
အခုနှစ်အတွင်း မြန်မာနိုင်ငံကို နိုင်ငံခြားသား ကမ္ဘာလည့်ခရီးသည် ဝင်ရောက်တာဟာ မနှစ်ကထက် ၂ ဆလောက် ပိုများလာတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အချက်အလက်တွေ အရ သိရပါတယ်။
၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ အခု မေလအထိ နိုင်ငံခြားသားပေါင်း ၈၁၃၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး မနှစ်က ကာလတူမှာတော့ ၅၇၃၀၀၀ ကျော်ပဲ ဝင်ရောက်ခဲ့တာပါ။ ဒီထဲမှာ လုပ်ငန်းအတွက် ဝင်ရောက်လာသူအရေအတွက်က ၄၀၀၀ လောက်ပဲ ပိုများလာခဲ့ပြီး ကမ္ဘာလှည့်ခရီးသည် အရေအတွက်က သိသိသာသာကို များလာတာပါ။
ဒီမေလထဲမှာတော့ ရန်ကုန်လေဆိပ်နဲ့ ဆိပ်ကမ်းကနေဝင်ရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသွား ၄၀၀၀၀ ကျော်ရှိပြီး မနှစ်က မေလမှာတော့ ၂၄၀၀၀ ကျော်ပဲ ရှိပါတယ်။ ဒီ မေလထဲမှာ ရန်ကုန် လေဆိပ်၊ ဆိပ်ကမ်း၊ မန္တလေး၊ နေပြည်တော်၊ မြိတ် လေဆိပ်၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း ထီးခီး၊ တမူးနဲ့ ရိဒ်ခေါဒါရ်ကနေ ဝင်ရောက်ခဲ့သူပေါင်း ၉၀၀၀၀ လောက်ရှိပါတယ်။
ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ အပျော်စီးသင်္ဘောနဲ့ လာရောက်သူလျော့ကျသွားခဲ့ ပြီး လေကြောင်းနဲ့ နယ်စပ်ပေါက်ကနေ အတွင်းပိုင်းအထိ ဝင်ရောက်ခဲ့သူကတော့ သိသိသာသာ တိုးလာခဲ့ပါတယ်။
နေရာဒေသအလိုက် ဝင်ရောက်နှုန်းမှာတော့ မြောက်အမေရိကတိုက်က အမေရိကန်တွေ လာရောက်နှုန်းတိုးလာခဲ့ပြီး တခြားအမေရိကနဲ့ ကနေဒါတို့ကတော့ လာရောက်သူတွေ လျော့ကျခဲ့ပါတယ်။ ဥရောပတိုက်က လာရောက်နှုန်းမှာလည်း အများစုလျော့ကျခဲ့ပါတယ်။
အာရှတိုက်ထဲကတော့ တရုတ်နဲ့ ကိုရီးယားက သိသိသာသာကို တိုးလာခဲ့ပြီး ထိုင်း၊ အိန္ဒိယနဲ့ ဗီယက်နမ်၊ စင်ကာပူတို့ လျော့ကျသွားပါတယ်။











