
တပ်မတော်ကဖမ်းဆီးပြီး မတရားသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲထားတဲ့ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာသား ၂ ဦးကို ဘူးသီးတောင်မြို့နယ်တရားရုံးက အပြီးသတ် ပြန်လွှတ်ပေးလိုက်ပါတယ်။
ဖမ်းဆီးခံရတဲ့ သရက်ပြင်ရွာသား မောင်ကျော်ဝင်းနဲ့ ကိုဌေးအောင်တို့ ၂ ဦးကို ဇွန်လ ၁၁ ရက်နေ့က ဘူးသီးတောင်မြို့နယ်တရားရုံးက အပြီးသတ်လွှတ်ပေးလိုက်တာလို့ သူတို့ရဲ့ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဒေါ်ဦးသန်းခိုင်က အတည်ပြု ပြောပါတယ်။
"ကိုဌေးအောင်နဲ့ မောင်ကျော်ဝင်းတို့ ၂ ဦး ကတော့ ၁၇(၁) နဲ့ စွဲချက်တင်ပြီး ဖြေရှင်းခိုင်းတယ်။ တရားခံဘက်က ဖြေရှင်းချက်က တရားလိုဘက်က စွပ်စွဲချက်ကို ဖြေရှင်းနိုင်တဲ့အတွက် အပြီးသတ်လွတ်တာ ဖြစ်တယ်" လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဦးသန်းခိုင် က ပြောပါတယ်။
ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာသား ကိုဌေးအောင်ကို ၂၀၁၈ ခု ဒီဇင်ဘာ ၃၁ ရက်မှာ တပ်မတော်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မောင်ကျော်ဝင်းကတော့ ၂၀၁၉ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်မှာ မသင်္ကာမှုနဲ့ သရက်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အတူ တပ်မတော်က ဖမ်းဆီးခဲ့တာပါ။
သရက်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်နဲ့ အလယ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းစိန်တို့ကိုတော့ မေလ ၂၈ ရက်နေ့က စွဲချက်မတင်နိုင်ဘဲ ပြန်လွှတ်ပေးခဲ့ပါတယ်။
ကျော်လင်းဦး











