DVB Logo
Home
မြန်မာသတင်း
ရခိုင်အမျိုးသားပါတီက အမျိုးသားလွှတ်တော်အမတ် ၂ ဦး နုတ်ထွက်
DVB
·
June 12, 2019
ရခိုင်အမျိုးသားပါတီက အမျိုးသားလွှတ်တော်အမတ် ၂ ဦး နုတ်ထွက်
Donate to DVB

ရခိုင်အမျိုးသားပါတီ (အေအန်ပီ)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဟာ ပါတီနဲ့ သဘောထား မတိုက်ဆိုင်တော့လို့ဆိုပြီး ပါတီကနေ နုတ်ထွက်စာတင်ထားတယ်လို့ ကာယကံရှင်တွေက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်နဲ့ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်တို့က  ဇွန်လ ၆ ရက်နေ့စွဲနဲ့ ပါတီဥက္ကဋ္ဌထံ နုတ်ထွက်စာပေးပို့ထားတာပါ။

သူတို့နှစ်ဦးရဲ့ နှုတ်ထွက်စာတွေထဲမှာ ပါတီနဲ့ သဘောထား မတိုက်ဆိုင်တော့တာ၊ ပါတီနဲ့ကင်းကွာနေတာ၊ ပါတီရဲ့ အရေးကြီးဆုံးဖြစ်တဲ့ ညီလာခံကို မတက်ရောက်နိုင်ကြတာ စတဲ့အချက်တွေကြောင့် အခုလို နှုတ်ထွက်စာတင်ရတာဖြစ်ကြောင်း ရေးသားထားကြပါတယ်။

နုတ်ထွက်စာတင်ထားတဲ့ လွှတ်တော်အမတ် ဦးခင်မောင်လတ်က “ဦးလေးရော၊ ဦးကျော်ကျော်ရော ပါတီ CEC လေ။ ပါတီနဲ့ ဦးလေးတို့ကင်းကွာနေတာ၊ အဲဒီလို နှစ်ဦးနှစ်ဖက် အခြေနေရှိနေတာဟာ ၁ နှစ်၊ ၂ နှစ်ကြာနေပြီ။ သို့သော် ဦးလေးတို့ကတော့ ထည့်ဝင်ရမယ့် ပိုက်ဆံ တသိန်းခွဲပုံမှန်ထည့်တယ်။ အဲဒီကာလတွင်းမှာ အခြားရံပုံငွေတွေကောက်ရင်လည်း ထည့်တယ်။ အခုကတော့ ဦးလေးတို့က ရိုးရိုးပါတီဝင် ဖြစ်သွားပြီလေ။ CEC လည်း မဟုတ်တော့ဘူး။ ကြားကာလမှာလည်း ပါတီအငယ်ပိုင်းကရော အကြီးပိုင်းကရော ဦးလေး တို့ကို တိုက်ခိုက်တာတွေရှိတယ်။ နုတ်ထွက်တဲ့နေ့ထိ အဲဒီလိုရှိတယ်။ ဦးလေးတို့ကို မကြိုက်၊ မလိုလားတဲ့သဘောတွေ့တယ်။ ဒါကြောင့် ဦးလေးနုတ်ထွက်လိုက်တာ”လို့ ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ (အေအန်ပီ) ပါတီအတွင်းမှာ သဘောထား မတိုက်ဆိုင်တာတွေ ကြောင့် နုတ်ထွက်တာတွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။

အခုလိုနုတ်ထွက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးထိုင်ပြီးဆုံးဖြတ်သွားမယ်လို့ ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင် ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောပါတယ်။

“နှစ်ယောက်နုတ်ထွက်စာ တင်တယ်။ မနေ့က ပါတီဗဟိုကို စာရောက်လာပါတယ်။ မိမိသဘောနဲ့ လွတ်လပ်စွာ နုတ်ထွက် ပိုင်ခွင့် ရှိတယ်။ ပါတီ ပုဒ်မ ၅၆ အရပေါ့နော်။ ဒါပေမယ့် သာမန်ပါတီဝင်တွေကတော့ ပါတီအလံတော်နဲ့ ပါတီရဲ့တံဆိပ်အောက်က အရွေးခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်၊ အထူးသဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေက သာမန်ပါတီဝင်တွေနဲ့ မတူလေ။ ဒါကြောင့် အဲ့ဒါကို ပါတီဗဟိုအလုပ်မှုဆောင်ကနေပြီးတော့ ဆုံးဖြတ်ပိုင်ခွင့်ပဲ ရှိတယ်။ ဗဟိုအလုပ်မှုဆောင်ကော်မတီမှာ အနီးကပ်ဆုံး အစည်းအဝေး ထိုင်ပြီးတော့ စဉ်းစားဆင်ခြင်ဆုံးဖြတ်ပါလိမ့်မယ်”လို့ပြောပါတယ်။

မကြာသေးခင်က ကျင်းပခဲ့တဲ့ ရခိုင်အမျိုးသားပါတီရဲ့ ဒုတိယကြိမ်ပါတီညီလာခံအပြီးမှာ မူဝါဒရေးရာဦးဆောင်ကော်မတီဟာ မူဝါဒရေးရာ ကိစ္စရပ်တွေနဲ့ ပတ်သတ်လို့ ပါတီတွင်း အာဏာအရှိဆုံး အဖွဲ့အစည်းဖြစ်လာခဲ့ပြီး အားနည်းချက်တွေ ရှိခဲ့တဲ့ မူဝါဒရေးရာကိစ္စရပ်တွေကို လည်း ပြင်ဆင်ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ပါတီခေါင်းဆောင်းတွေက ပြောထားပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013