DVB Logo
Home
မြန်မာသတင်း
ကင်းကျေးရွာက ကိုယ်ထူကိုယ်ထ ချင်းတွင်းမြစ် မြေထိန်းနံရံ ပြီးစီးရန် ငွေကြေးလိုအပ်နေ
DVB
·
June 13, 2019
ကင်းကျေးရွာက ကိုယ်ထူကိုယ်ထ ချင်းတွင်းမြစ် မြေထိန်းနံရံ ပြီးစီးရန် ငွေကြေးလိုအပ်နေ
1 / 6
Donate to DVB

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ ကင်းကျေးရွာမှာ နှစ်စဉ်ရေတိုက်စားပြီး မြေပြိုတဲ့အတွက် မြစ်ကမ်းဘေးက နေအိမ်တွေ၊ စေတီတွေကမ်းပါးပြိုကျဖို့ နီးစပ်နေတာကြောင့် ရွာသားတွေစုပေါင်းကာ ရပ်ဝေးရပ်နီးက စေတနာရှင် အလှူရှင်တွေနဲ့ ကမ်းထိန်း ကျောက်စီ နံရံတခုကို တည်ဆောက်နေပါတယ်။

ဧပြီလကတည်းက မြေထိန်းနံရံတည်ဆောက်ရေးကို ကော်မတီဖွဲ့ကာ ဆောင်ရွက်နေတာ ဖြစ်ပြီး ကမ်းပါးမြင့်တဲ့အတွက် အဆင့် ၃ ဆင့်နဲ့ တည်ဆောက်နေရတာပါ။

လက်ရှိမှာတော့ ၆၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပေမယ့် ကျန်နေသေးတာကို အပြီးသတ်နိုင်ဖို့ ငွေကြေးအခက်အခဲအပြင် ဒေသခံတွေကလည်း တောင်သူလုပ်ငန်းခွင်ဝင်ချိန်ဖြစ်နေတာကြောင့် လုပ်အားမှာလည်း အခက်အခဲဖြစ်နေတယ်လို့ ဦးဆောင်သူ တဦးဖြစ်တဲ့ ဦးဇော်ဝင်းအောင်က ပြောပါတယ်။

“ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက ပေ ၂၅၀ အရှည်ရှိတဲ့ ရေကာတာတခုလုပ်ပေးခဲ့တယ်။ တခါ ၂၀၁၅-၁၆ ခုနှစ်မှာလည်း ပေ ၂၅၀ အရှည် ၂ ခုလုပ်ပေးခဲ့သေးတယ်။ သူတို့လုပ်တာရဲ့ အထက်ဖက်က သဲကမ်းပါးဖြစ်နေလို့ ရေတိုက်စားလို့ ၂၀၁၇ မှာလည်း ကိုယ်ထူကိုယ်ထ ပေ ၇၀ လောက်ရှိတဲ့ ရေကာတာ တခုလုပ်ခဲ့သေးတယ်။ အခုက ဒါနဲ့မရတော့ဘူး။ နောက်ထပ် ရေတိုက်စားမယ့်အန္တရာယ်ရှိနေတယ်။ အိမ်ခြေ ၁၅၀ လောက်၊ စေတီ ၂ဆူ ပြိုကျနိုင်တာနဲ့ ရွာက စိတ်ပါဝင်စားသူတွေ စုပေါင်းပြီး အကောင်အထည်ဖော်ခဲ့ကြတာ။”

မြေထိန်းနံရံတည်ဆောက်ဖို့ လက်ရှိအချိန်အထိ  ငွေကျပ်သိန်း ၇၅ သိန်းလောက် ကုန်ပြီး နောက်ထပ် သိန်း ၆၀ လောက်ကုန်ဦးမယ်လို့ မှန်းထားတဲ့အကြောင်းနဲ့ ရေမကြီးခင်ပြီးနိုင်ဖို့ လွှတ်တော်နဲ့ မြို့နယ်တာဝန်ရှိသူတွေကို တင်ပြထားတပေမယ့် လက်ရှိအချိန်ထိတော့ ဌာနဆိုင်ရာတွေရဲ့ အကူအညီမရရှိသေးဘူးလို့ဆိုပါတယ်။

ကနီ မြို့နယ်မှာ ကမ်းထိန်းနံရံတွေတည်ဆောက်ဖို့ ရွာတော်တော်များများမှာ လိုအပ်နေတာဖြစ်ပြီး ချင်းတွင်းမြစ်ရိုးတလျှောက်က ကျေးရွာတွေအပြင် ချောင်းတွေဘေးက ရွာအချို့မှာလည်း မြေထိန်း နံရံတည်ဆောက်ပေးဖို့ လိုနေတာ ဖြစ်ပါတယ်။

မြေထိန်းနံရံတည်ဆောက်ရေးအတွက် လွှတ်တော်မှာလည်း မေးခွန်းမေးမြန်းခဲ့ပြီး လက်ရှိ မှာလည်း ဘိလပ်မြေအကူအညီရရှိအောင် ကူညီပေးသွားမယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

“ကင်းကျေးရွာက ရွာကြီးလို့ ကိုယ်ထူကိုယ်ထလုပ်နိုင်တာ။ မဲဒင်၊ အိုင်တောင်၊ နတ်လာပို့၊ ကူးဆိပ်၊ ပွင့်ကား၊ ယင်းသွင်၊ ယင်းယိမ် ဒီရွာတွေလည်း မြေထိန်းနံရံတည်ဆောက်ဖို့ လိုအပ်နေတယ်။ ကင်းရွာအတွက်ကတော့ ပြီးခဲ့တဲ့ ၁၆ ကြိမ်မြောက်လွှတ်တော်တုန်းက မေးခွန်းမေးခဲ့သေးတယ်။ ဝန်ကြီးက ဘက်ဂျက်ရရှိမှုအပေါ်မူတည်ပြီး လုပ်ပေးသွားမယ်လို့ ဖြေကြားခဲ့တာပေါ့။ ရေမြစ်ဖြိုးအတွက် ငွေသုံးစွဲမှုကလည်း နည်းသေးတယ်။ ဒီနှစ်ဆို ကနီက ၃ ခုပါတယ်။ ဒါက အရင်နှစ်ကနဲ့စာရင် များတာ။ အခုလည်း ပြည်ထောင်စုက ထောက်ပံ့တဲ့ ဘိလပ်မြေအိတ်လည်း ခွဲပေးဖို့ရှိတယ်။ တိုင်းကိုလည်း တောင်းဖို့ရှိပါတယ်။”

ကမ်းထိန်းနံရံတည်ဆောက်ဖို့အတွက် တတိုင်းလုံးမှာ လုပ်ငန်း ၄၅ ခု ကျပ်ငွေ ၉ ဘီလီယံခန့် သုံးစွဲပြီးတော့ ဖေဖော်ဝါရီလဆန်းကစလို့  ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရေမြစ်ဖြိုး) ကနေ ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။

ချင်းတွင်းမြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ထိန်းသိမ်းရေး လုပ်ငန်းတွေအတွက် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ငွေကျပ်သန်းပေါင်း ၆၃၀ အကုန်အကျခံကာ သုံးစွဲသွားမယ်လို့ တိုင်း ရေမြစ်ဖြိုးဌာန သတင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013