေမယ့် တကယ်တော့ သင်ရိုးဟောင်းကြီးပါ။ တချိန်က အခြေပြု ကျောင်းသားတွေအတွက် “ကဗျာပန်းကုံး” ဆိုပြီး ပြဋ္ဌာန်းခဲ့ဖူးတယ်။ အခြေပြုကျောင်းသားဆိုတာ အခုခေတ်လိုဆိုရင် အလယ်တန်းနဲ့ ပိုနီးစပ်မယ် ထင်ပါတယ်။ အဲ့ဒီပြဋ္ဌာန်းချက်ကို မီခဲ့သူများက အခုဆိုရင် အသက် ၇၀ ကျော်တွေ ဖြစ်နေလောက်ပြီ။ ပါမောက္ခ ဦးအေးမောင် တည်းဖြတ်ပြဋ္ဌာန်းခဲ့တာပါ။ အဲ့ဒီအချိန်က စာဆိုအမည် ရှာမတွေ့လေတော့ “ဦးကြော့သမီး” လို့ပဲ အမည်တပ်ခဲ့တာလို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှ “မအိ” ဆိုတာ ရှာတွေ့သွားဟန် ရှိပါတယ်။

မယ်ခွေငယ်ငယ်က အတော်အငိုသန်ခဲ့ပုံပဲ။ အလွမ်းအဆွေး ငိုချင်းရှည်တွေ အတော်ရေးခဲ့တယ်။ ဒါကြောင့်လည်း “ငိုချင်းများမွေးမေ ရှင်မယ်ခွေ” လို့ ပညာရှိများ မိန့်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

မယ်ခွေက အလွမ်းစာတွေ၊ အဲချင်းတွေ၊ ရတု၊ တျာချင်း၊ ငိုချင်း၊ လေးဆစ်ချိုး၊ နှစ်ဆစ်ချိုး စသဖြင့် စာမျိုးစုံရေးခဲ့တယ်။ အဲချင်းထဲမှာဆိုရင် ၁၂ ရာသီဘွဲ့ အဲချင်းနဲ့ ရှစ်ဆယ်ပေါ် အဲချင်းတို့ ထင်ရှားခဲ့တယ်။ အလွမ်းအဆွေး၊ ငိုချင်းတွေလို့ ဆိုပေမယ့် မယ်ခွေရဲ့ ကဗျာတွေထဲမှာ ထူးထူးခြားခြား မိန်းမတယောက်ရဲ့ တင်္ခဏုပ္ပတ္တိသဘောပါတဲ့ ကဗျာမျိုးလည်း တွေ့ရပါတယ်။

ဆေးတံတို

ဆေးတံတိုတညှိုလောက်

ရော့သောက်တော့ပေး။

မယူလိုက်က မိုက်လို့ထင်

ယူလိုက်ပြန်က ကြိုက်လို့ထင်

သောက်စေချင် ကုတင်တွင်ထောင်ခဲ့ကွဲ့

ညိုနွှဲ့ရဲ့လေး။     ။

ငယ်စဉ်တည်းက ရွတ်ဆိုလို့ကောင်းလို့ ကြိုက်ခဲ့တယ်။ နောက်တော့ ကဗျာရဲ့အတွေးကို ကြိုက်လာခဲ့တာ။ ကျနော် ကျောင်းဆရာဘဝက ပထမနှစ် ကျောင်းသားတွေကို ယုတ္တိဗေဒနဲ့ ပတ်သက်လို့ Dilemma အကြောင်းကို သင်ပေးတိုင်း မယ်ခွေရဲ့ “ဆေးတံတို” ကဗျာလေးရွတ်ပြီး သင်ပေးလေ့ရှိတယ်။

ယုတ္တိဗေဒမှာတော့ “ဒိုင်လဲမား” ကို နှစ်စွန်းထွက်ဆင်ခြေလို့ ခေါ်တာ။ ဆိုလိုတာက ဘယ်လိုပဲဖြေဖြေ အစွန်းတခုခု မလွတ်အောင် ပေးတဲ့ ဆင်ခြေ (Argument) မျိုးကို ပြောတာပါ။ သာဓကပြရရင်..။ မြန်မာရိုးရာ အိပ်ရာဝင်ပုံပြင်လို ဖြစ်ခဲ့တဲ့ ဇာတ်လမ်းတပုဒ်လို့ပဲ ဆိုကြပါစို့။

ရှေးဟောင်းနှောင်းဖြစ်လေးတခုပါ။ ဘကြီးတော်လား ဘိုးတော်လားမသိ။ ဘုရင်ဖြစ်တော့ သူ့ဆရာတော်ကို သာသနာပိုင် ထားချင်လာတော့ လက်ရှိသာသနာပိုင်ကို နန်းတော်ပင့်ပြီး ပြဿနာရှာသတဲ့။

သာသနာပိုင်ကြွလာတော့ နန်းတော်လှေကားထိပ်ကနေ သာသနာပိုင်ကို လျှောက်ထားသတဲ့။ “အရှင်ဘုရား..။ အခု တပည့်တော်လက်ထဲမှာ ကြွက်လေးတကောင်ရှိတယ်။ အဲ့ဒီကြွက်ဟာ အသေလား အရှင်လား ဆိုတာကို သာသနာပိုင်တပါးအနေနဲ့ မှန်အောင်ဖြေဆိုပါဘုရား” လို့ လျှောက်ထားသတဲ့။

သာသနာပိုင်က သူ့လက်ထဲကကြွက်ဟာ အရှင်သာဖြစ်မယ်။ ငါက အရှင်ပါလို့ ပြောလိုက်ရင်.. ကြွက်ကို လက်နဲ့ညှစ်သတ်လိုက်ပြီး ငါ့အဖြေမှားကြောင်း ပြတော့မယ်။ ဒီတော့ ကြွက်လည်းသေ။ သူ့အကုသိုလ်မှာ ငါလည်းမကင်းဖြစ်။ ငါ့အဖြေလည်း မှားမယ်။ အသေပါကွာလို့ ပြောပြန်ရင်လည်း ငါ့အဖြေလည်း မှားမယ်။ ဝိနည်းလည်း ထိခိုက်မယ်လို့ စဉ်းစားပြီး ဘုန်းကြီး အဖြေပေးလိုက်တာက “တကာကြီး။ အခု ငါသည်  တကာကြီးပင့်လို့ လာတာ။ နန်းတော်လှေကားရဲ့ တဝက်ရောက်နေပါပြီ။ အခု ငါသည် ဤလှေကားမှ ဆင်းမလား။ ဆက်တက်မလား ဖြေပါ။ အဲ့ဒါ တကာကြီးမေးခွန်းရဲ့ အဖြေပဲ” လို့ ပြန်ပြောလိုက်သတဲ့။

ဒီမှာ ရှင်ဘုရင်ရဲ့အမေးဟာ ဒိုင်လဲမားအမေးပါပဲ။ ဘယ်ဟာဖြေဖြေ အစွန်းနှစ်ဖက်က မလွတ်နိုင်ပါဘူး။ အဲ့လို အစွန်းမလွတ်တဲ့ ဆင်ခြေတွေကို ဒိုင်လဲမားလို့ ပြောတာပါ။ ဒီလိုပဲ မယ်ခွေရဲ့ “ဆေးတံတို” ကဗျာဟာလည်း ကိုလူညိုပေးတဲ့ ဆေးတံတိုကို ယူလိုက်ရင်လည်း သူ့ကိုကြိုက်လို့ ယူတယ်ထင်မယ်။ အညှာလွယ်တယ် ထင်ဦးမယ်။ မယူလိုက်ပြန်ရင်လည်း မိုက်မဲရာ ကျတော့မယ်။ ငြင်းပယ်ရာလည်း ကျသွားနိုင်တယ်။ ယူခြင်း မယူခြင်းဟာ သူ့အတွက်တော့ ဘာကိုဖြေဖြေ အစွန်းမလွတ်ပေဘူးပေါ့။ အဲ့ဒီ ဒိုင်လဲမားကို သူက “သောက်စေချင် ကုတင်မှာထောင်ခဲ့” လို့ အဖြေပေးလိုက်တာပါပဲ။

ဒါဟာလည်း မိန်းမတယောက်ရဲ့ တင်္ခဏုပ္ပတ္တိဉာဏ်ကို အလွန်ပေါ်လွင်စေခဲ့တဲ့ ကဗျာလေးပါ။ အစွန်းမလွတ်တဲ့ အဖြေကို ပေးရင်း ကာယကံရှင် ပြဋ္ဌာန်းထားတဲ့ စိတ်ဆန္ဒအားရဲ့ အတိုင်းအတာကိုပါ စူးစမ်းလိုက်တဲ့ အဖြေပါ။ ဒါဟာ ဒီကဗျာရဲ့ အလှတခုလို့ ဆိုချင်တယ်။ ယတိပြတ် အဖြေမပေးသလို မငြင်းပယ်ရက်နိုင်တာကလည်း ဂေါရီအရွယ် လုံမပျိုတို့ရဲ့ သဘာဝပေပဲ။

ဒီလိုအဖြေမျိုးကိုတော့ ပြင်သစ်ဒဿနဆရာကြီး ယန်ပေါဆတ်ထ်ကတော့ Bad faith လို့ ပြောမယ်ထင်ပါတယ်။ ကဗျာဆရာမကြီး ကြည်အေးကလည်း ဒီလို မူနွဲ့နွဲ့ ငြင်းပယ်မှုမျိုးကို “အငြင်း” ဆိုတဲ့ကဗျာမှာ ရေးခဲ့ဖူးတယ်။ ကြည်အေးရဲ့ အငြင်းမှာ ချစ်သူရဲ့အနမ်းကို “ဟင့်အင်း ဟင့်အင်း..” ဆိုပြီး လက်ခံခြင်း ငြင်းပယ်ခြင်း မထင်ရှားတဲ့ အဖြေမျိုး ရေးဖွဲ့ခဲ့ဖူးတယ်။

မယ်ခွေကလည်း လက်ခံခြင်း ငြင်းပယ်ခြင်း သရုပ်မပေါ်စေတဲ့ မိန်းမပျိုလေးတယောက်ရဲ့ မူနွဲ့နွဲ့ဟန်ပန် ပေါ်လွင်စေတယ်။ ဒါကိုတော့ “မိန်းမမာယာ” ဆိုတဲ့ စကားလုံးကြမ်းကြမ်းကြီးနဲ့ ထုနှက်တာမျိုးတော့ မလုပ်ရက်ဘူးဗျာ။

ရှေ့ဆက်ပါအုံးမယ်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013