DVB Logo
Home
မြန်မာသတင်း
ဒီနေ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှု အခြေအနေ
DVB
·
November 19, 2012
ဒီနေ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှု အခြေအနေ
Donate to DVB

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၆၆ ဦးကို ဒီနေ့ နိုင်ငံတော် သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ပါတယ်။

ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရသူတွေလည်း ပါပါတယ်။

[caption id="attachment_33211" align="alignright" width="300" caption="အိုးဘိုအကျဉ်းထောင်မှ ပြန်လွတ်လာသူများ"][/caption]

ပဲခူးတိုင်း သာယာဝတီထောင်မှာတော့ ထောင်တသက်တကျွန်း လွတ်ရက်မရှိ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ဦးလက်ျာထွန်းအပါအ၀င် နိုင်ငံရေးအကျဉ်းသား ၁၂ ဦး လွတ်မြောက်လာခဲ့ပါတယ်။

ဦးလက်ျာထွန်းက “အခု လွတ်လာပါပြီ။ ဘာမှတော့ အများကြီး မပြောချင်တော့ဘူး။ နောင်မျိုးဆက်တွေ လူလိုနေနိုင်ဖို့အတွက် ဘယ်သူနဲ့မဆို အလုပ်တွဲလုပ်ဖို့ အသင့်ပါပဲ။” လို့ ပြောပါတယ်။

ဦးလက်ျာထွန်းဟာ ကျောင်းသားတပ်မတော် (အေဘီအက်စ်ဒီအက်ဖ်) အပါအ၀င် ဒီမိုကရေစီတိုက်ပွဲမှာ ပါဝင်တဲ့အတွက် ၁၉၈၉ ခုနှစ်ကတည်းက နိုင်ငံတော်ပုန်ကန်မှုနဲ့ လွတ်ရက်မရှိ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံထားရတာဖြစ်ပါတယ်။

သာယာဝတီအကျဉ်းထောင်ကနေ ပြန်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား တွေဟာ လွတ်လွတ်ချင်းမှာပဲ ထောင်တွင်း သေဆုံးခဲ့တဲ့ ကိုအောင်ကျော်မိုး အုတ်ဂူမှာ သွားရောက်ပြီး အလေးပြုခဲ့ပါတယ်။

“သူရဲကောင်းပီသစွာ ကျဆုံးခဲ့တဲ့ ကိုအောင်ကျော်မိုးကို ဦးတည်ပြီး အခြား အခြားသော စွန့်လွှတ်မှု ပေးဆပ်မှုများစွာနဲ့ ကျဆုံးသွားတဲ့ ကျနော်တို့ရဲ့ ရဲဘော်တွေကို အလေးပြုကြမှာဖြစ်ပါတယ်။ ဒီထောင်အနီး သုသာန်ရဲ့ တနေရာမှာရှိနေတဲ့ ကျနော်တို့ ရဲဘော်တွေရဲ့ဝိညာဉ်တွေက ကျနော်တို့တွေနဲ့အတူ မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် ဆက်လက် ရှင်သန်နေဦးမယ်ဆိုတာ ယုံကြည်ထားပါတယ်။ မြန်မာနိုင်ငံဟာ ဒီလိုစွန့်လွှတ်မှု စွန့်စားမှုတွေနဲ့ ပေးဆပ်မှုတွေနဲ့ ခေတ်ကို ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ ”

သာယာဝတီထောင်မှာပဲ ပြန်လွတ်မြောက်လာတဲ့ ဦးတိုက်ယဉ်ကတော့ သူ့အနေနဲ့ ထောင်တွင်းမှာ ၂၆ နှစ် နေခဲ့ရပြီး အခု အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့အတွက် လွတ်လာပြီးနောက် ဘာမှ ဆက်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“အဘတို့အနေနဲ့ လွတ်လာပြီဆိုပေမယ့် ကျန်တဲ့ လွတ်ရက်မရှိ အကျဉ်းသားတွေ၊ အနှစ် ၂၀ ကျော်၊ နှစ်တွေအများကြီးနေနေရတဲ့ အကျဉ်းသားတွေ အများကြီး ရှိသေးတယ်။ သူတို့ကိုလည်း ပြန်လွတ်စေချင်ပြီ။”

ဦးတိုက်ယဉ်ဟာ ၁၉၈၁ ခုနှစ်က ပထမတကြိမ် ထောင်ဒဏ်ချမှတ်ခံရပြီး ကျောင်းသားတပ်မတော်နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ ကျောင်းသားတပ်မတော်ကနေ မြန်မာပြည်ကိုပြန်သွားပြီး တရုတ်ပြည် သံရုံးနဲ့ စစ်ရုံးချုပ်ဖောက်ခွဲမှုနဲ့ ၁၉၉၃ ခုနှစ်မှာ နိုင်ငံတော် ပုန်ကန်မှုနဲ့ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ကယားပြည်နယ် လွိုင်ကော်ထောင်က ထောင်ဒဏ်တသက်တကျွန်းနဲ့ ၈ နှစ်ချမှတ်ခံထားရတဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ ဦးမြင့်အေးနဲ့ ထောင် ၁၈ နှစ် ချမှတ်ခံရတဲ့ ရန်ကုန်တိုင်းသင်္ဃန်းကျွန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ် ကိုရဲဇော်ထိုက်တို့လည်း ပြန်လွတ်ပါတယ်။

ကိုရဲဇော်ထိုက်က “တခုပဲ ပြောချင်ပါတယ်၊ လူ့အခွင့်အရေးတွေ တရားဥပဒေစိုးမိုးရေးတွေ ဆိုတာ ထောင်ထဲကို ရောက်စေချင်တယ်။ လုံးဝကို မရောက်သေးတာပါ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ကလေးထောင်မှာလည်း ထောင်ဒဏ်တသက်တကျွန်းနဲ့ ၁၀ နှစ် ချမှတ်ခံထားရတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ (HRDP) အဖွဲ့ဝင် ဦးရန်ရွှေအပါအ၀င် ၄ ဦး လွတ်မြောက်လာခဲ့ပါတယ်။

ဦးရန်ရွှေက “ကျေးဇူးတင်တယ်လည်း မပြောချင်ဘူး။ ကျေးဇူးမတင်ချင်ဘူးလို့လည်း မပြောချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ထောင်ထဲရောက်ရမယ့် လူတွေမဟုတ်ဘူးလေ။ ကျနော်တို့ကို ဒီပုဒ်မတွေနဲ့ ချကတည်းက မတော်မတရား ချခဲ့တာပဲ။ ကျနော်ကတော့ ကျေးဇူးမတင်ဘူး၊ ကျေးဇူးတင်စရာရှိရင် သမ္မတ အိုဘားမားကိုပဲ တင်မယ်။ အိုဘားမားလာလို့ ကျနော်တို့ လွတ်တယ်ပေါ့ဗျာ။ မလွှတ်ရင်လည်း အိုဘားမားက တောင်းမှာ” လို့ ပြောပါတယ်။

ဦးရန်ရွှေဟာ HRDP အဖွဲ့ခေါင်းဆောင် ဦးမြင့်အေးနဲ့ အမှုတတွဲတည်းဖြစ်ပြီး ပုဒ်မ ၁၃ - ၁၊ ၁၇-၁၊ ဖောက်ခွဲမှု ပုဒ်မ ၃နဲ့ ၂၀၀၈ မှာ တသက်တကျွန်း နဲ့ ၁၀ နှစ်ချခံခဲ့ရတာဖြစ်ပါတယ်။

မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်ကလည်း ဒီနေ့ နိုင်ငံရေးအကျဉ်းသား ၄ ဦး ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းတောင်ငူထောင်မှာလည်း နိုင်ငံရေးအကျဉ်းသား ၄ ဦးလွတ်မြောက်လာပါတယ်။ အင်းစိန်အကျဉ်းထောင်မှ ၁၆ ဦး လွတ်မြောက်လာရာ နိုင်ငံရေး အကျဉ်းသား ၁၀ ဦးပါဝင်ပြီး၊ အများစုမှာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ (၁၇/၁)ဖြင့် အကျဉ်းကျခံနေရသူတွေလို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း အကျဉ်းသား ၄၅၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်ပြန်ပြီး အကျဉ်းထောင်တွေက လွှတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013