DVB Logo
Home
မြန်မာသတင်း
မောင်တောရှိ ARG အဖွဲ့ပိုင်​ပစ္စည်းများသိမ်းဆည်းခံရပြီး စိုက်ပျိုးရေးခြံ ချိတ်​ပိတ်​ခံရ
DVB
·
June 12, 2019
မောင်တောရှိ ARG အဖွဲ့ပိုင်​ပစ္စည်းများသိမ်းဆည်းခံရပြီး စိုက်ပျိုးရေးခြံ ချိတ်​ပိတ်​ခံရ
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ARG လူမှုစီးပွားတိုးတက်​​ရေးအဖွဲ့ပိုင် စိုက်ပျိုးရေးခြံမှာ မူးယစ်ဆေးတွေ ဖမ်းဆီးရမိတာကြောင့်  ARG အဖွဲ့ဝင်တွေ ဖမ်းဆီးတရားစွဲခံနေရသလို အဖွဲ့ ပိုင်​ပစ္စည်းတွေ သိမ်းဆည်းခံရပြီး စိုက်ပျိုးရေးခြံလည်း ချိတ်​ပိတ်​ခံခဲ့ရပါတယ်။

မောင်​​တောမြို့ ဒူချီးယားတန်းကျေးရွာအုပ်စု ခရေမြိုင်ကျေးရွာအနီး မောင်တော-အငူမော် သွားကားလမ်းဘေး ARG လူမှုစီးပွားတိုးတက်​​ရေးအဖွဲ့ရဲ့ စိုက်ပျိုးရေးခြံရှိ ARG အဖွဲ့ပိုင်​ ပစ္စည်းတွေကို ​ဇွန်​လ ၁၀ ရက်​​မှာ သက်​ဆိုင်​ရာကသိမ်းဆည်းပြီး ခြံကိုချိတ်​ပိတ်​လိုက်​​တာလို့ ခရေမြိုင်ကျေးရွာ အုပ်­ချုပ်ရေးမှူး ဦးထွန်းလှအောင်က ပြောပါတယ်​။

"သစ်​​တော၊ ​မြေစာရင်း၊ မူးယစ်​၊ နယ်​ခြား​စောင့်အဖွဲ့​ပေါင်းစုံ ပါပါတယ်​။ ARGအဖွဲ့ပိုင်​ နွား၊ ၀က်​၊ ဆိတ်​၊ ကြက်​တွေအပြင်​ လယ်​ထွန်​စက်​​တွေလည်းပါပါတယ်​။ ပစ္စည်း​တွေကို မကျည်း​ချောင်းစခန်းကို့ ပို့လိုက်​ပါတယ်။ ခြံကိုလည်း မည်​သူမျှဝင်​ခွင့်မရှိ ချိတ်​ပိတ်​ထားလိုက်​ပါပြီ။ ဒီလိုသိမ်းဆည်းရတာက အ​ပေါ်က အမိန့်​အရလို့​တော့ သက်​ဆိုင်​ရာ​တွေက​ ​ပြောတယ်။"

ဇွန်​လ ၉ ရက်​​က ARG အဖွဲ့ရဲ့ စက်ပစ္စည်းအ​ဟောင်းတွေထားတဲ့ အဆောက်အဦ ဟောင်းထဲက UPG ဆေးပုံးခွံ ၆ လုံးအတွင်း ထည့်ထားတဲ့ wy/R စာတန်ပါ ပန်းရောင် စိတ်ကြွဆေးပြား ၉၇၅၀ ပြားပါ အထုတ်​ (၄၀) နဲ့ ၉၅၅၀ ပြားပါ (၁)ထုတ်​ စုစုပေါင်း ၄၁ ထုတ်​အတွင်းမှ စုစု​ပေါင်း​ဆေးပြား ၃၉၉၅၅၀ ပြား ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၇၉၉၁ သိန်းတန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တာဖြစ်​ပါတယ်​။

ARG အဖွဲ့ရဲ့ ခြံတာဝန်​ခံ ကို​မောင်​ဟန်​စိုးရဲ့ ဇနီး မခင်​​အေးက​တော့ "ကျ​မတို့ ဘာမှ မသိပါဘူး။ ARG အဖွဲ့မှာ ကျ​မတို့ အလုပ်​လုပ်​လာတာ နှစ်​ ၅ နှစ်​​လောက်​ရှိပါပြီ။ မူးယစ်​​ဆေးနဲ့ ဘာမှ ပတ်​သက်မှု မရှိခဲ့ပါဘူး။ အခုပစ္စည်း​တွေတာကလည်း ARG စခန်းထဲက မဟုတ်​ပါဘူး။ လမ်းတဘက်​မှာရှိတဲ့ လူလည်းမ​နေတဲ့ အ​ဆောင်​ပျက်​တခုထဲက ရတာဖြစ်​ပါတယ်​။ ARG အဖွဲ့ကို တမင်သက်​သက်​ လုပ်​ကြံတာမျိုးဖြစ်​​နေပါတယ်​။ မ​နေ့က​တော့ သူတို့ ​ရောက်​လာပြီး ခင်​ဗျားတို့ ပိုင်​ဆိုင်​တဲ့ ပစ္စည်း​တွေတို့ တနာရီအတွင်းယူခိုင်းတယ်​။ ARG ပိုင်​ နွားအ​ကောင်​ ၁၀၀၊ ၀က်​ ၃ ကောင်​၊ ဆိတ်​ ၁၃ ​ကောင်၊ ​ကြက်​ ၅၀ ​ကောင်​ ​နောက်​ပြီး စပါး​တောင်း ၁၀၀၀ ကျော်​ နဲ့ လယ်​ထွန်​စက်​ ၃ စီ အပြင်​ ဒီတီ ဆိုင်ကယ် ၁ စီး ပါ သိမ်းဆည်းသွားပါတယ်​။ ခြံကိုလည်း မည်​သူမှ မ၀င်​ရဆိုပြီး ချိတ်​ပိတ်သွားပါတယ်​။ ​နောက်​ ဖမ်းမရတဲ့ ကြက်​၊ ၀က်​၊ ဆိတ်​ များစွာ ကျန်​​နေပါ​သေးတယ်​"လို့​ပြောပါတယ်​။

ဖမ်းဆီးခံထားရတဲ့ARG အဖွဲ့ရဲ့ ခြံတာဝန်​ခံ ဟန်စိုး၊ တံတားလုပ်​သားကြီးကြပ်​​ ချစ်နေဝင်း၊ ဝင်းထွန်း၊ ဦးသာပွင့်၊ ဖိုးသန်း ၅၀ နှစ်၊  တံတားကြီးကြပ် ညီ​လေး(ခ)ညွှန့်​လွင်​တို့ကို ​မောင်​​တောမြို့နယ်​ တရားရုံးမှာ ဇွန်​လ ၁၀ ရက်​​က ရမာန်​ယူပြီး မကျည်း​ချောင်း စခန်းမှာ စစ်​​ဆေးနေသလို  ARG အဖွဲ့ရဲ့နာယက ဦးဘ​အေးကိုလည်း ​မြောက်​ဦးရဲစခန်းမှာ ​ဖမ်းဆီး စစ်​​ဆေးနေ​ပါတယ်​။

ARG လူမှုစီးပွားတိုးတက်​​ရေးအဖွဲ့ဟာ ​​တရားဝင်​မှတ်​ပုံတင်​ထားတဲ့အဖွဲ့အစည်း တခုဖြစ်​ပြီး ရခိုင်​ပြည်​နယ်​အတွင်းရှိ လယ်​သမားတွေကို စိုက်​ပျိုး​ရေးနည်းပညာအပြင်​ စိုက်​ပျိုး၊ ထွက်​ယက်​၊ ရိတ်​သိမ်းတာတွေမှာ​ စက်​ပစ္စည်းတွေနဲ့ ကူညီ​ဆောင်​ရွက်​​ပေး​နေ​တဲ့ အဖွဲ့ ဖြစ်​ပါတယ်​။

သတင်း - ကျော်​လင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013